အမေရိကန် လျှို့ဝှက်စာရွက်စာတမ်း ပေါက်ကြားမှုအတွက် လေတပ်ဖွဲ့ဝင်တစ်ဦးကို ရုံးတင် စစ်ဆေး

Jack Teixeira in a photo posted on social media

ဓာတ်ပုံ ရင်းမြစ်, Facebook

ဓာတ်ပုံ ပုံစာ, လူမှုကွန်ရက်ပေါ်မှာ တင်ထားတဲ့ ဂျက် တရှီးရားရဲ့ ဓာတ်ပုံ
ရေးသားခဲ့သည်။

အမေရိကန် အမျိုးသား လုံခြုံရေးနဲ့ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်တဲ့ ထိပ်တန်း လျှို့ဝှက် စာရွက်စာတမ်းတွေ ပေါက်ကြားမှုနဲ့ ပတ်သက်ပြီး အမေရိကန် အသက် ၂၁ နှစ်အရွယ် လေတပ်ဖွဲ့ ဝင်တဦးကို သောကြာနေ့မှာ ရုံးတင်စစ်ဆေးလိုက်ပါတယ်။

ဂျက် တရှီရာ ကို ကြာသပတေးနေ့က သူ့မိသားစု နေအိမ်ရှိရာ မက်ဆာချူးဆက် ပြည်နယ်က ဒိုက်တန် မြို့မှာ ပြည်ထောင်စု ထောက်လှမ်းရေး FBI က ဖမ်းဆီးခဲ့ပါတယ်။

ဘောင်းဘီတိုနဲ့ တီရှပ်ပဲ ဝတ်ဆင်ထားတဲ့ မစ္စတာ တရှီရာ ကို လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားတဲ့ လုံခြုံရေး တပ်ဖွဲ့တွေက ဖမ်းဆီးသွားကြတာ ဖြစ်ပါတယ်။ သူဟာ အဲဒီ လျှို့ဝှက် စာရွက်စာတမ်းတွေ စတင်ပေါက်ကြားခဲ့တဲ့ အွန်လိုင်းပေါ်က ဆက်သွယ်စကားပြောကြတဲ့ online chat အဖွဲ့တခုရဲ့ ခေါင်းဆောင်အဖြစ် ယူဆကြပါတယ်။

သူ့ကို လျှို့ဝှက် စာရွက်စာတမ်း အချက်အလက်တွေကို ခွင့်ပြုချက်မရှိဘဲ ထုတ်ယူ ဖြန့်ဝေမှုနဲ့ စွဲဆိုထားပြီး သောကြာနေ့ နှောင်းပိုင်းမှာ မက်ဆာချူးဆက် ပြည်နယ် ဘော်စတွန်မြို့က တရားရုံးမှာ စစ်ဆေးမှာ ဖြစ်ပါတယ်။

အဲဒီ ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေထဲမှာ ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ ရှုမြင်သုံးသပ်ပုံတွေ၊ အမေရိကန်ရဲ့ မဟာမိတ် တွေနဲ့ ပတ်သက်တဲ့ အရေးကြီး လျှိုု့ဝှက်ချက်တွေလည်း ပါဝင်ပါတယ်။ အဲဒါကြောင့် ဝါရှင်တန်အတွက် အရှက်ရဖွယ်ဖြစ်ခဲ့ရသလို လျှို့ဝှက် စာရွက်စာတမ်း အချက်အလက်တွေရဲ့ လုံခြုံမှုနဲ့ ပတ်သက်လို့လည်း မေးခွန်းတွေသစ် ထွက်လာခဲ့ပါတယ်။

မစ္စတာ တရှီးရာဟာ Cape Cod အနောက်ပိုင်းက Otis Air National Guard Base မှာ အခြေစိုက် မက်ဆာချူးဆက် အမျိုးသား အရံတပ်ဖွဲ့ရဲ့ ထောက်လှမ်းရေး ဌာနမှာ အိုင်တီ နည်းပညာကျွမ်းကျင်သူ အဖြစ် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ ဒီတပ်ဖွဲ့တွေဟာ အမေရိကန် စစ်တပ်ရဲ့ အမြဲတမ်း တပ်ဖွဲ့ဝင်တွေ မဟုတ်ကြဘဲ အခြေအနေအရ လိုအပ်မှသာ ခေါ်ယူ တာဝန်ထမ်းဆောင်စေတာ ဖြစ်ပါတယ်။

မစ္စတာ တရှီးရာဟာ Cyber Transport Systems journeyman အဖြစ် တာဝန်ယူထားတာ ဖြစ်ပြီး ရာထူးငယ်တမျိုး ဖြစ်တဲ့ Airman 1st Class ရာထူးဖြစ်ပါတယ်။ သူ့ရဲ့ လုံခြုံရေး ကင်းလွတ်ခွင့် အဆင့် ဘယ်လောက် ရှိတယ်ဆိုတာကိုတော့ သဲကွဲစွာ မသိရသေးပါဘူး။ ဒါပေမဲ့ လေတပ်ရဲ့ ဝက်ဘ်ဆိုက်မှာတော့ ဒီလို တာဝန်ထမ်းဆောင်ဖို့ အတွက် နောက်ကြောင်း ရာဇဝင်စစ်ဆေးမှု အောင်ဖို့ လိုတယ်လို့ ဆိုပါတယ်။ ဒါမှာလည်း အရေးကြီးတဲ့ ထိပ်တန်း လျှို့ဝှက် စာရွက်စာတမ်းတွေကို ကြည့်ရှုလို့ ရမှာဖြစ်ပါတယ်။

အခုကိစ္စမှာတော့ ဒီလျှို့ဝှက်စာရွက်စာတမ်းတွေ online chat group အပြင်ဘက်ကို ရောက်လာမှသာ အမေရိကန် စစ်ဌာနချုပ် ပင်တာဂွန် က အရာရှိကြီးတွေ သတိပြုမိလာကြတာ ဖြစ်ပြီး ဘယ်သူ့ လက်ချက်လဲ ဆိုတာကို အသည်းအသန် ရှာဖွေခဲ့ရတာ ဖြစ်ပါတယ်။

အခု သံသယရှိ ခံရသူ မစ္စတာ တရှီးရားဟာလည်း အသက်အရွယ်အရရော နောက်ကွယ်က ရည်ရွယ်ချက်အရပါ ထူးခြားနေပါတယ်။ မစ္စတာ တရှီးရားဟာ အစိုးရကို ဝေဖန်တတ်သူ ဖြစ်ပေမဲ့ လျှို့ဝှက်ချက်ကို ဖောက်ချတတ်တဲ့ သူမျိုးလည်း မဟုတ်သလို တိုင်းတပါးအတွက် သူလျှို လုပ်ပေးနေသူလည်း မဟုတ်ဘူးလို့ မိတ်ဆွေ သူငယ်ချင်းတွေက ပြောကြပါတယ်။

ပင်တဂွန် ကတော့ အခု ကိစ္စမှာ ဒီလျှို့ဝှက်စာရွက်စာတမ်းတွေကို ဘယ်လို ဖြန့်ဝေနိုင်ခဲ့သလဲ ဆိုတာကို ပြန်စစ်ဆေးမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ပြောရေးဆိုခွင့် ရှိသူကတောာ့ အမေရိကန် စစ်တပ်မှာ ငယ်ရွယ်တဲ့ အမှုထမ်းတွေကို အရေးကြီးတဲ့ တာဝန်မျိုးတွေ ထမ်းဆောင်စေတာဟာ လုပ်ရိုးလုပ်စဉ် တခုပါလို့ ပြောပါတယ်။

ဗီဒီယို ပုံစာ, သံသယရှိသူတပ်ဖွဲ့ဝင်ကိုဖမ်းဆီးစဥ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မစ္စတာ တရှီးရာကို ဖမ်းဆီးစဉ်က ဗီဒီယို ပုံရိပ်တွေလည်း ထွက်လာပါတယ်။ လူဦးရေ ၈၀၀၀ ပဲ ရှိတဲ့ ဘော်စတန်မြို့ တောင်ပိုင်းက ဒိုက်တန် မြို့လေးမှာ လက်မြှောက်ထားတဲ့ လူငယ်တယောက်က FBI အရာရှိတွေက လျှောက်လာတာ၊ နောက် သူ့ကို လက်ထိပ်ခတ်ပြီး ယာဉ်တစီးပေါ် ခေါ်သွားကြတာကို တွေ့ကြရပါတယ်။

အမေရိကန် ရှေ့နေချုပ် မဲရစ်ခ် ဂါလန်ကတော့ သံသယ တရားခံကို ပြဿနာ တစုံတရာမရှိဘဲ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ပေါက်ကြားမှုရဲ့ နောက်ကွယ်က ရည်ရွယ်ချက်နဲ့ စုံစမ်းစစ်ဆေးမှုတွေ နဲ့ ပတ်သက်ပြီးတော့ ဘာမှ ထပ်ပြီး ပြောကြားတာမျိုးတော့ မရှိပါဘူး။

အဲဒီနေ့ အစောပိုင်းက လုပ်ခဲ့တဲ့ တခြား သတင်းစာ ရှင်းလင်းပွဲ တခုမှာတော့ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ပက် ရိုက်ဒါက ဒီပေါက်ကြားမှုဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု ဖြစ်တယ်လို့ ပြောပါတယ်။

မစ္စတာ တရှီးရားနဲ့ ကျောင်းနေဖက် ဖြစ်သူ ၂၂ နှစ်အရွယ် အက်ဒီ ဆူဇာကတော့ ဒီပေါက်ကြားမှုအတွက် သံသယ ရှိခံရသူဟာ သူ့ကျောင်းနေဖက် ဖြစ်နေတာကြောင့် အံ့သြမိတဲ့အကြောင်း ရိုက်တာ သတင်းဌာနကို ပြောခဲ့ပါတယ်။

သူက အနေအေးတယ်၊ ပြဿနာလည်း မရှာတတ်ဘူး၊ လူကောင်းပါလို့ မစ္စတာ ဆူဇာ က ပြောပါတယ်။ အခုကိစ္စက ကလေးတယောက် မသိနားမလည်ဘဲ အပြစ်ကျူးလွန်လိုက်သလို ပါပဲလို့ ဆိုပါတယ်။

မစ္စတာ တရှီးရားဟာ အများအားဖြင့် ဆယ်ကျော်သက် အမျိုးသားငယ်တွေ သုံးကြတဲ့ online chat room တခုကို ကိုင်တွယ်ပေးနေသူလည်း ဖြစ်ပါတယ်။ အဲဒီထဲက လူတွေနဲ့ပဲ ဒီလျှို့ဝှက် အချက်အလက်တွေကို မျှဝေနေခဲ့တာ လနဲ့ ချီနေပြီလို့ ဆိုကြပါတယ်။ လွန်ခဲ့တဲ့ လ အနည်းငယ်လောက် ဂိမ်းကစားကြသူတွေ အသုံးများကြတဲ့ Discord လို့ခေါ်တဲ့ လူမှု မီဒီယာ စင်မြင့်ပေါ်မှာ အဲဒီ လျှို့ဝှက် အဆင့် စာရွက်စာတမ်း ၅၀ ကနေ ၁၀၀ ကျော်လောက် တက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဝါရှင်တန် ပို့စ် သတင်းစာက အဲဒီ စာရွက်စာတမ်းတွေ ပထမဆုံး ပေါ်လာခဲ့တဲ့ chatroom ကို အသုံးပြုတဲ့ အဖွဲ့ဝင်တယောက်ကို ဆက်သွယ်မေးမြန်းခဲ့ထားတာကို ဖော်ပြခဲ့ပါတယ်။ အဲဒီ လူဟာ Discord ရဲ့ chatroom မှာ အဖွဲ့ဝင် ၂ ဒါဇင်လောက် ရှိတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်လည်း ဖြစ်ပြီး သူတို့ အဖွဲ့ဝင်တွေဟာ memes တွေ၊ ဟာသတွေနဲ့ တခြား အကြောင်းအရာတွေကို ဖလှယ်လေ့ ရှိကြပြီး၊ အတူ ဝတ်ပြုဆုတောင်းကြတာမျိုး ရုပ်ရှင်တွေအတူ ကြည့်ကြတာမျိုးရှိတယ်လို့ ဆိုပါတယ်။

Chatroom ရဲ့ အဖွဲ့ဝင်တွေထဲမှာ ရုရှားနဲ့ ယူကရိန်းက လူတွေအပါအဝင် ဥရာပ၊ အာရှနဲ့ တောင်အမေရိက နိုင်ငံတွေက လူတွေလည်း ပါဝင်တယ်လို့ ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ပြထားပါတယ်။

အစပိုင်းမှာ သူတို့ chatroom လေးထဲမှာပဲ ဒီစာရွက်စာတမ်းတွေ ရှိနေခဲ့တာ ဖြစ်ပေမဲ့ မတ်လအစောပိုင်းမှာ အဖွဲ့ဝင်တွေက တခြား Discord ဆာဗာ တွေပေါ်မှာပါ တင်ခဲ့ကြပါတယ်။ အဲဒီနောက်မှာ Minecraft ဂိမ်းအဖွဲ့တွေနဲ့ ဖိလစ်ပိုင်က ယူကျုသမားတယောာက်ဆီပါ ရောက်သွားခဲ့ပါတယ်။

အဲဒီ နောက်ပိုင်းမှာတော့ ဒီစာရွက်စာတမ်းတွေကို 4chan လို မက်ဆေ့ချ်ဖလှယ်တဲ့ နေရာတွေ၊ တယ်လီဂရမ်နဲ့ တခြား ရုရှားယိမ်းတဲ့ လိုင်းတွေပေါ်မှာပါ တင်လာကြပါတော့တယ်။ တချို့ နေရာတွေမှာဆို ယူကရိန်းဘက်က အသေအပျောက် စာရင်းကိုတောင် ပိုများအောင် ပြင်ပြီးမှ တင်ကြတာ ဖြစ်ပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဒီပေါက်ကြားမှုရဲ့ အတိုင်းအတာ ပမာဏနဲ့ သက်ရောက်စေမှုတွေနဲ့ ပတ်သက်ပြီး ပင်တာဂွန်က ဆက်လက် လေ့လာ အဖြေထုတ်နေဆဲ ဖြစ်တယ်လို့ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စု လွှတ်တော်ရဲ့ စုံစမ်းထောက်လှမ်းရေး House Intelligence Committee ရဲ့ ဥက္ကဋ္ဌ မိုက်ခ် တန်နာ ကတော့ ဘာကြောင့် ဖြစ်ခဲ့သလဲ၊ ဘာကြောင့် သီတင်းပတ်များစွာ သတိမပြုမိခဲ့ကြသလဲ ဆိုတာနဲ့ နောင်ကို ဒီလို ပေါက်ကြားမှုတွေ ရှိမလာစေဖို့ ဘယ်လို ကြိုတင်ကာကွယ်နိုင်မလဲ ဆိုတာကို သိရဖို့ အဖြေရှာသွားမယ်လို့ ပြောပါတယ်။