အမေရိကန်နဲ့ ဥရောပအထူးတပ်ဖွဲ့တွေ ယူကရိန်းထဲ ရောက်နေတယ်လို့ ပင်တာဂွန်ပေါက်ကြားမှုဖော်ပြ

ဓာတ်ပုံ ရင်းမြစ်, Reuters
အမေရိကန် ပင်တာဂွန် ပေါက်ကြားမှုလို့ ဆိုတဲ့ အွန်လိုင်းကတဆင့် ပေါက်ကြားလာတဲ့ မှတ်တမ်းတွေထဲမှာ ယူကေအထူး တပ်ဖွဲ့ဝင်တွေအပါအဝင် နိုင်ငံခြားက အထူးတပ်ဖွဲ့ဝင်တချို့ ယူကရိန်းနိုင်ငံထဲ ရောက်နေတယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီမှတ်တမ်းက တစ်နှစ်ကျော်ကြာ တိတ်တဆိတ်ထင်ကြေးပေးနေကြတဲ့ ကိစ္စကို အတည်ပြုပေးလိုက်သလိုလည်း ဖြစ်သွားတယ်။
"ထိပ်တန်းလျှို့ဝှက်ချက်"လို့ ရေးထားတဲ့ ပေါက်ကြားလာတဲ့ ဖိုင်တွေထဲမှာ ယူကရိန်းစစ်ပွဲနဲ့ ပတ် သက်တဲ့ အသေးစိတ်အချက်အလက်တွေ ပါဝင်သလို နွေဦးရာသီ တန်ပြန်ထိုးစစ်ဆင်ဖို့ ယူကရိန်းက ကြိုတင်ပြင်ဆင်နေတဲ့ အရေးကြီးတဲ့ အသေးစိတ်အချက်တွေလည်း ပါဝင်ပါတယ်။
အဲ့ဒီလျှို့ဝှက်မှတ်တမ်း ဘယ်က ပေါက်ကြားလာတယ်ဆိုတာ စုံစမ်းစစ်ဆေးနေတယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။
မတ်လ ၂၃ ရက်နေ့ ရက်စွဲတပ်ထားတဲ့ မှတ်တမ်းတွေထဲမှာ ယူကေ အထူးတပ်ဖွဲ့ဝင် (၅၀) ၊တခြားနေတိုးအဖွဲ့ဝင်နိုင်ငံတွေ ဖြစ်တဲ့ လတ်ဗီးယား အထူးတပ်ဖွဲ့ဝင် (၁၇) ဦး၊ ပြင်သစ် အထူးတပ်ဖွဲ့ဝင် (၁၅) ဦး၊ အမေရိကန်အထူးတပ်ဖွဲ့ဝင် (၁၄) ဦး နဲ့ နယ်သာလန်က (၁) ဦး ယူကရိန်းမှာ ရောက်နေတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီ မှတ်တမ်းတွေထဲမှာ ဒီအထူးတပ်ဖွဲ့ဝင်တွေရှိနေတဲ့နေရာ ဒါမှမဟုတ် သူတို့ ဘာတွေ လုပ်နေလဲဆိုတာတွေကိုတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။
အဲ့ဒီအထူးတပ်ဖွဲ့ဝင် အရေအတွက်က နည်းပါးနိုင်ပေမဲ့ အရေအတွက် အနည်းအများ ရှိနိုင်ပါတယ်။ဒါပေမယ့် အထူးတပ်ဖွဲ့ဝင်တွေ့ရဲ့ သဘောသဘာဝအရ သူတို့ရဲ့ လုပ်ဆောင်နိုင်မှုက အလွန်ထိရောက်မှု ရှိပါတယ်။
သူတို့တွေ အဲ့ဒီမှာရှိနေပြီး ရုရှားတပ်ဖွဲ့တွေကို ရင်ဆိုင်နေတာ ယူကရိန်းတပ်ဖွဲ့တွေတင် မဟုတ်ဘဲ နေတိုးတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေ ပါပါနေတယ်ဆိုတာ သက်သေပြသလို ဖြစ်နေပါတယ်။
ယူကေ အထူးတပ်ဖွဲ့ဝင်တွေ ယူကရိန်းမှာ ရောက်နေတာနဲ့ ပတ်သက်ပြီး အခုအချိန်ထိ ယူကေ ကာကွယ်ရေးဝန်ကြီးဌာနက မှတ်ချက်မပေးသေးပေမဲ့ အခုသတင်းအချက်အလက် ပေါက် ကြားမှုဟာ စိုးရိမ်စရာကောင်းတဲ့ မှားယွင်းမှုတစ်ခုဆိုတာ သက်သေပြနေတယ်လို့ အင်္ဂါနေ့က တွစ်တာမှာ ယူကေကာကွယ်ရေးဝန်ကြီးဌာန ပြောထားပါတယ်။
“သတင်းမှားဖြန့်တာတွေ၊ စွပ်စွဲချက်တွေ၊ အမှားတွေဖြစ်လာနိုင်တာတွေကို စာဖတ်သူတွေအနေနဲ့ သတိထားသင့်တယ်”လို့ လည်း ယူကေကာကွယ်ရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။
ဒါပေမဲ့ ဘယ်စာရွက်စာတမ်းတွေကို သူတို့ ရည်ညွှန်းပြောနေတာလဲဆိုတာ အသေးစိတ်ဖော် ပြထားတာ သို့မဟုတ် အကြံပြုထားတော့ မရှိပါဘူး။ ဒါပေမဲ့ ပင်တဂွန်စစ်ဌာနချုပ်က တာဝန်ရှိသူတွေကတော့ အခုပေါက်ကြားလာတဲ့ မှတ်တမ်းတွေက အမှန်အကန်မှတ်တမ်းတွေလို့ အတည်ပြုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပေါက်ကြားလာတဲ့ထဲက မှတ်တမ်းတစ်ခုမှာဆိုရင် ယူကရိန်းစစ်ပွဲမှာ နှစ်ဖက်စလုံးက ထိခိုက်သေ ဆုံးမှု အရေအတွက်တွေကို အသေးစိတ်ဖော်ပြထားတာ တွေ့ရပါတယ်။
ယူကေအထူးတပ်ဖွဲ့တွေကို နယ်ပယ်အသီးသီးမှာ ကျွမ်းကျင်မှုရှိတဲ့ လက်ရွေးစင်တွေနဲ့ ဖွဲ့စည်း ထားတာဖြစ်ပြီး ကမ္ဘာပေါ်မှာ စွမ်းရည်အရှိဆုံးတပ်ဖွဲ့ဝင်တွေအဖြစ်လို့တောင် သတ်မှတ် ထားကြပါတယ်။
သူတို့ အထူးတပ်ဖွဲ့တွေနဲ့ ပတ်သက်ပြီး ယူကေအစိုးရက တစ်စုံတစ်ရာ မှတ်ချက်ပေးတဲ့ မူဝါဒမရှိ တဲ့အတွက် အဲ့ဒါက အမေရိကန်အပါအဝင် အခြားနိုင်ငံတွေနဲ့ ဆန့်ကျင်ဘက်လို ဖြစ်နေပါတယ်။
ယူကေနိုင်ငံဟာ ယူကရိန်းကို ဦးဆောင်ပံ့ပိုးနေတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး ယူကရိန်းကို စစ်ရေးအကူ အညီပေး နေတဲ့နိုင်ငံတွေထဲမှာ အမေရိကန်ပြီးရင် ဒုတိယအများဆုံး နိုင်ငံ ဖြစ်ပါတယ်။။
မှတ်တမ်းပေါက်ကြားမှုနဲ့ပတ်သက်ပြီး အမေရိကန်တရားရေးဌာနက ရာဇ၀တ်မှုအမှုဖွင့်ပြီး စုံစမ်း စစ်ဆေးမှုတွေ လုပ်နေတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောပါတယ်။
“ဒီမှတ်တမ်းတွေဘယ်က ပေါက်ကြားလဲဆိုတဲ့ အရင်းအမြစ်ကို မရရအောင် စုံစမ်းထောက်လှမ်း ရှာဖွေသွားမယ်”လို့ သူက ဆိုပါတယ်။








