ဒီနေ့အတွက် ဘီဘီစီမြန်မာပိုင်းရဲ့နောက်ဆုံးရသတင်းတွေ တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ကချင်မှာ စစ်ကောင်စီတပ် စခန်းစွန့်ခွာမှုတွေပြုလုပ်လာ
ကချင်ပြည်နယ်၊ မံစီမြို့နယ်နဲ့ မချမ်းဘော့မြို့နယ်တို့မှာ စစ်ကောင်စီတပ်က အခုရက်ပိုင်းအတွင်း တပ်စခန်းတွေကို စွန့်ခွာမှုတွေပြုလုပ်လာတဲ့သတင်းနဲ့အတူ မတ်လ ၂၆ ရက် ထိပ်တန်းရောက် မြန်မာနဲ့ကမ္ဘာ့သတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
အနှစ်ချုပ်
- တနင်္သာရီတိုင်းက စစ်မှုထမ်းဖို့ ကိုယ်တိုင်ဆန္ဒပြုထားသူတွေကို မတ်လ ၂၈ ကနေ ၃၀ အတွင်း ဆေးစစ်ဖို့ ညွှန်ကြားထားတယ်လို့ တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကနေ သိရပါတယ်
- စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ချောင်းရိုးရွာက အရပ်သား ၄ ဦးနဲ့ ဖန်းခါးဇင်ရွာက အရပ်သား ၁ ဦး မတ်လ ၂၄ ရက်နေ့မှာ သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတချို့က ဘီဘီစီကိုပြောပါတယ်
- မိုးမောက်က စစ်တပ် စခန်းနဲ့ ကာကင်းစခန်းအချို့ကို KIA နဲ့ PDF သိမ်းလိုက်ပြီလို့ သိရပါတယ်
- ရာသီဥတုကြောင့် မတ်လ ၂၇ ရက် တပ်မတော်နေ့ စစ်ရေးပြပွဲကို ညနေပိုင်းမှာ ကျင်းပတာလို့ စစ်ကောင်စီက ပြောပါတယ်
- ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်မှာ စစ်မှုမထမ်းမနေရဥပဒေအတွက် လူစာရင်းကောက်တာတွေမှာ ကူနေတယ်ဆိုတဲ့သတင်းအရ ဝန်ထမ်း ၅ ယောက်ကို PDF Zoland က ဖမ်းဆီးလိုက်ပါတယ်
- ထိုင်းနိုင်ငံ၊ မဲဆောက်မှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က လုပ်ငန်းခွင်ထဲထိ ဝင်စစ်ဆေးတာရှိလာပြီး မြန်မာနိုင်ငံသား ၁၀ ဦး ဖမ်းဆီးခံလိုက်ရပါတယ်
- ကချင်ပြည်နယ်၊ မံစီမြို့နယ်နဲ့ မချမ်းဘော့မြို့နယ်တို့မှာ စစ်ကောင်စီတပ်က စခန်းစွန့်ခွာတာတွေ ပြုလုပ်လာပါတယ်
တိုက်ရိုက် ထုတ်လွှင့်ချက်
တနင်္သာရီတိုင်းမှာ စစ်မှုထမ်းဖို့ ကိုယ်တိုင်ဆန္ဒပြုထားသူတွေကို ဆေးစစ်တော့မယ်

ဓာတ်ပုံ ရင်းမြစ်, AFP
ဓာတ်ပုံ ပုံစာ, စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ တနင်္သာရီတိုင်းက စစ်မှုထမ်းဖို့ ကိုယ်တိုင်ဆန္ဒပြုထားသူတွေကို မတ်လ ၂၈ ကနေ ၃၀ အတွင်း ဆေးစစ်ဖို့ ညွှန်ကြားထားတယ်လို့ တနင်္သာရီတိုင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကနေ သိရပါတယ်။
စစ်မှုထမ်းမယ့်သူတွေစာရင်းကောက်ယူတဲ့ ပုံစံ ၄မှာ က၊ ခ၊ ဂ၊ ဃ ဆိုပြီးရှိတဲ့ထဲက ၄ က နဲ့ကိုယ်တိုင်ဆန္ဒပြုထားသူတွေလို့ တနင်္သာရီတိုင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“လက်ရှိမြို့နယ်တွေကနေ သတ်မှတ်ပေးထားတဲ့ ထားဝယ်၊ ဘုတ်ပြင်း၊ ကော့သောင်း၊ မြိတ်မြို့တို့လို စုရပ်တွေမှာ ညွှန်ကြားထားတဲ့ရက်အတွင်း လာရောက်ရမှာဖြစ်ပါတယ်။ ပြီးရင်တော့ သက်ဆိုင်ရာမြို့တွေရဲ့ တပ်မတော်စစ်ဆေးရုံတွေမှာ ဆေးစစ်သွားမှာဖြစ်ပါတယ်” လို့ သူကပြောပါတယ်။
ဆေးအောင်တဲ့သူတွေကို စစ်သင်တန်းကျောင်းတွေဆီ တိုက်ရိုက် ပို့ မပို့နဲ့ပတ်သတ်တဲ့ ညွှန်ကြားချက်တော့မရသေးဘူးလို့လည်း သူကဆိုပါတယ်။
စစ်ကောင်စီက တစ်နိုင်ငံလုံးမှာရှိတဲ့မြို့နယ် ၁၇ကျော်မှာ စစ်မှုထမ်းစာရင်းတွေ ကောက်ယူနေပြီး ကိုယ်တိုင်ဆန္ဒပြုထားသူတွေကို စစ်မှုထမ်းနည်းဥပဒေ မထွက်လာခင်မှာဘဲ အခုလို စုစည်းခေါ်ဆောင်တာတွေ လုပ်လာနေတာဖြစ်ပါတယ်။
တန့်ဆည်မှာ တစ်ရက်တည်း အရပ်သား ၅ ဦးသတ်ဖြတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, Taze News
ဓာတ်ပုံ ပုံစာ, ၂၀၂၄ ဇန်နဝါရီလတုန်းက လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ တန့်ဆည်မြို့၊ စိန်းနန်းရွာ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ထဲက ချောင်းရိုးရွာက အရပ်သား ၄ ဦးနဲ့ ဖန်းခါးဇင်ရွာက အရပ်သား ၁ ဦး မတ်လ ၂၄ ရက်နေ့မှာ သတ်ဖြတ်ခံလိုက်ရတယ်လို့ မြေပြင်အခြေအနေသိတဲ့ ဒေသခံတချို့က ဘီဘီစီကိုပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ အင်အား ၁၀၀ကျော်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ တန့်ဆည်မြို့နယ်ထဲက ကျေးရွာတွေကို မတ် ၂၁ ရက်မှာ စတင်စစ်ကြောင်းထိုးနေခဲ့ပြီး မတ် ၂၄ ရက်မှာတော့ ချောင်းရိုးရွာထဲဝင်ရောက်ခဲ့တာလို့ သိရပါတယ်။ စစ်ကြောင်းထိုးနေချိန်မှာပဲ အရပ်သား ၄ ဦးကို သတ်ဖြတ်ခဲ့ပြီး ရွာတစ်လျှောက်က လမ်းဘေးဈေးဆိုင်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ရွာခံတစ်ဦးကဆိုပါတယ်။
သေဆုံးတဲ့ ချောင်းရိုးရွာ ဒေသခံ၄ ဦးထဲမှာ ၂ ဦးကတော့ လည်ပင်းပြတ်ရှဒဏ်ရာအပြင် ဗိုက်ဖောက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်ပြီး နောက်ထပ် ၂ ဦးကတော့ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာလို့ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ ချောင်းရိုးရွာကနေ ဖန်းခါးဇင်ရွာကို ဆက်လက်စစ်ကြောင်းထိုးခဲ့ပြီး နောက်ထပ် အရပ်သား ၁ ယောက်ကို သေနတ်နဲ့ပစ်သတ်ခဲ့သလို အရပ်သားနေအိမ် ၅၀ကျော်ထက်မနည်းကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ သူကဆက်ပြောပါတယ်။
သေဆုံးခဲ့တဲ့ ၅ ဦးစလုံးဟာ လူငယ်နဲ့ လူလတ်ပိုင်းအရွယ်အမျိုးသားတွေဖြစ်တယ်လို့ ရွာခံကပြောပေမယ့် သေဆုံးခဲ့တဲ့အခြေအနေတွေနဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိပါဘူး။
သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေကိုတော့ တန့်ဆည်သတင်းတွေဖော်ပြတဲ့ ဒေသအခြေစိုက်မီဒီယာတွေမှာ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားတာတွေ့ရပါတယ်။
ချောင်းရိုးနဲ့ ဖန်းခါးဇင်ရွာဟာ တန့်ဆည်မြို့တောင်ဘက် ၅ မိုင်ဝန်းကျင်မှာ တည်ရှိပြီး တန့်ဆည်-ရေဦးမြို့ကြားထဲက ကျေးရွာတွေဖြစ်ပါတယ်။
စစ်ကောင်စီကတော့ တန့်ဆည်က စစ်ကြောင်းတွေနဲ့ ပတ်သက်လို့ လက်ရှိအချိန်အထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
ဘော်တီမိုးမြို့မှာ ကွန်တိန်နာသင်္ဘောက တံတားကို ဝင်တိုက်လို့ တံတားတစ်စင်းလုံးပြိုကျ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဓာတ်ပုံ ပုံစာ, ပျက်စီးသွားတဲ့တံတား အမေရိကန်ပြည်ထောင်စု၊ ဘော်တီမိုးမြို့မှာ ကုန်တင်ကွန်တိန်နာသင်္ဘောတစ်စီးက ပြီးခဲ့တဲ့နာရီပိုင်းမှာ ဖရန့်ဆစ် စကော့ ကီး တံတားကို ဝင်တိုက်မိတာကြောင့် တံတားတစ်စင်းလုံး ပြိုကျသွားသလို တံတားပြိုချိန် လူ ၂၀ ထက်မနည်းနဲ့ ကားတွေလည်း မြစ်ထဲထိုးကျသွားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဓာတ်ပုံ ပုံစာ, ပြိုကျသွားတဲ့တံတားကို မြင်တွေ့ရတာဖြစ်ပါတယ် ရုပ်သံတွေမှာတော့ တံတားဟာ ဘော်တီမိုးမြို့က ပါတက်စကိုမြစ်အတွင်းကို ပြိုကျပျက်စီးသွားတာကို မြင်ရပါတယ်။
အခင်းဖြစ်တဲ့နေရာကို ရောက်နေတဲ့ မြို့မီးသတ်ဌာနကတော့ ကုန်တင်သင်္ဘောကြီးတစ်စီးဟာ ဖရန့်ဆစ် စကော့ ကီး တံတားရဲ့ မြစ်လယ်ရေတိုင်အုတ်ခုံအနီးကို အမေရိကန်ဒေသစံတော်ချိန် မနက် ၁ နာရီခွဲဝန်း ကျင်မှာ ဝင်တိုက်ခဲ့တာလို့ပြောပါတယ်။
ထိခိုက်သေဆုံးသူအချို့ရှိတယ်လို့ ကနဦးသိရပြီး ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေပါတယ်။
မိုးမောက်က စစ်တပ် တပ်ရင်းဌာနချုပ်နဲ့ ကာကင်းစခန်းတွေကို KIA နဲ့ PDF ထပ်သိမ်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, KIA တပ်ဖွဲ့ဝင်တစ်ဦး (ပုံဟောင်း) ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ထဲက မြို့သစ်အခြေစိုက် စစ်တပ် တပ်ရင်းဌာနချုပ် (ခမရ-၃၂၀) ကို ကချင်လွတ်လပ်ရေးတပ်(KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပါင်းအဖွဲ့တို့က ဒီကနေ့ မတ် ၂၆ ရက် နေ့လယ်ပိုင်းမှာ ထပ်ပြီးသိမ်းလိုက်တယ်လို့ မြေပြင်မှာရှိတဲ့ စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒီကနေ့ မတ် ၂၆ ရက်မနက်အစောပိုင်းမှာတော့ စစ်တပ် တပ်ရင်းဌာနချုပ် (ခမရ-၃၈၇) ကို KIA/PDF က သိမ်းခဲ့ပါတယ်။
တစ်ရက်တည်းမှာပဲ စစ်ကောင်စီတပ်ရဲ့ တပ်ရင်းဌာနချုပ် ၂ ခုအပြင် မိုးမောက်ထဲက မြို့သစ်ရွာအခြေစိုက် စစ်တပ်ရဲ့အရေးပါတဲ့ စလောင်းကုန်းပေါ်က ပင်မတပ်စခန်းနဲ့ ကာကင်းစခန်း ၇ ခုကိုလည်း KIA/PDF တပ်ဖွဲ့တွေက သိမ်းလိုက်တယ်လို့ သူကဆက်ပြောပါတယ်။
စလောင်းကုန်းဟာ မြို့သစ်ရွာနဲ့ တစ်မိုင်ဝန်းကျင်ကွာဝေးပြီး အဲဒီကုန်းပေါ်ကနေ မိုးမောက်မြို့တဝိုက်ကို အုပ်မိုးပြီး စီးမြင်နေရတဲ့အနေအထားကြောင့် မြေပြင်အနေအထားအရ စစ်တပ်ရဲ့ အရေးပါတဲ့နေရာတစ်ခုဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီတုန်းကလည်း စလောင်းကုန်းပင်မ တပ်စခန်းကို KIA က ထိုးစစ်ဆင်တိုက်ခိုက်ပြီးတဲ့နောက် စစ်တပ်ဘက်က စခန်းကုန်းပြန်ရအောင် ၁၀ ရက်ကျော်ကြာ တိုက်ခိုက်ခဲ့ပြီး မေ ၇ ရက်မှာမှ စလောင်းကုန်းကိုပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီကတော့ ကချင်ပြည်နယ်က စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ လက်ရှိအချိန်ထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
မိုးမောက်က စစ်တပ် တပ်ရင်းဌာနချုပ်တစ်ခုကို KIA နဲ့ PDF သိမ်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, KIA တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း) ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှာရှိတဲ့ ကုန်းလောမြို့အခြေစိုက် စစ်တပ်ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ-၃၈၇) ကို ကချင်လွတ်လပ်ရေးတပ်(KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တို့ ဒီကနေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြေပြင်မှာရှိတဲ့ စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
တစ်ချိန်တည်းမှာပဲ မိုးမောက်က နောက်ထပ် စစ်တပ်ခြေမြန်တပ်ရင်း(ခမရ-၃၂၀) ကို KIA/PDF ပူးပေါင်းတပ်ဖွဲ့တွေက ထပ်မံတိုက်ခိုက်နေပြီး စစ်တပ်ဘက်ကလည်း ပြန်ပြီးခုခံနေတာကြောင့် တိုက်ပွဲဖြစ်နေတာ ၁ ပတ်နီးပါးရှိပြီလို့ သူကဆက်ပြောပါတယ်။
ဒါအပြင် မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့အနီးက စစ်တပ်ခြေလျင်တပ်ရင်း (ခလရ-၁၄၁) ကိုလည်း KIA/PDF တပ်ဖွဲ့တွေက ထိုးစစ်ဆင်နေတယ်လို့ ကချင်သတင်းတွေကိုဖော်ပြတဲ့ ဒေသအခြေစိုက်မီဒီယာတစ်ခုမှာ ဖော်ပြထားပါတယ်။
အလားတူပဲ ကချင်ပြည်နယ်မှာ စစ်တပ်ဘက်က စခန်းစွန့်ခွာပြီးထွက်ပြေးခဲ့တဲ့ စစ်ကောင်စီတပ်စခန်း ၄ ခုထက်မနည်းရှိတယ်လို့ သိရပါတယ်။
တစ်ဖက်မှာလည်း ဆွမ်ပရာဘွမ်မြို့မှာ KIA/PDF တပ်ဖွဲ့တွေက စစ်တပ်ဗျူဟာကုန်းတစ်ခုကို တိုက်ခိုက်နေပြီး စစ်တပ်ဘက်ကလည်း လေကြောင်းကနေ ပြန်လည်ပစ်ခတ်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့ခံတစ်ဦးက ပြောထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ကချင်ပြည်နယ်က တိုက်ပွဲတွေနဲ့ပတ်သက်လို့ လက်ရှိအချိန်အထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
စစ်ကောင်စီက တပ်မတော်နေ့စစ်ရေးပြပွဲကို ဘာကြောင့် ညနေခင်းပြုလုပ်တာလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, နေပြည်တော်မှာ မနှစ်တုန်းက ကျင်းပတဲ့ ၇၈ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြပွဲ မနက်ဖြန် မတ်လ ၂၇ ရက်နေ့မှာ ကျင်းပဖို့ ရှိတဲ့ ၇၉ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြပွဲကို ရာသီဥတုအခြေအနေကြောင့် ညနေပိုင်းမှာ ကျင်းပမှာလို့ စစ်ကောင်စီက ဒီနေ့မှာ ပြောလာပါတယ်။
‘‘ရာသီဥတု အခြေအနေအရ ဖြစ်ပါတယ်။ အယ်လ်နီညို ရာသီဥတုဖြစ်တာကြောင့် ညနေပိုင်း ညပိုင်းမှာ ကျင်းပရတာဖြစ်ပါတယ်’’ လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
အယ်လ်နီညိုဟာ ပူပြင်းခြောက်သွေ့ပြီး အပူချိန်မြင့်မားမှုလည်းဖြစ်တဲ့ရာသီဥတုဖြစ်စဥ်တစ်ခုဖြစ်ပါတယ်။
ညပိုင်းမှာ စစ်ရေးပြပွဲမှာ လေယာဥ်၊ ရဟတ်ယာဥ်တွေထက် ညဘက် စွမ်းရည်ပြ အလေးပြု ပျံသန်းမှုတွေပါဝင်လာမယ်လို့လည်း သူက ပြောပေမဲ့ ဘယ်လို ပျံသန်းမှုတွေပါဝင်မယ်ဆိုတာတော့ တိတိကျကျ ပြောဆိုတာ မရှိပါဘူး။
စစ်တပ်က စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေတယ်လို့ အေအေပြော

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
ဓာတ်ပုံ ပုံစာ, မတ် ၁၈ ရက်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးခဲ့တဲ့ မင်းပြားမြို့၊ သာဒါ(မွတ်ဆလင်)ကျေးရွာက ဒေသခံတွေလို့ အေအေက ထုတ်ပြန်ပါတယ် မြန်မာနိုင်ငံအနှံမှာ စစ်မျက်နှာပြင်ပေါင်းများစွာဖွင့်ထားရတဲ့ မြန်မာစစ်တပ်အနေနဲ့ နိုင်ငံအနှံ့မှာ အရပ်သား ပြည်သူလူထုအပေါ် လေကြောင်း၊ ရေကြောင်းအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုတွေ နေ့တိုင်းကျူးလွန်နေတယ်လို့ ရက္ခိုင့်တပ်တော်(အေအေ)က မတ် ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒါအပြင် စစ်ကောင်စီတပ်က ပစ်ခတ်မှုတွေကြောင့် မြို့နဲ့ရွာမှာရှိတဲ့ အရပ်သားနေအိမ်တွေ၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေ၊ ရှေးဟောင်းသမိုင်းဝင်အမွေအနှစ်ဖြစ်တဲ့ စေတီပုထိုးတွေ၊ သာသနိကအဆောက်အဦတွေ ပျက်စီးဆုံးရှုံးသွားတယ်လို့လည်း ဆိုပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့အခြေစိုက် စစ်ကောင်စီတပ်က တိုက်ပွဲတွေမှာ ဘင်္ဂလီတွေကို ထည့်သွင်းအသုံးပြုပြီး တိုက်နေတယ်လို့ဆိုပြီး အေအေက ဓာတ်ပုံတွေနဲ့အတူ သတင်းထုတ်ပြန်ပြောဆိုပါတယ်။
ရခိုင်တိုက်ပွဲတွေမှာ ရိုဟင်ဂျာတွေကို အသုံးပြုနေတယ်ဆိုတဲ့ပြောဆိုချက်တွေကိုတော့ စစ်ကောင်စီဘက်က ငြင်းဆိုထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ရခိုင်ကတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာမျိုးမရှိပေမဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့ရွာတွေမှာ တိုက်ပွဲဖော်ဆောင်နေတဲ့ အေအေကို ပြည်နယ်မြို့တော်စစ်တွေမှာရှိတဲ့ ဘင်္ဂါလီလူမျိုးတွေက မတ် ၂၁ ရက်မှာ ဆန္ဒဖော်ထုတ်ပွဲတွေကျင်းပပြီး ဆန့်ကျင်ခဲ့ကြတယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်နေတယ်ဆိုပြီး ဝန်ထမ်း ၅ ဦးကို PDF Zoland ဖမ်းဆီး

ဓာတ်ပုံ ရင်းမြစ်, PDF Zoland
ဓာတ်ပုံ ပုံစာ, PDF Zoland ဖမ်းဆီးထားတဲ့ စစ်ကောင်စီဝန်ထမ်း ၅ယောက် ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်မှာ စစ်မှုမထမ်းမနေရဥပဒေအတွက် လူစာရင်းကောက်တာတွေမှာ ကူနေတယ်ဆိုတဲ့သတင်းအရ စစ်ကောင်စီဝန်ထမ်း ၅ ယောက်ကို PDF Zoland က မနေ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
သူတို့တွေရဲ့ မိသားစုဝင်တွေဘက်က PDF Zoland ကို ဆက်သွယ်လာတာရှိပေမယ့် ဒီဝန်ထမ်း ၅ ယောက်နဲ့ စကား ပြောခွင့်မပေးထားဘူးလို့ PDF Zolandက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“သူတို့ကို စားစရာနေစရာကောင်းကောင်းပဲပေးထားပါတယ်။ ရိုက်နှက်တာလည်း မလုပ်ပါဘူး။ စစ်ဆေးမေးမြန်းတာလုပ်ပြီး အရေးယူမယ်ဆိုတာကလည်း ဆက်ထိန်းသိမ်းတာမျိုးပဲ လုပ်မှာပါ” လို့ တာဝန်ရှိသူက ပြောပါတယ်။
ဒီဝန်ထမ်း ၅ယောက်ဟာ စစ်ကောင်စီရဲ့အထွေထွေအုပ်ချုပ်ရေး၊ စည်ပင်၊ လူဝင်မှုကြီးကြပ်ရေး၊ မွေးမြူရေးနဲ့ ကုသရေးနဲ့ အားကစားနဲ့ကာယပညာဦးစီးဌာနတွေက ဝန်ထမ်းတွေလို့ PDF Zoland က ထုတ်ပြန်ထားပါတယ်။
ချင်းပြည်နယ်မှာ တီးတိန်အပါအဝင် စစ်ကောင်စီက စစ်မှုထမ်း ဥပဒေဖော်နေတဲ့ မြို့နယ် ၅ မြို့နယ်ရှိတယ်လို့ သုတေသနအဖွဲ့ Data for Myanmar ရဲ့ အချက်အလက် စစ်တမ်းကောက်ယူထားချက်အရသိရပါတယ်။
ဒီအတောအတွင်းမှာပဲ ဘီဘီစီက ပြုစုထားတဲ့စာရင်းတွေအရ မန္တလေး၊ သံတွဲ၊ ရေနံချောင်း၊ ဝမ်းတွင်း၊ စလင်း၊ ပေါင်းတည်နဲ့ သဲကုန်းမြို့တွေမှာ မတ်လတတိယပတ်အတွင်း စစ်မှုထမ်းဖို့ အသက်အကျုံးဝင်သူစာရင်း ကောက်ခံမှုနဲ့ပတ်သက်ပြီး သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးသူ ခုနှစ်ဦးထက်မနည်း ရှိလာပါတယ်။
မဲဆောက်မှာ လုပ်ငန်းခွင်ထဲထိ ဝင်စစ်ဆေးတာရှိလာ, မြန်မာနိုင်ငံသား ၁၀ ဦး ဖမ်းဆီးခံရ

ဓာတ်ပုံ ရင်းမြစ်, တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး
ဓာတ်ပုံ ပုံစာ, ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲအထိ ဝင်ရောက် ဖမ်းဆီးမှုရှိလာ ထိုင်းနိုင်ငံ၊ တာ့ခရိုင်၊ မဲဆောက်မြို့နယ်၊ မယ်တောင်မြို့နယ်ခွဲ အိမ်ရာဝင်းတစ်ခုအတွင်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၁၀ ဦး ဖမ်းဆီးခံလိုက်ရပါတယ်။
ဖမ်းဆီးတာကိုတော့ ထိုင်းရဲတပ်ဖွဲ့က မတ်လ ၂၅ရက်မှာ ပြုလုပ်ခဲ့တာပါ။
ထိုင်းလူကုန်ကူးမှုတားဆီးရေး ရဲတပ်ဖွဲ့နဲ့ အလုပ်သမားရုံးက တာဝန်ရှိသူတွေဝင်စစ်ဆေးတဲ့အချိန်မှာ အသက် ၂၀ အရွယ် လူငယ်တစ်ဦးအပါဝင် အလုပ်သမား ၁၀ ယောက်ဟာ တရားဝင်နေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့်မရှိတဲ့အတွက် ဖမ်းဆီးခဲ့တယ်လို့ ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားတာပါ။
မြန်မာမှာ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်တာနဲ့ နယ်စပ်က တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံသားတွေဝင်လာနိုခြေ များတဲ့ခရိုင်တွေမှာ ထိုင်းဘက်က လုံခြုံရေးတင်းကြပ်နေချိန် အခုလို လုပ်ငန်းခွင်ထဲအထိ ဖမ်းဆီးမှုတွေ ထွက် ပေါ် လာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလ အစပိုင်းမှာလည်း ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအနီးက မြန်မာဈေးသည်တချို့ကို လည်း ဖမ်းဆီးထိန်းသိမ်းမှု ရှိခဲ့ပါတယ်။
ကချင်မှာ စစ်ကောင်စီဘက်က တပ်စခန်း စွန့်ခွာမှုတွေရှိလာ, ဆွမ်ပရာဘွမ်မှာ တိုက်ပွဲပြင်းထန်နေ

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, စစ်ကောင်စီဘက်က စွန့်ခွာခဲ့တဲ့ စခန်းတစ်ခု (ပုံဟောင်း) တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်မှာ မံစီမြို့အခြေစိုက် စစ်တပ်စခန်းကြီးတွေဖြစ်တဲ့ မိုင်းခေါင်၊ နမ့်လင်းပါနဲ့ လွယ်ခမ်းတပ်စခန်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မတ်လ တတိယအပတ်အတွင်းမှာပဲ စခန်းစွန့်ခွာထွက်ပြေးသွားကြတယ်လို့ မြေပြင်အခြေအနေသိတဲ့ ဒေသခံတချို့က ဘီဘီစီကို အတည်ပြုပြောပြပါတယ်။
ဒါအပြင် မချမ်းဘော့မြို့နယ်မှာ စစ်တပ် ၅ နှစ်ကျော်ဝန်းကျင် တပ်စွဲထားခဲ့တဲ့ အလန်ဂါးစခန်းကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မတ် ၂၄ ရက်မှာ စခန်းစွန့်ပြီးဆုတ်ခွာသွားတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးကပြောပါတယ်။
တစ်ဖက်မှာလည်း ဆွမ်ပရာဘွမ်မြို့မှာ KIA/PDF ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ် ဗျူဟာကုန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ၁၀ ရက်ကျော်ကြာတဲ့အထိ တိုက်ပွဲပြင်းထန်နေပါတယ်။
စစ်တပ်ဘက်ကလည်း စခန်းကုန်းမကျရေးအတွက် လေကြောင်းကနေ ပြန်လည်ပစ်ခတ်ပြီး ခုခံတိုက်ခိုက်နေတယ်လို့ မြို့ခံတစ်ဦးရဲ့အပြောအရ သိရပါတယ်။
ကချင်ပြည်နယ်မှာ မတ် ၇ ရက်က စတင်ပြီး ကချင်လွတ်လပ်ရေးတပ်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းအဖွဲ့တို့က KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ပတ်ဝန်းကျင်နဲ့ မြစ်ကြီးနား - ဗန်းမော်ကားလမ်းတစ်လျှောက်မှာရှိတဲ့ စစ်ကောင်စီတပ်စန်းတွေကို တစ်ပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ တိုက်ပွဲဖြစ်ပွားတဲ့ ၂ ပတ်ဝန်းကျင်အတွင်း စစ်တပ်စခန်းပေါင်း ၃၀ ကျော်ကို သိမ်းထားနိုင်တယ်လို့ ဘီဘီစီကို အစောပိုင်းမှာ ပြောထားပါတယ်။
မင်္ဂလာပါ။ မတ်လ ၂၆ ရက် ထိပ်တန်းရောက် မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
