ပင်တာဂွန်မှတ်တမ်းပေါက်ကြားမှု- ယူကရိန်းကို တောင်ကိုရီးယားလက်နက်ပို့မှာလား

ရေးသားခဲ့သည်။

ဂျင်းမက္ကင်ဇီ၊ တောင်ကိုရီးယားသတင်းထောက်

ယူကရိန်းကို လက်နက်အကူအညီပေးဖို့  တောင်ကိုရီးယားကို  အမေရိကန် တွန်းအားပေးနေ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ယူကရိန်းကို လက်နက်အကူအညီပေးဖို့ တောင်ကိုရီးယားကို အမေရိကန် တွန်းအားပေးနေ

အမေရိကန်က ပေါက်ကြားလာတဲ့ ပင်တဂွန်မှတ်တမ်းတွေထဲမှာ ယူကရိန်းကို လက်နက်အကူအညီပေးဖို့ ကိစ္စနဲ့ပတ်သက်ပြီး တောင်ကိုရီးယားအစိုးရ အဆင့်မြင့်အရာရှိတွေ ဆွေးနွေးတဲ့ အချက်အလက်တွေ ပေါ်ထွက်လာပါတယ်။

ဘီဘီစီက ကြည့်ခဲ့ရတဲ့ အဲ့ဒီလျှို့ဝှက်မှတ်တမ်းအရ အမေရိကန်ဟာ ဆယ်စုနှစ်များစွာအတွင်းမှာ သူတို့ မဟာမိတ် တောင်ကိုရီးယားကို သူလျှိုလုပ်နေတယ်ဆိုတာ သိရပါတယ်။

ပေါက်ကြားလာတဲ့ အဲ့ဒီလျို့ဝှက်မှတ်တမ်းထဲမှာ ယူကရိန်းစစ်ပွဲအကြောင်း၊ တရုတ်အကြောင်းနဲ့ အမေရိကန် မဟာမိတ်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ပါဝင်ပါတယ်။

အဲဒီ ပေါက်ကြားမှုကနေ အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံစလုံးနဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ ဆက်ဆံရေး ပျက်ပြားလာနိုင်တဲ့ အလားအလာတွေ ရှိနေပါတယ်။

ဒီမှတ်တမ်းပေါက်ကြားမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ တောင်ကိုရီးယားအစိုးရက ပြောနေပေမဲ့ သူတို့သမ္မတရုံးအတွင်းက လျှို့ဝှက်ပြောဆိုမှုတွေကို ကြားဖြတ်ခိုးယူနားထောင်လို့ ရတယ်ဆိုတာမဖြစ်နိုင်ကြောင်း ပြီးတော့ ဒီဆွေးနွေးစကားပြောမှုဟာ သမ္မတရုံးရဲ့ သီးသန့် မြေအောက်ဘန်ကာထဲမှာ လုပ်တာလည်း မဟုတ်ကြောင်း အခိုင်အမာ ငြင်းဆိုထားပါတယ်။

အမေရိကန်အစိုးရဘက်ကလည်း ဒီလျှို့ဝှက်မှတ်တမ်းပေါက်ကြားမှု ဘယ်က ပေါက်ကြား လာတယ်ဆိုတဲ့ အရင်းအမြစ်ကို ခြေရာခံနိုင်ဖို့ ကြိုးစားနေပြီး ဒီပေါက်ကြားမှုဟာ အမျိုး သားလုံခြုံရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တယ်လို့ ပင်တဂွန်ကလည်း ထုတ် ပြောထားပါတယ်။

ဘီဘီစီက ကြည့်ခဲ့ရတဲ့ မှတ်တမ်းအရ တောင်ကိုးရီးယားကနေ အမေရိကန်ကိုရောင်းလိုက်တဲ့ ခဲယမ်းမီးကျောက်တွေဟာ ယူကရိန်းအတွက် အသုံးပြုနိုင်တယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရပါတယယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အမေရိကန်အစိုးရက တောင်ကိုရီးယားကို ယူကရိန်းအတွက် လက်နက်အကူအညီပေးဖို့ တွန်းအားပေးနေပေမဲ့ စစ်ဖြစ်နေတဲ့နိုင်ငံတွေကို လက်နက်မထောက်ပံ့ဘူးဆိုတဲ့ သူတို့နိုင်ငံရဲ့ မူဝါကြောင့် ယခုအချိန်အထိ တောင်ကိုရီးယားက ငြင်းဆန်နေဆဲ ဖြစ်ပါတယ်။

ယူကရိန်းစစ်ပွဲကြောင့် ကုန်ခမ်းသွားတဲ့ အမေရိကန်နိုင်ငံရဲ့ လက်နက်တွေကို ဖြည့်တင်းတဲ့အနေနဲ့ တောင်ကိုရီးယားက အမြောက်ကျည်တွေကို အမေရိကန်ကို ရောင်းပေးဖို့ ပြီးခဲ့တဲ့နှစ်က သဘောတူခဲ့ပါတယ်။

အဲ့ဒီသဘောတူညီချက်အရ တောင်ကိုရီးယားကဝယ်တဲ့ အမြောက်ကျည်တွေကို အမေရိကန်က သူ့နိုင်ငံတွင်းမှာပဲ သိမ်းဆည်းထားရမှာဖြစ်ပြီး ယူကရိန်းကို လမ်းကြောင်းပြောင်းပေးခွင့်မရှိဘူးလို့ သိရပါတယ်။

အခု ပေါက်ကြားလာတဲ့ အစီရင်ခံစာထဲမှာပါတဲ့ သတင်းအချက်အလက်တွေအရ အမေရိကန်က ယူကရိန်းကို အမြောက်လက်နက်တွေ အမှန်တကယ်လွှဲပြောင်းပေးနေနိုင်တယ်ဆိုတဲ့ သံသယ ရှိစရာအချက်တွေ တွေ့လာတာကြောင့် အဆိုပါ သဘောတူညီချက်နဲ့ပတ်သက်ပြီး တောင်ကိုရီးယားက စိုးရိမ်နေပါတယ်။

၂၀၂၃ ခုနှစ် မတ်လ ၁ ရက်နေ့က တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုးလ်ရဲ့ အကြီးတန်း အမျိုးသား လုံခြုံရေးအကြံပေး နှစ်ဦးကြားက ထိလွယ်ရှလွယ် လျှို့ဝှက်စကားပြောဆိုမှု တွေကို ပေါက်ကြားလာတဲ့ မှတ်တမ်းထဲမှာ အသေးစိတ် ဖော်ပြထားပါတယ်။

သမ္မတယွန်ရဲ့ နိုင်ငံခြားရေး အတွင်းဝန် ယီမင်ဟူက အမျိုးသားလုံခြုံရေး အကြံပေး ကင်မ် ဆွန်ဟမ်ကိုပြောတဲ့အထဲမှာ အမေရိကန်က သူတို့ပို့တဲ့လက်နက်တွေကို အခြားနိုင်ငံကို လွှဲ ပြောင်းပေးမှာကို တောင်ကိုရီးယားအစိုးရက စိတ်ပူနေတယ်ဆိုတာတွေ ပါပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့ နောက်ထပ်စိတ်ပူနေတဲ့အချက်တွေထဲမှာ သမ္မတဘိုင်ဒင်က သမ္မတ ယွန်ဆီကို တိုက်ရိုက်ဖုန်းဆက်ဖိအားပေးပြီး တောင်ကိုရီးယားက သူတို့ရဲ့ မူဝါဒကို ပြောင်း လဲလိုက်မယ်ဆိုရင် အမေရိကန်ရဲ့ ဖိအားပေးမှု ခံရသလိုမျိုး ဖြစ်လာနိုင်တဲ့အချက်လည်း ပါဝင်ပါတယ်။

ပေါက်ကြားလာတဲ့ စာရွက်စာတမ်းအရ တောင်ကိုရီးယား အမျိုးသားလုံခြုံရေးအကြံပေး မစ္စတာကင်က အမြောက်ကျည်တွေကို အမေရိကန်ကိုပို့မယ့်အစား ယူကရိန်း အိမ်နီးချင်း ပိုလန်ကိုပို့ပေးဖို့ အကြံပြုတာကိုလည်း တွေ့ရပါတယ်။

ဒီပေါက်ကြားမှုက တောင်ကိုရီးယား သမ္မတယွန်ရဲ့  ဝါရှင်တန်အလည်အပတ်ခရီးမတိုင်မီ သီတင်းပတ်တွေအတွင်း  ထွက်ပေါ်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒီပေါက်ကြားမှုက တောင်ကိုရီးယား သမ္မတယွန်ရဲ့ ဝါရှင်တန်အလည်အပတ်ခရီးမတိုင်မီ သီတင်းပတ်တွေအတွင်း ထွက်ပေါ်လာ

အမေရိကန်က ယူကရိန်းကို တောင်ကိုရီးယားက လက်နက်တပ်ဆင်ပေးစေလိုတဲ့ သူတို့ ဆန္ဒကို လျှို့ဝှက်ထားတာမဟုတ်ပါဘူး။

ပြီးတော့ တောင်ကိုရီးယားကသာ အရှိန်အဟုန်နဲ့ အဆင့်မြင့်လက်နက်တွေ အကူအညီ ပေး မယ်ဆိုရင် ယူကရိန်း စစ်ပွဲရလဒ် သိသိသာသာ ပြောင်းလဲသွားနိုင်မယ်လို့ အမေရိကန်က ယုံကြည်ထားပါတယ်။

ဒါပေမယ့် သူတို့နိုင်ငံနဲ့ ရုရှားနိုင်ငံကြားက ဆက်ဆံရေးအခြေအနေတွေပျက်သွားမှာ စိုးတဲ့အတွက် ယူကရိန်းကို လက်နက်ထောက်ပံ့ဖို့ကိစ္စကို တောင်ကိုရီးယားက တွန့်ဆုတ်နေပါတယ်။

ဒီပေါက်ကြားမှုအရ တောင်ကိုရီးယားရဲ့ လက်နက်ကြီး ကျည်ဆန်တွေဟာ ယူကရိန်းကို ရောက် သွားနိုင်တယ်ဆိုတာ တောင်ကိုရီးယားအစိုးရက နားလည်ထားရုံသာမကဘဲ ရုရှားနဲ့ ဆက်ဆံရေး တင်းမာလာစေမယ့် အဖြစ်တွေဖြစ်လာနိုင်တာကိုလည်း တွက်ထားပုံရပါတယ်။

"တောင်ကိုရီးယားဟာ တစ်ဖက်မှာ အမေရိကန်နဲ့ ဆက်ဆံရေး၊ တစ်ဖက်မှာ ရုရှားနဲ့တရုတ်ကြားက ဆက်ဆံရေးကို အတတ်နိုင်ဆုံး အဆင်ပြေအောင်ဟန်ချက်ညီညီ အမြဲလုပ်ဆောင်နေတာပါ” လို့ Think Tank 38 North အဖွဲ့က ကိုရီးယားအ‌ရေး လေ့လာသုံးသပ်သူ ဂျန်နီတောင်းက ပြောပြီး ဒီပေါက်ကြားမှုဟာ အစိုးရိမ်စရာအကောင်းဆုံး ပေါက်ကြားမှုလို့ ထောက်ပြပါတယ်။

ယူကရိန်းကို ထောက်ပံ့ဖို့ သူတို့ဆန္ဒရှိနေတာနဲ့ အဲ့ဒီကနေဖြစ်လာနိုင်တဲ့အခြေအနေတွေကို တွက် ချက်ပြီး အဲ့ဒီကြားထဲ ဟန်ချက်ညီညီနဲ့ တောင်ကိုရီးယားအစိုးရက ကြိုးပမ်းနေပါတယ်။”

ဟန်ချက်ညီအောင် ကြိုးစားနေတဲ့ အချိန်မှာ အခုလိုပေါက်ကြားမှုပေါ်ထွက်လာတာက သူတို့ အတွက် ကံမကောင်းဘူးလို့ ပြောရမှာပါ။

လာမယ့်နှစ်ပတ်အကြာမှာလည်း တောင်ကိုရီးယား သမ္မတယွန်ဟာ အမေရိကန်နဲ့ သူတို့နိုင်ငံကြား မဟာမိတ် နှစ် ၇၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုပွဲကို အိမ်ဖြူတော်မှာ နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်ဖို့ရှိပါတယ်။ အခု အချိန်ထိတော့ အမေရိကန်နဲ့တောင်ကိုရီးယားကြား မဟာမိတ်ဆက်ဆံရေးက ခိုင်မာနေဆဲ ဖြစ်ပါတယ်။

အခုလို လျှို့ဝှက်မှတ်တမ်းတွေ ပေါက်ကြားလာတာက တောင်ကိုရီးယားအစိုးရအတွက် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှု တွေ ဖြစ်လာစေပြီး အစိုးရထိပ်တန်းခေါင်းဆောင်တွေအကြား ပြောဆိုမှုကို အမေရိကန်က ကြားဖြတ်ခိုးယူနားထောင်နိုင်တဲ့အချက်ကိုလည်း တောင်ကိုရီးယား အတိုက်အခံပါတီက မေးခွန်းထုတ်ခဲ့ပါတယ်။

"ဒါဟာ အမေရိကန်ပြည်ထောင်စုက တောင်ကိုရီးယားနိုင်ငံရဲ့ အချုပ်အခြာအာဏာကို သိသိသာသာ ချိုးဖောက်လိုက်တာ၊ တောင်ကိုရီးယားနိုင်ငံရဲ့ လုံခြုံရေးစည်းကို ဖောက်ဖျက်လိုက်တာ"လို့ တနင်္လာနေ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

လစ်ဘရယ်အစိုးရဟောင်း အကြံပေး ကင်ဂျုံဒေးကလည်း ဒါဟာ တောင်ကိုရီးယား ပြည်သူတွေ အတွက် ထောက်လှမ်းရေးဆိုင်ရာ ဘေးအန္တရယ်ကျရောက်မှုတစ်ခုလို့ တောင် ပြောနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

တောင်ကိုရီးယား အစိုးရကတော့ အဲဒီပေါက်ကြားမှုနဲ့ပတ်သက်ပြီး အသံလျော့သွားဖို့ ကြိုးစားနေပါတယ်။

တစ်ချိန်တည်းမှာပဲ တောင်ကိုရီးယား အစိုးရသတင်းရင်းမြစ်တစ်ခုကလည်း “ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ချဲ့ကားပြောတာ သို့မဟုတ် ကမောက်ကမဖြစ်စေဖို့ ထိပ်သီးစည်း ဝေးပွဲမတိုင်မီ မဟာမိတ်ဆက်ဆံရေးထိခိုက်လာအောင် ကြိုးပမ်းမှုမှန်သမျှကို ခုခံတားဆီးသွားရလိမ့်မယ်” လို့ သတိပေးခဲ့ပါတယ်။

လာမယ့် ထိပ်သီးဆွေးနွေးပွဲမှာ ယူကရိန်းကို လက်နက်တွေ ပို့ပေးဖို့ တောင်ကိုရီးယားသမ္မတ မစ္စတာယွန်ကို အမေရိကန်က နောက်ထပ် ဖိအားပေးတာတွေလုပ်လာနိုင်တယ်လို့ မျှော်လင့်ရပါတယ်။

ဒီကိစ္စဟာ ရုတ်တရက် ပိုသိမ်မွေ့နက်နဲလာတဲ့ကိစ္စတစ်ခု ဖြစ်လာတာတော့ သေချာပါတယ်။