အမေရိကန် လျှို့ဝှက်ချက်တွေ ပေါက်ကြားစေသူကို ဘယ်လိုစွဲချက်တွေ တင်ထားသလဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
အမေရိကန်နိုင်ငံရဲ့ ကာကွယ်ရေးဆိုင်ရာ လျှို့ဝှက်ချက်တွေကို ပေါက်ကြားစေသူလို့ စွပ်စွဲခံထားရတဲ့ ဂျက် တရှီရာအပေါ် စွဲချက်တင်ထားတဲ့ ရာဇဝတ်မှုက ဘာတွေလဲ ဆိုတာ တိတိကျကျ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။
အခုလို ထွက်ပေါ်လာတဲ့ အချက်အလက်တွေအရ ဂျက် တရှီရာက ဘယ်လို ကာကွယ်ရေး လျှို့ဝှက်ချက်တွေ ကြည့်ရှုခွင့် ရသွားသလဲ ဆိုတဲ့အချက်ရယ်၊ သူ့ရဲ့ အမေရိကန်စစ်တပ်အတွင်း တာဝန်ထမ်းဆောင်မှု နောက်ခံအကြောင်းရယ်နဲ့ သူ့ကို ဧပြီလ ၁၃ ရက်နေ့မှာ ဘယ်လို ဖမ်းဆီးလိုက်နိုင်သလဲ ဆိုတာ ပေါ်လွင်စေမယ့် ဖြစ်စဉ် ဇယားကိုလည်း သိရှိလာရပါတယ်။
အသက် ၂၁ နှစ်အရွယ် မစ္စတာ တရှီရာ ဟာ မက်ဆာချူးဆက်ပြည်နယ် အခြေစိုက် နိုင်ငံတော် ကာကွယ်ရေး လေတပ် အဖွဲ့ဝင် တဦးဖြစ်ပါတယ်။
အခုအချိန်မှာတော့ သူဟာ တရားဝင်ခွင့်ပြုချက်မရပဲ နိုင်ငံတော်အဆင့် ကာကွယ်ရေး လျှို့ဝှက်ချက် လက်ဝယ်တွေ့ရှိမှုနဲ့ ပေါက်ကြားစေမှုနဲ့ နိုင်ငံတော် လျှို့ဝှက်ချက် သို့မဟုတ် ပစ္စည်းတခုခုကို အခွင့်မရဘဲ ဖယ်ရှားသိမ်းဆည်း ထားမှု တွေနဲ့ စွဲချက်တင်ခံထားရပြီ ဖြစ်ပါတယ်။
ဒီအမှုနှစ်ခုအတွက် ပြစ်မှုထင်ရှားရင် စုစုပေါင်း ထောင် ၁၅ နှစ်အထိ အများဆုံး ကျခံရနိုင်တယ်လို့ ဆိုပါတယ်။
မစ္စတာ တရှီရာဟာ သူရယူ သိမ်းဆည်းထားတဲ့ လျှို့ဝှက် စာရွက်စာတမ်းတွေကို အွန်လိုင်း ဂိမ်းကစားသူတွေ အင်တာနက်ပေါ်မှာ အပြန်အလှန် ဆက်သွယ်စကားပြောတဲ့ စာမျက်နှာတွေပေါ်မှာ ဖြန့်ဝေထားတာကို တွေ့ရှိရတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
အခုလို ပျံ့နှံ့ရောက်ရှိသွားတဲ့ အမေရိကန်အစိုးရ လျှို့ဝှက်ချက်တွေထဲမှာ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်တဲ့ အချက်အလက်တွေသာမက ကမ္ဘာတလွှားက အမေရိကန်ရဲ့ မဟာမိတ်နဲ့ ရန်ဖက် နိုင်ငံတွေနဲ့ ပတ်သက်လို့ စုံစမ်းထောက်လှမ်းထားတဲ့ အချက်အလက်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
အခုလို ပေါက်ကြားမှုနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ဘယ်လောက်အထိ ပေါက်ကြားသွားသလဲ ဆိုတဲ့ အတိုင်းအတာ အသေးစိတ်ကို အမေရိကန် အစိုးရအရာရှိတွေက ထုတ်ဖော် မပြောကြားသေးပါဘူး။
ဒါပေမဲ့ ဧပြီလ ၁၄ ရက်နေ့မှာ ထွက်ပေါ်လာတဲ့ တရားရုံးစာရွက်စာတမ်းတွေအရ မစ္စတာ တရှီရာရဲ့ ဘဝနောက်ခံနဲ့ ဘယ်လို ပေါက်ကြားမှု ဖြစ်ခဲ့သလဲဆိုတာကိုတော့ တစေ့တစောင်း သိလာရပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CHRISTINE CORNELL/CBS
ဒီဇင်ဘာမှာ လျှို့ဝှက်ချက်တွေ အင်တာနက်ပေါ် စရောက်လာခဲ့
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မစ္စတာ တရှီရာကို တင်တဲ့ စွဲချက်တွေနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေထဲမှာ အမေရိကန် ပြည်ထောင်စုအဆင့် စုံစမ်းစစ်ဆေးရေး FBI အရာရှိတဦးရဲ့ ကျမ်းကျိန်လွှာတခုလည်း အပါအဝင် ဖြစ်ပါတယ်။
အခုလို ကျမ်းကျိန် ထွက်ဆိုချက်ကို ရေးသားခဲ့သူ FBI အထူးအရာရှိ ပက်ထရစ် လက်ကန်ဟော့ဖ်ဟာ တန်ပြန်ထောက်လှမ်းရေးနဲ့ သူသျှိုရေးရာ အထူးပြု အရာရှိတဦးလည်း ဖြစ်ပါတယ်။
သူ့ရဲ့ ထွက်ဆိုချက်အရ ငွေကြေးပေးချေမှု မှတ်တမ်းနဲ့ နောက်ကြောင်းလိုက်မှုအရ မစ္စတာ တရှီရာလို့ အတည်ပြုနိုင်တဲ့ username အသုံးပြုသူတဦးဟာ အမေရိကန်နိုင်ငံတော် လျှို့ဝှက်ချက်လို့ ယူဆရတဲ့ အချက်အလက်တွေကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ အွန်လိုင်းပေါ် တင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ အချက်အလက်တွေကို ပထဝီနိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ Discord chat server မှာ တွေ့ရှိခဲ့တာ ဖြစ်ပြီး ဇန်နဝါရီလမှာ တွေ့ရှိချက်အရ ဒီမှတ်တမ်းတွေကို ရိုက်ထားတဲ့ ဓာတ်ပုံတွေထဲမှာ အမေရိကန်အစိုးရရဲ့ တရားဝင်စာရွက် စာတမ်းတွေပေါ်မှာ နိုင်ငံတော် လျှို့ဝှက်ချက်လို့ အမှတ်အသား ရိုက်နှိပ်ထားတာကိုလည်း တွေ့ရှိရကြောင်း မစ္စတာ လက်ကန်ဟော့ဖ်ရဲ့ ကျမ်းကျိန်လွှာမှာ ဖော်ပြထားပါတယ်။
အမည်မဖော်ပြထားတဲ့ user1 ဆိုတဲ့ လူမှုကွန်ရက် စာမျက်နှာ အသုံးပြုသူတဦးက FBI ကို ပြောကြားချက်အရ ဆိုရင်လည်း ကနဦး အင်တာနက်ပေါ် ရောက်လာတဲ့ ဒီလျှို့ဝှက် စာရွက်စာတမ်းတွေထဲက တခုဟာ ရုရှားနဲ့ ယူကရိန်း ပဋိပက္ခ လက်ရှိအနေအထားတခုကို ဖော်ပြထားပြီး ရက်အတိအကျ တခုခုအတွင်း စစ်ကြောင်းလှုပ်ရှားမှု အချက်အလက်တွေပါ ပါဝင်နေတယ်လို့ ဆိုပါတယ်။
အခုလို အင်တာနက်ပေါ် ရောက်လာတဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေဟာ လူသိခံလို့ မဖြစ်တဲ့ အမေရိကန် ထောက်လှမ်းရေးက စုံစမ်းထားတဲ့ အချက်အလက်တွေ ဖြစ်နေတဲ့အပြင် လျှို့ဝှက် သတင်းအရင်းအမြစ်ကနေ လျှို့ဝှက်နည်းလမ်းနဲ့ ထောက်လှမ်းထားတာလို့ မစ္စတာ လက်ကန်ဟော့ဖ်ရဲ့ ကျမ်းကျိန်လွှာက ကောက်ချက်ချထားပါတယ်။
ဒါ့အပြင် အထူး လျှို့ဝှက်ချက်လို့ ရေးသားထားတဲ့ အမှတ်အသားတွေကြောင့် အမေရိကန် နိုင်ငံတော် လုံခြုံရေးကို ခြွင်းချက်မရှိ ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
user1 က FBI ကို ပြောကြားချက်အရဆိုရင်လည်း မစ္စတာ တရှီရာက သူ လျှို့ဝှက်စာရွက်စာတမ်းတွေကို အလုပ်မှာ ကူးယူရာမှာ မိသွားမှာ စိုးတဲ့အတွက် အိမ်ကို ယူသွားပြီး ဓာတ်ပုံရိုက်ယူထားခဲ့တာကိုလည်း သိရတယ်လို့ ဆိုပါတယ်။
အဲဒီ ဓာတ်ပုံတွေကို ဘီဘီစီက စစ်ဆေးချက်အရ ဆိုရင်လည်း ဒီလျှို့ဝှက်စာရွက်တွေကို လူနေအိမ်တခုအတွင်းမှာ ဓာတ်ပုံရိုက်ယူထားကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
အကြောင်းကတော့ ဒီဓာတ်ပုံတချို့မှာ မီးဖိုချောင် ကြွေခုံနဲ့ ကျောက်ပြားခင်းထားတာတွေကို နောက်ခံမှာတွေ့ရပြီး တကိုယ်ရေသုံး ပစ္စည်းတွေ တင်ထားတဲ့ စားပွဲခုံတွေကိုလည်း တွေ့ရလို့ ဖြစ်ပါတယ်။

အထူးလျှို့ဝှက်ချက်တွေ ကြည့်ခွင့်ရှိလား
တရားရုံး စာရွက်စာတမ်းတွေအရ မစ္စတာ တရှီရာဟာ ၂၀၁၉ စက်တင်ဘာလမှာ နိုင်ငံတော် လေကြောင်းကာကွယ်ရေး တပ်ကို ဝင်ခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။
သူ့ရဲ့ လက်ရှိ တပ်တွင်း လျှို့ဝှက်စာရွက် ကြည့်မှုဆိုင်ရာ အဆင့်အတန်းက E-3/airman first class ဖြစ်ပြီး သိပ်ပြီး မြင့်လှတဲ့ အဆင့် မဟုတ်တာကို တွေ့ရပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ သူ့ရဲ့ ရာထူးက ဆိုင်ဘာ ကာကွယ်ရေး စီမံချက် အဖွဲ့ဝင် ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ်မှာတော့ သူဟာ အထူးလျှို့ဝှက်စာရွက်စာတမ်းတွေ ကြည့်ရှုခွင့်ကို ရရှိခဲ့သလို တခြား လျှို့ဝှက် အစိုးရစီမံချက် ဆိုင်ရာ လူသိမခံနိုင်တဲ့ အချက်အလက်တွေကိုလည်း ကြည့်ရှုခွင့် ရလာခဲ့ပါတယ်။
အခုလောက်အထိ ကြည့်ရှုခွင့် ရဖို့ဆိုရင် ဥပဒေအရ အကျုံးဝင်တဲ့ တသက်တာလုံး ထုတ်ဖော်ပြောဆိုခြင်း မပြုရဘူးလို့ တားမြစ်ထားပြီး ဖောက်ဖျက်ရင် ရာဇဝတ်ဒဏ်သင့်မယ်ဆိုတဲ့ သဘောတူညီချက်ကို မစ္စတာ တရှီရာက လက်မှတ်ထိုးထားရနိုင်ပါတယ်။
နိုင်ငံတော် လျှို့ဝှက်ချက်ဆိုင်ရာ အမှုတွေမှာ လုပ်ကိုင်လေ့ရှိသူ ရှေ့နေ မစ္စတာ မာ့ခ် ဇာအိ ကတော့ အခုလို မစ္စတာ တရှီရာလောက် ငယ်ရွယ်သူတဦးက အရေးကြီးစာရွက် စာတမ်းတွေ ကြည့်ခွင့်ရတာက ဖြစ်ခဲတဲ့ ဖြစ်စဉ်တခုတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။
အကြောင်းကတော့ လေကြောင်းဆိုင်ရာ ဆိုင်ဘာတာဝန်ယူထားသူ တဦးအနေနဲ့ အမေရိကန်လေတပ်ရဲ့ နိုင်ငံတကာ ချိတ်ဆက် ဆက်သွယ်မှုဆိုင်ရာ ကွန်ရက်မှာ အလုပ်လုပ်ရတဲ့အတွက် JWICS (Joint Worldwide Intelligence Communication System) ကို အသုံးပြုခွင့်ရလို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီ စနစ်ဟာ အမေရိကန် ထောက်လှမ်းရေး အချက်အလက်ဆိုင်ရာ စာကြည့်တိုက်လို့တောင် ဆိုနိုင်ပြီး နိုင်ငံတော် ကာကွယ်ရေး National Guard က တပ်ဖွဲ့ဝင်တွေက ကြည့်ရှုခွင့် ရလေ့ရှိတယ်လို့လည်း မစ္စတာ ဇာအိက ဆိုပါတယ်။
ပေါက်ကြားမှုအကြောင်း အစိုးရကွန်ပျူတာသုံးပြီး ရှာမိသူ မစ္စတာ တရှီရာ
မစ္စတာ တရှီရာကို တင်တဲ့ စွဲချက်တွေထဲမှာ သူဟာ အစိုးရက ပေါက်ကြားမှု စစ်ဆေးနေကြောင်း သတင်းတွေ ထွက်လာတဲ့ ဧပြီ ၆ ရက်နေ့မှာတင် သူ့ အစိုးရကွန်ပျူတာကနေ ပေါက်ကြားမှု ဆိုတဲ့ စကားလုံးကို ဂူဂဲမှာ ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။
မစ္စတာ တရှီရာကို စွဲချက်တင်ထားတဲ့ ရာဇဝတ်မှု စွပ်စွဲချက်တွေအရ သူဟာ သူလျှို လုပ်ပေးမှု နဲ့ စွဲချက်တင် အပြစ်ပေးခံရနိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။
အကြောင်းကတော့ အမေရိကန်ကို ထိခိုက်အောင် တခြားနိုင်ငံတခုခုက အသုံးချနိုင်တဲ့ အချက်အလက်တွေက သူပေါက်ကြားစေတဲ့ စာရွက်စာတမ်းတွေထဲမှာ ပါဝင်နေလို့ ဖြစ်ပါတယ်။
မစ္စတာ တရှီရာကို ပထမဆုံး စွဲချက်မှုအရ ဆိုရင် အမေရိကန် အစိုးရ ထိခိုက်စေနိုင်တဲ့ အစိုးရ စာရွက်စာတမ်းတွေကို ကူးယူသူ၊ လက်ဝယ်ထားသူ သို့မဟုတ် ကူယူးဖို့ ကြိုးစားသူ မှန်သမျှ ထောင်ဒဏ် ၁၀ နှစ်နဲ့ ငွေဒဏ် ချခံရမယ်ဆိုတဲ့ ပုဒ်မကြီးအောက်မှာ အကျုံးဝင်နေတာကို တွေ့ရပါတယ်။








