ကုလအကြီးအကဲက ရုရှားကို လိုက်လျောလွန်းတယ်လို့ အမေရိကန်ယူဆကြောင်း ပေါက်ကြား

ဓာတ်ပုံ ရင်းမြစ်, AFP
အမေရိကန်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်ရှ်ဟာ ရုရှားနဲ့ ပတ်သက်လာရင် လိုက်လျောလွန်းတယ်လို့ ယူဆတဲ့ အကြောင်း မကြာသေးခင်က အွန်လိုင်းပေါ် ပေါက်ကြားလာတဲ့ လျှိုဝှက် စာရွက်စာတမ်းတွေမှာ ဖော်ပြထားပါတယ်။
အဲဒီ အချက်အလက်တွေမှာ အမေရိကန်ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်ရှ်ကို စောင့်ကြည့်နေခဲ့တယ်လို့ ဆိုထားပါတယ်။ တခြား စာရွက်စာတမ်းတွေမှာလည်း မစ္စတာ ဂူတားရက်ရှ်နဲ့ သူ့လက်ထောက်တို့ရဲ့ ပြောဆိုဆက်သွယ်မှုတွေကို ဖော်ပြထားပါတယ်။
ဒါဟာ အမေရိကန်ပြည်ထောင်စုမှာ တာဝန်ရှိသူတွေ အပူတပြင်း လိုက်လံ စုံစမ်းနေတဲ့ မကြာသေးခင်က ပေါက်ကြားလာတဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေဆီက နောက်ဆုံး ထွက်ပေါ်လာတဲ့ အချက်တွေ ဖြစ်ပါတယ်။
အဲဒီ စာရွက်စာတမ်းတွေထဲမှာ မစ္စတာ ဂူတားရက်ရှ်ရဲ့ ယူကရိန်း စစ်ပွဲနဲ့ အာဖရိက ခေါင်းဆောင်တချို့နဲ့ ပတ်သက်လို့ ရှုမြင်ပုံတွေကိုလည်း ဖော်ပြထားပါတယ်။
အဲဒီထဲက တခုက ကုလသမဂ္ဂနဲ့ တူရကီတို့ ကြားဝင်စေ့စပ်ပေးခဲ့တဲ့ ပင်လယ်နက် ကောက်ပဲသီးနှံ တင်ပို့ရေး သဘောတူညီချက်ကို အထူးလေ့လာထားတာ ဖြစ်ပါတယ်။
အဲဒီထဲမှာ မစ္စတာ ဂူတားရှက်ရှ်ဟာ အဲဒီ သဘောတူညီချက်ကို အသက်ဆက်နိုင်ဖို့ ရုရှားတောင်းဆိုသမျှ လိုက်လျောဖို့ အသင့် ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဂူတားရှက်ရှ်ဟာ ရုရှားရဲ့ ပို့ကုန်လုပ်ငန်း တိုးတက်ဖို့အတွက် အရေးယူ ပိတ်ဆို့ခံထားတဲ့ ရုရှား လုပ်ငန်းတွေနဲ့ စီးပွားရေး သမားတွေပါနေရင်တောင်မှ အလေးထားဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလအတွင်းက သူ့ လုပ်ဆောင်ချက်တွေဟာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ မော်စကိုအပေါ် ကျယ်ကျယ်ပြန့်ပြန့် အရေးယူနိုင်ဖို့ ကြိုးပမ်းမှုတွေကို အဟန့်အတားဖြစ်စေခဲ့ကြောင်း ဖော်ပြထားပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကုလသမဂ္ဂ အရာရှိတွေကတော့ ဒီလို ကမ္ဘာ့ထိပ်တန်း သံတမန်ကြီးဟာ မော်စကိုနဲ့ ပတ်သက်ရင် ပျော့ပျောင်းလွန်းတယ်ဆိုတဲ့ အယူအဆတွေနဲ့ ပတ်သက်လို့ ခပ်မာမာပဲ တုံ့ပြန်ကြပါတယ်။
ဒီပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေနဲ့ ပတ်သက်လို့ ဘာမှ မှတ်ချက်ပေး မပြောကြားလိုကြောင်း၊ ကုလသမဂ္ဂဟာ ကမ္ဘာ့အနွမ်းပါးဆုံး နိုင်ငံတွေမှာ စစ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေ လျော့ပါးဖို့ကိုသာ အာရုံထားတဲ့အကြောင်း ပြောပါတယ်။
ဆက်လက်ပြီး စားသောက်ကုန် ဈေးနှုန်းတွေ ကျသွားဖို့ အတတ်နိုင်ဆုံး ကြိုးစားပေးနေတာ ဖြစ်ကြောင်းနဲ့ မြေသြဇာနဲ့ ပတ်သက်လို့လည်း အလိုအပ်ဆုံး နိုင်ငံတွေ ရစေဖို့ အတွက် ဆောင်ရွက်ပေးတာသာ ဖြစ်တယ်လို့ ပြောပါတယ်။
ရုရှားကလည်း မကြာသေးခင်က နိုင်ငံတကာရဲ့ ပိတ်ဆို့ အရေးယူမှု တွေကြောင့် သူတို့ရဲ့ ကောက်ပဲသီးနှံနဲ့ မြေသြဇာ တင်ပို့မှုတွေ ထိခိုက်နစ်နာရတယ်လို့ ပြောခဲ့ပြီး ဒီကိစ္စကို မဖြေရှင်းပေးရင် အရင်က ရထားတဲ့ ကောက်ပဲသီးနှံ တင်ပို့ရေး သဘောတူညီချက်ကို ရပ်ဆိုင်းပစ်ဖို့ ၂ ကြိမ်တိုင်တိုင် ခြိမ်းခြောက်ခဲ့ပြီး ဖြစ်ပါတယ်။
တကယ်က ရုရှားရဲ့ ကောက်ပဲသီးနှံနဲ့ မြေသြဇာတွေအပေါ်မှာ နိုင်ငံတကာရဲ့ ပိတ်ဆို့ အရေးယူမှုတွေ ပြဋ္ဌာန်းထားတာမျိုး မရှိပါဘူး။ ဒါပေမယ့် ရုရှားက သူတို့အတွက် သင်္ဘောတင်ဖို့နဲ့ အာမခံ ရဖို့ ကိစ္စတွေမှာ အခက်အခဲတွေ ကြုံနေရတယ်လို့ ပြောပါတယ်။
ကုလသမဂ္ဂဘက်က အရာရှိတွေက အမေရိကန်ရဲ့ မစ္စတာ ဂူတားရက်ရှ်အပေါ် စောင့်ကြည့်မှုတွေနဲ့ ပတ်သက်လို့ သိပ်ပြီး သဘောမကျ ကြပါဘူး။ သူတို့က မစ္စတာ ဂူတားရက်ရှ်က ရုရှားရဲ့ ကျူးကျော်စစ်ကို ဆန့်ကျင်ကြောင်းကို သိသိသာသာ ပြောပြထားခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လလယ်ပိုင်းက စာရွက်စာတမ်း တခုမှာတော့ မစ္စတာ ဂူတားရက်ရှ်နဲ့ လက်ထောက်ဖြစ်သူ အမင်နာ မိုဟာမက်အကြား ရင်းရင်းနှီးနှီး ပြောဆိုမှုတွေကို ဖော်ပြထားပါတယ်။ အဲဒီထဲမှာ မစ္စတာ ဂူတားရှက်ရှ်က ဥရောပ ကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဖွန်န်ဒါလေယန်က ယူကရိန်း စစ်ပွဲကြောင့် ဥရောပဘက်မှာ လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ ပိုမိုထုတ်လုပ်သွားဖို့ တိုက်တွန်းမှုကို စိတ်ပျက်မိတဲ့ အကြောင်း ပြောတယ်လို့ ဆိုထားပါတယ်။
နောက်ပြီး သူတို့ နှစ်ဦး မကြာသေးခင်က ကျင်းပခဲ့တဲ့ အာဖရိက ခေါင်းဆောင်တွေရဲ့ ထိပ်သီး ညီလာခံနဲ့ ပတ်သက်လို့ ပြောဆိုမှုတွေကိုလည်း ဖော်ပြထားပါတယ်။ အမင်နာ မိုဟာမက်က ကင်ညာ သမ္မတ ဝီလယမ် ရူတိုဟာ ရက်စက်တတ်သူ ဖြစ်ပြီး ယုံကြည်လို့ မရနိုင်ဘူးလို့ ပြောတယ်လို့ ဆိုပါတယ်။
အမေရိကန် ပြည်ထောင်စုဟာ ကုလသမဂ္ဂနဲ့ ပတ်သက်လို့ ထောက်လှမ်းစုံစမ်းမှုတွေ လုပ်တဲ့ နိုင်ငံတွေထဲက တနိုင်ငံအဖြစ် အရင်ကတည်းက လူသိပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို သူလျှိုလုပ်တဲ့ ကိစ္စတွေ လူသိရှင်ကြား ပေါက်ကြားလာတဲ့ အခါမှာတော့ အရှက်ရစရာ ဖြစ်ရပါတယ်။ အထူးသဖြင့် ကမ္ဘာ့အဆင့်အမြင့်ဆုံး သံတမန်တဦးအပေါ် စောင့်ကြည့်ခဲ့မှုတွေကြောင့် ထိခိုက်နစ်နာမှုတွေ ပိုပြီး များလာနိုင်ပါတယ်။
ဒီစာရွက်စာတမ်းတွေကို ဘယ်သူက ဖွင့်ချခဲ့သလဲ ဆိုတာနဲ့ ပတ်သက်လို့ ဘာမှသိပ်မသိခဲ့ကြပါဘူး။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကမှ ဝါရှင်တန် ပို့စ် သတင်းစာက စစ်အခြေစိုက်စခန်းတခုမှာ အလုပ်လုပ်နေတဲ့ သေနတ်ဝါသနာရှင် အသက် ၂၀ ကျော် လူတယောက်ဆီက ဖြစ်တယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ဒီလူက အဲဒီ လျှို့ဝှက်စာရွက်စာတမ်းတွေကို သေနတ်၊ စစ်သုံးပစ္စည်းတွေနဲ့ ဘုရားသခင်အပေါ် ချစ်ကြည်ညိုကြတဲ့ လူတွေနဲ့ ဖွဲ့စည်းထားတဲ့ လူမှုကွန်ရက် Discord အဖွဲ့ငယ်တခုမှာ မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။ Discord ဟာ ဂိမ်းကစားကြသူတွေအကြား ကျော်ကြားတဲ့ လူမှုမီဒီယာ စင်မြင့်တခု ဖြစ်ပါတယ်။
ဘီဘီစီကတော့ ဒီသတင်းနဲ့ ပတ်သက်လို့ အတည်ပြုနိုင်တာမျိုး မရှိပါဘူး။ ဒီသတင်းဟာ အဲဒီအဖွဲ့ထဲက အဖွဲ့ဝင် ၂ ဦးနဲ့ ဆက်သွယ်မေးမြန်းချက်တွေကို အခြေခံပြီး ရေးထားတာ ဖြစ်ပါတယ်။
ဖန်သားပြင်ပေါ် ပေါ်နေတဲ့ စာရွက်စာတမ်းတွေကို ပုံဖမ်း ရိုက်ကူးပြီး တင်ထားတဲ့ ပုံရိပ်တွေကိုတော့ ဘီဘီစီက အတည်ပြုနိုင်ခဲ့ပါတယ်။ အဲဒီ ပုံရိပ်တွေကို Discord ရဲ့ ဝိုင်းဖွဲ့ဆွေးနွေးတဲ့ လိုင်းတွေပေါ်မှာလည်း မျှဝေထားပြီး ဖြစ်ပါတယ်။
Discord ကလည်း ဒီ ယိုစိမ့်ပေါက်ကြားမှုနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးနေကြောင်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။
အမေရိကန် အမျိုးသား လုံခြုံရေး ဌာနရဲ့ ပြောရေးဆိုခွင့် ရှိသူ ဂျွန် ကာဘီက အမေရိကန်အစိုးရက ဒီ ယိုစိမ့်မှုတွေကို အမြစ်ကစ ဖော်နိုင်ဖို့ လုပ်နေကြောင်း ပြောပါတယ်။
ဒါတွေဟာ အန္တရာယ်ကြီးတဲ့ ပေါက်ကြားမှုတွေ ဖြစ်ကြောင်း၊ ဘယ်သူ့မှာ တာဝန်ရှိလဲ၊ ဘာကြောင့်လုပ်သလဲ ဆိုတာ မသိသေးကြောင်း၊ အမျိုးသား လုံခြုံရေးအပေါ် ဘယ်လောက်ထိ ဂယက်ရိုက်သွားစေနိုင်ကြောင်းတွေကို လေ့လာနေကြောင်းနဲ့ ရာဇဝတ်မှု အဖြစ်လည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတဲ့အကြောင်း ပြောပါတယ်။
ဒီကိစ္စကို အဆုံးအထိလိုက်မယ်၊ ဘယ်သူက ဘာကြောင့်လုပ်သလဲ ဆိုတာ ဖော်ထုတ်သွားမယ်လို့ ပြောပါတယ်။
ဝါရှင်တန်ဘက်လည်း မဟာမိတ်တွေဘက်က ဒီယိုစိမ့်မှုတွေနဲ့ ပတ်သက်လို့ မေးမြန်းလာတာတွေကို ဖြေကြားပေးနေတဲ့ အကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်လောက် အထိအလေးထား ဆောင်ရွက်နေသလဲ ဆိုတာ သိမြင်နိုင်ကြမှာ ဖြစ်ကြောင်း ပြောပါတယ်။
မစ္စတာ ကာဘီက အဲဒီ စာရွက်စာတမ်းတွေထဲက တချို့ကို ဘယ်လောက်အထိ စစ်မှန်သလဲ ဆိုတာကို အတည်မပြုနိုင်သေးပေမဲ့ ဒီစာရွက်စာတမ်းတွေဟာ အစိုးရတွင်းက စုံစမ်းထောက်လှမ်းမှု ဆိုင်ရာ ရင်းမြစ် တော်တော်များများဆီက လာတယ်လို့ ယူဆနိုင်ကြောင်း ပြောပါတယ်။








