ဇန်နဝါရီ ၇ ရက် နောက်ဆုံးရသတင်းများ

ရေးသားခဲ့သည်။

မင်္ဂလာဒုံ၊စံသမာဓိရပ်ကွက် အသံတိတ်တောင်းဆိုနေသူတွေကို ခြောက်လှန်ပစ်ခတ်

စစ်အာဏာသိမ်း၊ အိမ်ဖျက်၊ မင်္ဂလာဒုံ၊ စံသမာဓိ

ဓာတ်ပုံ ရင်းမြစ်, CJ

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ စံသမာဓိရပ်ကွက်ရှေ့မှာ နေရာပြန်ပေးဖို့အတွက် အသံတိတ် တောင်းဆိုနေသူတွေကို ဒီနေ့မနက်က စစ်ကောင်စီတပ်တွေ ခြောက်လှန့်ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ အသံတိတ်တောင်းဆိုနေတသူတွေဆီကနေ သိရပါတယ်။

“ညကလည်း ရပ်ကွက်ထဲကနေ ပစ်ဖောက်နေတာတွေရှိတယ်။ ဒီနေ့ မနက်မှာလည်း ကိုယ်စီ ကိုယ်စီ လိုင်းကားလေးတွေနဲ့ လာပြီးစုကြတုန်း ရပ်ကွက်ထဲကနေ သေနတ်ဖောက်တယ်။ ၅ ယောက် အထက်စုရင် ဖမ်းမယ်ဆိုလို့ နှစ်ယောက်တွဲ ၊ သုံးယောက်တစ်စုလေးတွေ ခွဲနေကြရတယ်”လို့ နေအိမ်ဖျက်ခံရတဲ့ စံသမာဓိရပ်ကွက်နေထိုင်ခဲ့သူ တစ်ယောက်က ပြောပါတယ်။

နေပူရှိန်မြင့်တာ၊ အစားသောက် မစားရတာတွေ၊ ခြောက်လှန်ပစ်ခတ်တာကြောင့် ထိတ်လန့်ပြီး အသက် ၇၀ ဝန်းကျင်အရွယ် အမျိုးသမီး ၃ ယောက် မူးလဲတာလည်း ရှိပါတယ်။

အော်ဟစ်တောင်းဆိုတာမျိုးမရှိဘဲ လူစုဝေးပြီး အိမ်ဖျက်သိမ်းခံလိုက်ရတဲ့ နေရာတွေ ပြန်ပေးဖို့ တောင်းဆိုနေတာ ဒီနေ့ဆို သုံးရက်မြောက်ရှိနေပါပြီ။

မနေ့က စုဝေးတောင်းဆိုနေသူတွေကို အုပ်ချုပ်ရေးအဖွဲ့တွေက နာမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်နံပါတ်၊ ဖခင်နာမည် စတာတွေကို လိုက်စာရင်းကောက်ခဲ့တယ်လို့ ပြောကြပါတယ်။

ညပိုင်းမှာတော့ အိမ်ဖျက်ခံရသူတွေငှားနေကြတဲ့ အဆောင်တွေ၊ အိမ်ပိုင်ရှင်တွေက ဒီလိုတောင်းဆိုတာတွေမလုပ်ဖို့၊ စံသမာဓိရပ်ကွက်နားက စုဝေးတောင်းဆိုတဲ့နေရာကို မသွားဖို့၊ တကယ်လို့သွားမယ်ဆိုရင် အဆောင်တွေ ၊ နေအိမ်တွေမှာ လက်မခံဘူးဆိုတာတွေ ပြောလာတာကြောင့် တချို့ မလာနိုင်ကြတာတွေရှိတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလက မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုက ရပ်ကွက်အချို့ကို ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေ၊ ပျဉ်းမပင်စက်မှုဇုန် ဧရိယာ ဧက ၅၆၀ ကျော်မှာ ခွင့်ပြုချက်မဲ့ ကျူးကျော် ဆောက်လုပ်နေထိုင်နေကြတယ်ဆိုပြီး အာဏာပိုင်တွေကဖယ်ရှားခိုင်းခဲ့ပြီးနောက် စံသမာဓိ၊ မြဲမြံအောင်၊ ဂုန်ညှင်းနီ၊ ဓမ္မပါလနဲ့ မြဝတီစတဲ့ ၅ ခုက နေအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေ၊ သီလရှင်ကျောင်းတွေအပါအဝင်နေအိမ်ပေါင်း ၁ သောင်းဝန်းကျင်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ဖျက်ခဲ့တာဖြစ်ပါတယ်။

စစ်အာဏာသိမ်း နှစ်နှစ်အတွင်း အမျိုးသမီး သေဆုံးသူ ၄၁၄ ယောက်၊ အဖမ်းခံရသူ ၂၇၀၀ ကျော်ရှိ

စစ်အာဏာသိမ်း၊ အမျိုးသမီး၊ အသတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Image

ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရင်း ပထမဆုံးသေဆုံးခဲ့ရတဲ့ နေပြည်တော်က မမြသွဲ့သွဲ့ခိုင်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်တပ်က အာဏာသိမ်းတဲ့ နှစ်နှစ်တာ ကာလအတွင်းမှာ အမျိုးသမီး သေဆုံးသူဦးရေ ၄၁၄ ယောက်ရှိပြီး အဲဒီအထဲမှာ ကျေးရွာထဲ လက်နက်ကြီးကျလို့ သေဆုံးသူဦးရေ ၁၀၇ ယောက်နဲ့အများဆုံးဖြစ်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ မှတ်တမ်းဌာနကနေ သိရပါတယ်။

ဒါ့အပြင် ကျေးရွာတွေထဲကို စစ်ကြောင်းထိုးချိန်မှာ ပစ်ခတ်တာကြောင့် သေဆုံးသူ ၇၈ ယောက်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၆ ယောက်၊ ဖမ်းဆီးခံရချိန်မှာ သေဆုံးသူ ၅၃ ယောက်၊ ဆန္ဒထုတ်ဖော်နေချိန် ပစ်ခတ်ဖြိုခွဲတာ၊ ဦးခေါင်းကျည်ထိမှန်တာကြောင့် သေဆုံးသူ အယောက် ၂၀ ၊ အတည်ပြုနေဆဲ အဓမ္မကျင့်ခံရတဲ့အမှုအချို့လည်းရှိတယ်လို့ အမျိုးသမီးသမဂ္ဂရဲ့ အမျိုးသမီးဆိုင်ရာ အချက်လက်တွေအရ သိရပါတယ်။

အဖမ်းခံရတဲ့ အမျိုးသမီး စုစုပေါင်း ၂၇၇၈ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၇၅၈၊ စစ်ကိုင်းနဲ့ မန္တလေးမှာ အယောက် ၃၀၀ ကျော်စီ၊ ပဲခူးနဲ့ တနင်္သာရီတိုင်းမှာ ၂၀၀ ကျော်စီ ရှိခဲ့ကြပါတယ်။ ကျန်တဲ့ ၁၅၀၀ ကျော်ကတော့ အခြားပြည်နယ်နဲ့ တိုင်းအသီးသီးက လို့ သိရပါတယ်။

အဲ့ဒီအမျိုးသမီးတွေရဲ့ ဦးရေ အယောက် ၂၀၀၀ ကျော်ဟာ သာမာန်အရပ်သူတွေဖြစ်ပြီး ပညာရေးဌာနက ၃၆၅ ယောက်၊ ပါတီနိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၉၂ ယောက်၊ ကျန်းမာရေးကဏ္ဍက ၅၁ ယောက် အပြင် အနုပညာရှင်၊ သတင်းမီဒီယာ၊ NGO နဲ့ တက်ကြွလှုပ်ရှားသူတွေလည်း ဖမ်းဆီးခံထားရပါတယ်။

စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အုပ်စုဖွဲ့ အဓမ္မကျင့်မှုပေါင်း ၁၅ မှု၊ အရပ်သားတွေက ကျူးလွန်တာ ၁၀ မှု၊ စစ်ကြောရေးမှာ လိင်ပိုင်းဆိုင်ရာ ထိပါး‌နှောက်ယှက်မှု ၃ မှု၊ စစ်ဆေးရေးဂိတ်တွေမှာ ကျူးလွန်တဲ့ ထိပါးနှောက်ယှက်မှု ၂ ခု ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂ ဘက်က သိရှိထားရတဲ့ ပြစ်မှုဖြစ်စဥ်မှတ်တမ်းတွေကိုတော့ ဘီဘီစီက သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

စစ်ကောင်စီဘက်က ကျူးလွန်တယ်လို့ ပြောဆိုထုတ်ပြန်မှုတွေအပေါ် စစ်ကောင်စီဘက်ကတော့ တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။

မြေအောက်ရေတွင်းထဲပြုတ်ကျခဲ့တဲ့ မြန်မာရွှေ့ပြောင်းကလေးကို ကယ်ဆယ်နိုင်ခဲ့

မြန်မာကလေး၊ ‌မြေအောက်ရေတွင်းထဲကျ၊ ထိုင်းကယ်ဆယ်

ဓာတ်ပုံ ရင်းမြစ်, Somchit Rungjarasrassamee / BBC Thai

ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊ ဖုပ်ဖရာ့မြို့ စီရရာချ်ကျေးရွာအုပ်စု ၊ ကောက်ကျလိန်စုရွာမှာ ပေ ၅၀ ခန့်ရှိတဲ့ မြေအောက်ရေတွင်းထဲပြုတ်ကျတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားမိသားစုရဲ့ ကလေးငယ်ကို ဒီကနေ့မနက်ပိုင်းမှာ အသက်ရှင်လျှက် ပြန်ကယ်နိုင်ခဲ့ပြီလို့ ဒေသတွင်း သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ပီလောပီနံခြံက မြန်မာအလုပ်သမားမိသားစုရဲ့ တစ်နှစ်ခုနှစ်လ အရွယ်ကလေးဟာ ဖေဖော်ဝါရီ ၆ရက်၊ ညနေပိုင်းက အကျယ် ၁ ပေ၊ အမြင့် ၁၅ မီတာ (ပေ ၅၀ ခန့်) လောက်ရှိတဲ့ ရေတွင်းပေါက်ထဲ ပြုတ်ကျခဲ့တာပါ။

မြန်မာအလုပ်သမားဇနီးမောင်နှံ နှစ်ယောက်ဟာ အလုပ်ကို အာရုံစိုက်နေတုန်းခဏမှာ ကလေးကို ရှာမတွေ့တာကြောင့် လိုက်ရှာတဲ့အခါ ရေတွင်းပေါက်ကနေ ကလေးငိုသံကို ကြားခဲ့ကြရပါတယ်။

အဲ့ဒီနောက် မဲဆောက်မြို့က သဘာဝဘေးကာကွယ်ရေးနဲ့ လျော့ပါးရေးဌာနကို အကူညီတောင်းတာကြောင့် ကလေးငယ်ကို အသက်ရှင်ဖို့ ရေတွင်းပေါက်ထဲကို အောက်ဆီဂျင်ထည့်ပေးကြရသလို မြေတူးစက်တွေနဲ့လည်း တူးဖော်ခဲ့ကြပါတယ်။

ဒီနေ့မနက်မှာတော့ ကလေးငယ်ကို အောင်အောင်မြင်မြင်ကယ်ထုတ်နိုင်ခဲ့ပြီး ဆေးရုံကို ပို့ဆောင်တယ်လို့ အလုပ်သမားဟစ်တိုင်နဲ့ ထိုင်းအခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

မဏိပူရပြည်နယ်မှာ မြန်မာ ၁၀ ယောက် ထပ်အဖမ်းခံရ

စစ်အာဏာသိမ်း၊ စစ်ဘေးရှောင်၊ အိန္ဒိယ၊ မဏိပူရ၊ ဖမ်းခံရ

ဓာတ်ပုံ ရင်းမြစ်, N.Biren Singh Facebook

အိန္ဒိယနိုင်ငံ မဏိပူြ်ည်နယ်၊ နယူလန်ကာမြို့က ဗာလ်ဗန်း ကျေးရွာမှာ တရားမဝင် မြန်မာနိုင်ငံသား ၁၀ ယောက်ကို ထပ်ဖမ်းမိတယ်လို့ ဖေဖော်ဝါရီ ၅ ရက်မှာ မဏိပူရပြည်နယ်ဝန်ကြီးချုပ် N.Biren Singh က သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီး ၆ ယောက် အမျိုးသား ၄ ယောက်ဖြစ်ပြီး သူတို့တွေဟာ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း မုံရွာမြို့နဲ့ ကလေးမြို့ကနေ ရောက်ရှိလာကြတာလို့ ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေက ရှာဖွေရေး လုပ်နေတဲ့အချိန်မှာလည်း တရားမဝင် နိုင်ငံသားတွေလို့ သံသယရှိသူတွေ ထွက်ပြေးသွားတာတွေရှိသလို၊ ပြင်းပြင်းထန်ထန် လိုက်လံဖမ်းဆီးပြီးနောက် တရားမဝင်နိုင်ငံသားတွေကို အခုလို ဖမ်းဆီးမိတာလို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

အဖမ်းခံရသူတွေကို စစ်ဆေးချက်အရ မြန်မာနိုင်ငံကနေ နယူလန်ကာမြို့နယ်ထဲမှာ ခိုလှုံနေခဲ့တဲ့အကြောင်း ဝန်ခံခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

မဏိပူြ်ည်နယ်အတွင်း တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို လက်ခံထားတဲ့ အိမ်ပိုင်ရှင်တွေကိုလည်း ဥပ‌ဒေကြောင်းအရ အရေးယူသွားမှာဖြစ်တဲ့အတွက် တရားမဝင် ရွှေ့ပြောင်းနေထိုင်တဲ့သူတွေကို တွေ့ရှိရင် ပြည်နယ်အစိုးရကို အကြောင်းကြားပေးဖို့ကိုလည်း ပြည်နယ်ဝန်ကြီးချုပ်က ရေးသားထားပါတယ်။

ဒါ့အပြင် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၇ ရက် ထုတ်ပြန်ချက်အရ ဖမ်းဆီးရမိထားသူတွေကို အမိန့်မချခင်အထိ နိုင်ငံခြားသား ထိန်းသိမ်းရေးစင်တာအဖြစ် သတ်မှတ်ထားတဲ့ နေရာ ၁၃ ခုမှာ ထားရှိမယ်လို့လည်း ဝန်ကြီးချုပ်က မှတ်ချက်မှာ ရေးသားထားပါတယ်။

မဏိပူြ်ည်နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်က မြန်မာနိုင်ငံသား ၈၁ ယောက်၊ ဇန်နဝါရီ ၃၀ မှာ ၄ ယောက် အဖမ်းခံခဲ့ရပါတယ်။

မြန်မာနိုင်ငံ စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်က ဒေသခံတွေဟာ စစ်ကြောင်းထိုးတာတွေ၊ တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံ မဏိပူြ်ည်နယ်၊ မီဇိုရမ်ပြည်နယ်အပါအဝင် ပြည်နယ်တချို့ကို ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ အဖမ်းခံထားရတဲ့ စစ်ဘေးရှောင်တွေအတွက် ရှေ့နေတွေငှားရမ်းပေးထားသလို အိန္ဒိယအစိုးရနဲ့လည်း ညှိနှိုင်းနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

အိန္ဒိယရောက် မြန်မာနိုင်ငံသားတွေရဲ့ သတင်းအချက်လက်တွေ ထုတ်ပြန်နေတဲ့ India for Myanmar ကလည်း မြန်မာနိုင်ငံဖက်ဒရယ်ဒီမိုကရေစီလှုပ်ရှားမှုအတွက် အိမ်နီးချင်း ဒီမိုကရေစီအိန္ဒိယနိုင်ငံဆီက အကူညီရဖို့ မှတ်ချက်တွေမှာ ဝင်ရေးသားဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ကလေးငယ်နဲ့အမျိုးသမီးအပါအဝင် တအာင်း ၁၂၇ ယောက်ကို TNLA ကယ်ထုတ်လို့ထုတ်ပြန်

တအာင်း၊ ဂျာယန်ပြည်သူ့စစ်ဖမ်းဆီး၊ TNLA ကယ်ထုတ်

ဓာတ်ပုံ ရင်းမြစ်, TNLA

တအာင်းနယ်မြေ၊ တပ်မဟာ ၆ ၊ မိုင်းယော်တိုက်နယ်၊ ဂျာယန်ကျေးရွာမှာ စစ်မှုထမ်းဖို့ အခေါ်ခံထားရတဲ့ တအာင်းလူမျိုး ၁၂၇ ယောက်ကို တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က ဖေဖော်ဝါရီ ၄ ရက်မှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ TNLA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

အဲ့ဒီအထဲမှာ အသက်မပြည့်သေးတဲ့ ကျောင်းနေအရွယ် ကလေး အယောက် ၂၀၊ အမျိုးသမီးငယ် ၁၅ ယောက်၊ အခြားအရွယ် ၉၂ ယောက်ပါဝင်ပြီး သူတို့ကို စစ်ကောင်စီရဲ့ ဂျာယန်ပြည်သူ့စစ်တပ်ဖွဲ့က အဓမ္မခေါ်ဆောင်ပြီး စစ်သင်တန်းတက်ရောက်ခိုင်းတာဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အဲ့ဒီလို ကယ်ထုတ်ချိန်မှာ ဂျာယန်ပြည်သူ့စစ်ကို ကူညီပေးတဲ့အနေနဲ့ စစ်ကောင်စီက လေကြောင်းနဲ့ အကြိမ် ၃၀ ထက်မနည်း ပစ်ခတ်ခဲ့တယ် TNLA က ပြောပါတယ်။

လားရှိုးခရိုင်၊ မိုင်းယော်ဒေသမှာရှိတဲ့ တအာင်းတိုင်းရင်းသားတွေဟာ ခေတ်အဆက်ဆက်ကနေ ဒီနေ့အထိ လွတ်လွတ်လပ်လပ် ပညာသင်ကြားခွင့်၊ အသက်မွေးခွင့်မရဘဲ လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံရဲ့ ဖိနှိပ်မှုအောက်မျာ စစ်မှုထမ်းနေကြရတယ်လို့လည်း ဆိုပါတယ်။

ဂျာယန်ပြည်သူ့စစ်ဘက်ကနေ လေကြောင်းနဲ့ စစ်ကောင်စီက တိုက်ခိုက်တယ်ဆိုတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး