မေ ၁၉ ရက် နိုင်ငံတဝန်း သတင်းအနှစ်ချုပ် - ရိုဟင်ဂျာတွေလုံခြုံရေး ကာကွယ်ပေးဖို့ အာဆီယံ လွှတ်တော်အမတ်တွေ တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, AFP
မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော် (အရင်က ရက္ခိုင့်တပ်တော် - အေအေ) တို့ တိုက်ပွဲတွေအတွင်း အေအေလက်အောက်ရောက်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်မှာ ရိုဟင်ဂျာတွေ လုံခြုံရေးအကာအကွယ်ပေးနိုင်ဖို့ အရှေ့တောင်အာရှလွှတ်တော်အမတ်တွေက ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို စုပေါင်းတောင်းဆိုလိုက်ပါတယ်။
ရိုဟင်ဂျာတွေကိုအကာအကွယ်ပေးနိုင်မယ့် ဆောင်ရွက်ချက်တွေ အလျင်အမြန်လုပ်ဆောင်ဖို့လိုအပ်တယ်လို့ အရှေ့တောင်အာရှလွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေးအဖွဲ့ APHR က မေလ ၁၈ ရက်မှာ အခုလို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
ဘူးသီးတောင်မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတွေမှာနေထိုင်တဲ့ ရိုဟင်ဂျာတွေဟာ အာရက္ခတပ်တော်က ပစ်ခတ် တဲ့ လက်နက်ကြီးဒဏ်တွေ မေလ ၁၇ ရက်နေ့ ကတည်းက ကြုံတွေ့နေရတယ်လို့ သတင်းအရင်းမြစ်တွေဆီ က သိထားရတဲ့အကြောင်း APHR က ဖော်ပြထားတာပါ။
မျက်မြင်တွေရဲ့အပြောအရ အေအေ တပ်ဖွဲ့ဝင်တွေဟာ ရိုဟင်ဂျာတွေကို မြို့က ထွက်ခွာဖို့ ဖိအားပေးခဲ့ပြီး ဘူးသီးတောင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်သလို APHR ဘုတ်အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးရွှေမောင်ရဲ့ အိမ်အပါအဝင် နေအိမ်အများအပြား မီးလောင်ကျွမ်းခဲ့တယ်လို့ APHR က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Screengrab
အေအေ ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ အခုလိုစိန်ခေါ်မှုတွေများတဲ့အချိန်မှာ အထင်အမြင်လွဲ မှားစေနိုင်မယ့် ဆောင်ရွက်ချက်တွေမပြုလုပ်ဖို့ မေတ္တာရပ်ခံကြောင်း သူ့ရဲ့ တွစ်တာစာမျက်နှာမှာ မနေ့က ရေးသားခဲ့ပါတယ်။
ဒါ့အပြင် အေအေတပ်ဖွဲ့ဝင်တွေဟာ ဘာသာရေး၊ လူမျိုးရေးနောက်ခံတွေနဲ့မသက်ဆိုင်ဘဲ အကူအညီလို အပ်နေသူ အားလုံးကို ကာကွယ်ပေးနေတယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထည့်ပြောထားပါတယ်။
ဘူးသီးတောင်မြို့နယ်မှာ အေအေ နဲ့ စစ်ကောင်စီတပ်အကြား ပြီးခဲ့တဲ့လကတည်းက တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပြီး မေလ ၁၈ ရက်မှာပဲ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါအဝင် လက်အောက်ခံတပ်ရင်း ၁၃ ရင်းစလုံးကို အေအေ က သိမ်းပိုက်ခဲ့ပါတယ်။
စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ဖို့ NUG နဲ့ ချင်းပြည်ကောင်စီတို့ သဘောတူညီချက်ရ

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
တော်လှန်ရေးကာလမှာ စစ်ရေးနဲ့ နိုင်ငံရေး ပူပေါင်းဆောင်ရွက်ဖို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)နဲ့ သဘောတူညီချက်ရခဲ့တယ်လို့ ချင်းပြည်ကောင်စီ(Chinland Council)က ဘီဘီစီကို ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
“NUG နဲ့ ကျွန်တော်တို့ ချင်းပြည် (Chinland) အစိုးရပဲဖြစ်ဖြစ်၊ ကောင်စီပဲဖြစ်ဖြစ်၊ လွှတ်တော်ပဲဖြစ်ဖြစ်ပေါ့ စစ်ရေး၊ နိုင်ငံရေး၊ အခြားလူမှုဖွံ့ဖြိုးရေးကိစ္စတွေမှာ အပြန်အလှန် အသိအမှတ်ပြုပြီးတော့မှ လက်တွဲပူးပေါင်းဆောက်ရွက်ရေးကို ဆွေးနွေးခဲ့ကြတာဖြစ်တယ်” လို့ ချင်းပြည်ကောင်စီ အတွင်းရေးမှူး ဆလိုင်းပေါလ်က ဘီဘီစီကိုပြောပါတယ်။
NUG နဲ့ ချင်းပြည်ကောင်စီတို့ မေလ (၁၇) ရက် မနက်ပိုင်းက ပထမဆုံးအကြိမ် အွန်လိုင်း (Zoom) ကနေ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထဲရေး၀န်ကြီး ဦးလွင်ကိုလတ် အပါအ၀င် NUG အစိုးရအဖွဲ့၀င်တွေတက်ရောက်ခဲ့သလို ချင်းပြည် ကောင်စီဘက်ကလည်း ချင်းပြည်ကောင်စီ ဥက္ကဋ္ဌ ပူးဇင်ကျုံး၊ လွှတ်တော် ဥက္ကဋ္ဌ ပူးဟုန်းနိုင်း၊ ဝန်ကြီးချုပ် ပူးပါထန်းနဲ့ အဖွဲ့၀င်တွေ တက်ရောက်ခဲ့ကြပါတယ်။
ချင်းပြည်ကောင်စီဟာ စစ်ကောင်စီအထိုင်ချနေတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်နိုင်ရေး လုပ်ဆောင်နေသလို ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်တာတွေရှိနေတယ် လို့လည်း ချင်းပြည်ကောင်စီ အတွင်းရေးမှူး ဆလိုင်းပေါက ပြောပါတယ်။
ချင်းပြည်ကောင်စီကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်နေ့ ဖွဲ့စည်းခဲ့ပြီး အစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၁၄ ခုနဲ့ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
တောင်ကိုရီးယားရဲ့ ဂွမ်ဂျူးလူ့အခွင့်အရေးဆုပေးပွဲကို NUG ဝန်ကြီးတွေတက်ရောက်

ဓာတ်ပုံ ရင်းမြစ်, NUG
တောင်ကိုရီးယားနိုင်ငံ မေ ၁၈ အောက်မေ့ဖွယ်ဖောင်ဒေးရှင်း (The May 18 Memorial Foundation) က နှစ်စဉ်ဆုချီးမြှင့်လေ့ရှိတဲ့ ဂွမ်ဂျူး (Gwangju) လူ့အခွင့်အရေးဆုပေးပွဲအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဌာန ဝန်ကြီး ဦးတင်ထွန်းနိုင် တို့ တက်ရောက်ခဲ့ပါတယ်။
မနေ့ မေလ ၁၈ ရက်နေ့ ညနေပိုင်းမှာ ပြုလုပ်တဲ့ ဆုပေးပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
ဂွမ်ဂျူးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဝမ်ဆွန်းဆော့နဲ့ပါ တွေ့ဆုံပြီး မြန်မာ့တော်လှန်ရေးအခြေအနေကို ရှင်းပြခဲ့တယ်လို့လည်း NUG က သတင်းထုတ်ပြန်ပါတယ်။
NUG ဝန်ကြီးတွေဟာ မနေ့မနက်ပိုင်းကပြုလုပ်တဲ့ ဂွမ်ဂျူးအရေးတော်ပုံ အောက်မေ့ဖွယ်အခမ်းအနားကိုပါ တက်ရောက်ခဲ့ကြပြီး အဲဒီအခမ်းအနားကိုတော့ တောင်ကိုရီးယားသမ္မတနဲ့အစိုးရအဖွဲ့ဝင်တွေ၊ အတိုက်အခံ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌခေါင်းဆောင်၊ လွှတ်တော်အမတ်တွေနဲ့ နိုင်ငံရေးနဲ့ လူထုအဖွဲ့အစည်းတွေပါ တက်ရောက်ခဲ့ကြတာပါ။
တောင်ကိုရီးယားနိုင်ငံ ဒီမိုကရေစီသမိုင်းမှာ ဂွမ်ဂျူးအရေးတော်ပုံဟာ အရေးပါတဲ့ လူထုလှုပ်ရှားမှု တစ်ခုဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်ကစလို့ နှစ်စဉ် လူ့အခွင့်အရေးဆုချီးမြှင့်နေတာပါ။
၂၀၂၄ ခုနှစ်အတွက် ဂွမ်ဂျူးလူ့အခွင့်အရေးဆုကို အမျိုးသမီးနှိပ်စက်ညှဉ်းပန်းမှု တိုက်ဖျက်ရေးဆောင်ရွက် ခဲ့တဲ့ သီရိလင်္ကာနိုင်ငံက Ms Suganthini Mathiyamuthan Thangarasa က ရရှိခဲ့ပြီး ဆုပေးပွဲ ကိုယ်တိုင် တက်ရောက်ဆုလက်ခံရယူခဲ့ပါတယ်။
ထိုင်း - မြန်မာနယ်စပ်က မယ်တော်ဆေးခန်းကို တည်ထောင်ခဲ့တဲ့ ဒေါက်တာစင်သီယာမောင် ဟာ ၂၀၂၂ ခုနှစ်အတွက် ဂွမ်ဂျူးလူ့အခွင့်အရေးဆုကို ရရှိခဲ့သလို ၈၈ ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင် လည်း ၂၀၀၉ ခုနှစ်တုန်းက ဆုရရှိဖူးပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ၂၀၀၄ ခုနှစ် ဂွမ်ဂျူးလူ့အခွင့်အရေးဆုချီးမြှင့် ခဲ့ပေမဲ့ ရိုဟင်ဂျာပြဿနာတွေကြောင့် ၂၀၁၉ ခုနှစ်မှာ ဆုပြန်လည်ရုပ်သိမ်းခံခဲ့ရပါတယ်။
ကျင်ဒွေးမြို့အနီးကျေးရွာတွေက ရာနဲ့ချီတဲ့ဒေသခံတွေ တောတောင်တွေထဲ ပုန်းအောင်းနေရ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့က စစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခံရပြီးတဲ့နောက် ဖွဲ့စည်းပုံပျက်သွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အနီးနားက ကျေးရွာတွေထဲက ဒေသခံတွေကို ဖမ်းဆီး မေးမြန်းတာတွေ ရှိနေလို့ ကျင်ဒွေးမြို့အနီး ကျေးရွာတွေက ရာနဲ့ချီတဲ့ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
ချင်းကာကွယ်ရေး ပူးပေါင်းတပ်တွေက ကျင်ဒွေးမြို့ပေါ်က စစ်ကောင်စီတပ်စခန်းကို ဧပြီလတုန်းက တိုက်ခိုက်ခဲ့တာကြောင့် အဲဒီစခန်းက စစ်တပ်တပ်ဖွဲ့ဝင်တွေဟာ အနီးနားကျေးရွာတွေမှာ ဖြန့်ကြက်ဝင်ရောက်နေတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက်တုန်းကတော့ ကျင်ဒွေးမြို့အနီး အုံရွာက ကလေးနဲ့အမျိုးသမီးတွေအများဆုံးပါဝင်တဲ့ လူပေါင်း ၄၀ နီးပါးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးမှုဖြစ်ခဲ့ပါတယ်။ အဲဒီထဲက အမျိုးသမီးနဲ့ကလေး ၂၇ ယောက်ဟာ မေလ ၁၇ ရက်မှာ ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသား ၁၁ ဦးကိုတော့ မေလ ၁၈ ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
‘‘ဧပြီလ တိုက်ပွဲဖြစ်ကတည်းက တောထဲမှာ ပုန်းနေတဲ့သူတွေကို လာဖမ်းသွားတာ။ အုံရွာဟာ ချင်းကာကွယ်ရေးတပ်(CDF)ကို အဓိက ထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲတဲ့မေးခွန်းတွေ မေးတာတွေလုပ်တယ်။ ဆူပူကြိမ်းမောင်းတာတွေလုပ်ကြတယ်လို့ ဆိုပြီး ပြန်လွတ်လာသူတွေက ပြောတယ်’’ လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
စစ်ကောင်စီတပ်က ဒေသခံတွေကို အခုလို ဖမ်းဆီးမှုတွေကြောင့် အုံရွာဒေသခံ ၃၀၀ နီးပါးအပြင် လွီးစုံ၊ ချိုင်လောင်း စိုးချောင်းရွာသားတွေလည်း တောတောင်တွေထဲ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် စားရေးသောက်ရေး အခက်အခဲကြုံနေရတယ်လို့ မြေပြင်အတွက် အကူအညီပေးတာတွေလုပ်နေတဲ့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ချင်းညီနောင်တပ်ဖွဲ့တွေကတော့ ကျင်ဒွေးမြို့က စစ်ကောင်စီတပ်စခန်းကို ၄ လနီးပါးကြာ ခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ရပြီး နယ်မြေရှင်းလင်းတာတွေလုပ်နေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက သတင်းထုတ်ပြန်ထားပါတယ်။
သံတွဲမြို့နယ်၊ နတ်တောင်မော်ရွာ လေကြောင်းတိုက်ခိုက်ခံရပြီး အရပ်သား ၉ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, AFP
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ နတ်တောင်မော်ရွာကို မနေ့ မေလ ၁၈ ရက်နေ့တုန်းက စစ်ကောင်စီရဲ့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၉ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
လေကြောင်းတိုက်ခံရပြီး ရွာထဲမှာတင် ၆ ဦးသေဆုံးခဲ့ပြီး ၃ ဦးကတော့ သံတွဲဆေးရုံကို သွားရောက်ပို့ဆောင် ချိန် လမ်းမှာတင် သေဆုံးခဲ့ပါတယ်။
နတ်တောင်မော်ရွာဟာ သံတွဲ - တောင်ကုတ်သွားလမ်း၊ ရွှေလှေတိုက်နယ်အတွင်းက ရွာတစ်ရွာဖြစ်ပါတယ်။
အခုမေလဆန်းပိုင်းကစလို့ နတ်တောင်မောင်ရွာအနီးတဝိုက်မှာ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းတော့ ပစ်ခတ်သံတွေငြိမ်သက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့တုန်းကလည်း စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေကြောင့် လင်းသီကျေးရွာသား ၁၀ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။
အာဆီယံ-တရုတ် လုပ်ငန်းကော်မတီမှာ မြန်မာစစ်ကောင်စီက ပူးတွဲဥက္ကဋ္ဌတာဝန်ယူ

ဓာတ်ပုံ ရင်းမြစ်, နိုင်ငံခြားရေး၀န်ကြီးဌာန
တောင်တရုတ်ပင်လယ်အရေးကိစ္စတွေကို အဓိကထား ဖြေရှင်းဖို့ဖွဲ့စည်းထားတဲ့ အာဆီယံ-တရုတ် လုပ်ငန်းကော်မတီမှာ မြန်မာစစ်ကောင်စီက ပူးတွဲဥက္ကဋ္ဌ တာ၀န်ယူခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာကျင်းပခဲ့တဲ့ အဲဒီကော်မတီအစည်းအဝေးပွဲမှာ စစ်ကောင်စီ နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမန်ဟောက်ထန်က တရုတ်နိုင်ငံ နယ်နိမိတ်နဲ့ သမုဒ္ဒရာရေးရာဌာန ကိုယ်စားလှယ် မစ္စတာ တန်ကျွင်းရှန်နဲ့အတူ ပူးတွဲဥက္ကဋ္ဌပြုလုပ်ခဲ့တာဖြစ်ပါတယ်။
၄၃ ကြိမ်မြောက် အာဆီယံ-တရုတ်လုပ်ငန်းအဖွဲ့ အစည်းအဝေးကို မေလ ၁၃ ရက်ကနေ ၁၅ ရက်အထိ ကျင်းပခဲ့တာဖြစ်ပါတယ်။
အဲဒီအစည်းအဝေးမှာ တောင်တရုတ်ပင်လယ်နဲ့ပတ်သက်ပြီး နိုင်ငံတွေလိုက်နာရမဲ့ လုပ်ထုံးလုပ်နည်း ဆိုင်ရာ သဘောတူ ကြေညာချက် အကောင်အထည်ဖော်မှုကိစ္စတွေကို အဓိကထားဆွေးနွေးခဲ့တယ်လို့ လည်း စစ်ကောင်စီ နိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။
တဖက်မှာလည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ မြန်မာ့အရေးဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်တို့ဟာ အခုသီတင်းပတ်အတွင်းမှာပဲ နေပြည်တော်ကို သွားရောက်ခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံထားပါတယ်။
တွေ့ဆုံပွဲအတွင်း ဆွေးနွေးကြတဲ့အချက်တွေထဲမှာ အာဆီယံအစည်းအဝေးမှာ မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ရေးလည်း ပါဝင်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာပြည်တွင်းမှာ စစ်အာဏာသိမ်းမှုအပြီး လပိုင်းအကြာ ၂၀၂၁ ခုနှစ်၊ ဧပြီလတုန်း အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာပြုလုပ်ခဲ့တဲ့ မြန်မာ့အရေးအစည်းအဝေးမှာ ဘုံသဘောတူညီချက် ၅ ရပ်ကို အာဆီယံခေါင်းဆောင်တွေက ချမှတ်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီသဘောတူညီချက်တွေ အကောင်အထည်ဖော်မှုအပိုင်းမှာ လိုအပ်ချက်ရှိတယ်လို့ဆိုပြီး အာဆီယံထိပ်သီးအစည်းအဝေးပွဲတွေနဲ့ဆက်စပ်အစည်းအဝေးပွဲတွေမှာ နိုင်ငံရေးအရ ကိုယ်စားမပြုသူတစ်ဦးကိုပဲ တက်ရောက်ခွင့်ပေးဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။
တဖက်မှာလည်း ထိပ်သီးဆွေးနွေးပွဲတွေကို တက်ရောက်ခွင့်ကန့်သတ်မှုရှိနေပေမဲ့ အာဆီယံ အရာရှိကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးပွဲတွေကိုတော့ မြန်မာစစ်ကောင်စီရဲ့ အရာရှိကြီးတွေ ဆက်လက်တက်ရောက်နေပါတယ်။
ဝိုင်းမော်မှာ တိုက်ပွဲဆက်ပြင်းထန်နေ

ဓာတ်ပုံ ရင်းမြစ်, AFP
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ပေါ်နဲ့ ငါးမိုင်အကွာမှာရှိတဲ့ အောင်မြေ (၁) နဲ့ အင်းတန်း စတဲ့ကျေးရွာတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်တို့ကြား ဒီကနေ့ မေလ ၁၉ ရက်မနက်ပိုင်းအထိ တိုက်ပွဲတွေပြင်းထန်နေဆဲလို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီကနေ့ မနက် ၅ နာရီဝန်းကျင်လောက်ကတည်းက လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ဝိုင်းမော်မြို့ပေါ် ကနေပါ ဆက်တိုက်ကြားနေရတာပါ။
“မြို့ပေါ်အထိတော့ မရောက်လာသေးဘူး၊ မြို့နားတော့ကပ်လာပြီ။ ကျွန်တော်တို့တောင် အခုထိဗုံးခိုကျင်းထဲမှာပဲရှိ နေတာပါ” လို့ ဝိုင်းမော်မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မနေ့တုန်းက အောင်မြေ ၁ နဲ့ အောင်မြေ ၂ ရွာက စစ်တပ်နဲ့ပြည်သူ့စစ်ပေါင်းထားတဲ့ စခန်းတွေ၊ ခရှီနဲ့ အင်းလေးရွာ က စစ်တပ်စခန်းနဲ့ ဝထောင်ဘွမ် စစ်တပ်စခန်းအပါအဝင် စုစုပေါင်း ၅ ခုကို တော်လှန်ရေး အင်အားစုတွေက သိမ်းပိုက်ခဲ့ပါတယ်။
အောင်မြေ ၁ ၊ အောင်မြေ ၂ ရွာဘက်ကနေ ဗန်းမော်ဘက်ကို သွားတဲ့လမ်းပိုင်းမှာလည်း ရွှေညောင်ပင် ကျေးရွာရှိနေပြီး ရွှေညောင်ပင်ရွာစပ်က စစ်တပ်ခြေလျင်တပ်ရင်း (ခလရ-၃၂၁) စခန်းကိုလည်း မနေ့ကတည်းက တော်လှန်ရေးအင်အားစုတွေကနေ ထိုးစစ်ဆင်တိုက်ခိုက်တာတွေရှိပါတယ်။
အခုလိုတိုက်ပွဲဖြစ်ပွားတဲ့ ကျေးရွာတွေက ဒေသခံအများစု ဝိုင်းမော်မြို့ပေါ် စစ်ပြေးရှောင်နေကြပြီး လုံခြုံရေးသတိထားနေထိုင်ရတဲ့ အခြေအနေလို့ မြို့ခံတွေက ပြောကြပါတယ်။











