လေကြောင်းတိုက်ခိုက်မှုခံရတဲ့ ကုန်းသာရွာကဒေသခံတွေ နေရပ်မပြန်ကြရသေး

အပစ်ရပ်သက်တမ်း ၁ နှစ်တိုးတယ်လို့ စစ်ကောင်စီကြေညာ

တပ်မတော်(ကြည်း) (လေ)၊ အမြောက်နှင့်သံချပ်ကာ တပ်ဖွဲ့ ပူးပေါင်းစစ်ဆင်မှုလေ့ကျင့်ခန်းပြုလုပ်မှုမြင်ကွင်း (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, တပ်မတော်(ကြည်း) (လေ)၊ အမြောက်နှင့်သံချပ်ကာ တပ်ဖွဲ့ ပူးပေါင်းစစ်ဆင်မှုလေ့ကျင့်ခန်းပြုလုပ်မှုမြင်ကွင်း (ပုံဟောင်း)

၂၀၂၃ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ရက်အထိ အပစ်အခတ်ရပ်စဲမှု ကာလအဖြစ် သက်တမ်း ၁နှစ်တိုးတယ်ဆိုပြီး စစ်ကောင်စီက ကြေညာလာပါတယ်။ ကြေညာချက်ထဲ နိုင်ငံတော်အစိုးရလုံခြုံရေးနဲ့ အုပ်ချုပ်ရေး ဆိုင်ရာယန္တရားတွေကို နှောင့်ယှက်ထိပါးတိုက်ခိုက်တဲ့ အချိန်က လွဲပြီး စစ်တပ်ရဲ့ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို ရပ်ထားမယ်လို့ဆိုပါတယ်။ ဒီအတွက် အချက် ၈ ချက်ဆိုကာ ထုတ်ပြန်ထားပြီး ၂၀၁၈ ခုနှစ်၊ ဒီ ဇင်ဘာ ၂၁ရက်ကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ ၄ နှစ်ကျော် အပစ်ခတ်ရပ်စဲပေးထားတယ်ဆိုတာနဲ့ ၄ နှစ်ကျော်ကာလအတွင်း ထုတ်ပြန်ချက်ပေါင်း ၂၁ ကြိမ် ထုတ်ပြန်ခဲ့တာကို ပြောထားပါတယ်။ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် စဉ်ဆက်မပြတ် အကောင်အထည်ဖော်နေတယ်လို့ဆိုသလို စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးနေတဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေထဲက ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) ၊ ကရင် အမျိုးသား အစည်းအရုံး/ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ( KNU-KNLA/PC) ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့(PNLO) ၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU ) စတဲ့ ၇ ဖွဲ့ နဲ့ လက်မှတ်ရေးထိုးထားတာမရှိပေမဲ့တွေ့ဆုံနေတဲ့ ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်( NDAA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့နဲ့ ၂ကြိမ် တွေ့ထားတာကို ဖော်ပြထားပါတယ်။ လက်ရှိမှာတော့စစ်ကောင်စီနဲ့ ဆွေးနွေးတာမရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးတွေဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ချင်းအမျိုးသားတပ်ဦး (CNF)တို့အကြားပြင်းထန်တိုက်ပွဲတွေရှိနေသလို ရက္ခိုင့်တပ်တော် (AA) နဲ့လည်း တကျော့ပြန်ပြင်းထန်တိုက်ပွဲပြီးနောက် လတ်တလော ယာယီအပစ်ခတ်ရပ်စဲထားတာဖြစ်ပါတယ်။

မြန်မာ့မဟာဗျူဟာနဲ့မူဝါဒရေးရာလေ့လာရေးဌာန ISP မြန်မာရဲ့ စစ်တမ်းမှာတော့ အာဏာသိမ်းမှုအလွန် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၅ ရက်အထိ နိုင်ငံတဝန်း လက်နက်ကိုင်ပဋိပက္ခတိုက်ပွဲပေါင်း ၇၈၅၅ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး အဲဒီတိုက်ပွဲတွေထဲမှာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAOs) တွေအကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲပေါင်း ၄,၅၄၈ ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF/LDF/CDF/CNDF/KNDF) အကြား တိုက်ပွဲဖြစ်ပွားမှုတွေက ၂၂၆၇ ကြိမ်ထက်မနည်း ရှိခဲ့သလို EAOs တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်ကောင်စီနဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲပေါင်း ၉၂၅ ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။

စစ်ကောင်စီနဲ့ CRPH ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို လက်ခံမှာမဟုတ်ဘူးလို့ KNU တပ်မဟာ ၂ထုတ်ပြန်

တောင်ငူခရိုင်၊ သံတောင်မြို့နယ်၊KNUတပ်မဟာ(၂)နယ်မြေ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, တောင်ငူခရိုင်၊ သံတောင်မြို့နယ်၊KNUတပ်မဟာ(၂)နယ်မြေ

စစ်ကောင်စီက ကျင်းပလာမယ့် ရွေးကောက်ပွဲ၊ စစ်တပ်အကျိုးစီးပွားကို ဆန့်ကျင်သပိတ်မှောက်ဖို့ဆိုပြီး KNU တောင်ငူခရိုင် တပ်မဟာ ၂ ရဲ့ ၇ကြိမ်မြောက် ကွန်ကရက်အပြီးဒီဇင်ဘာ ၃၁ရက်မှာထွက်လာတဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အချက် ၇ချက်ပါတဲ့ အဲဒီထုတ်ပြန်ချက်ထဲ မှာ တပ်မဟာ ၂ နယ်မြေတွေအတွင်း စစ်ကောင်စီနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု CRPH က ချမှတ်လာမယ့် အုပ်ချုပ်ရေးလုပ်ငန်းတွေကို လက်ခံမှာမဟုတ်ဘဲ KNU ရဲ့ အုပ်ချုပ်ရေးယန္တရားတွေကို ပိုမိုအားကောင်းအောင် လုပ်ဆောင်သွားမယ်လို့လည်းဆိုပါတယ်။ KNU တောင်ငူခရိုင် တပ်မဟာ ၂ နယ်မြေအတွင်းနေထိုင်ကြတဲ့ လူထုတွေအနေနဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် ပြင်ဆင်ထားကြဖို့နဲ့ စစ်ဘေးကြောင့် နယ်မြေစွန့်ခွာ စစ်ဘေးတိမ်းရှောင်ရသူတွေအပါအဝင် စစ်ဘေးဒုက္ခသည်တွေကို လူ သားချင်းစာနာထောက်ထားမှုအကူအညီတွေ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အထောက်အပံ့တွေကို KNU ဗဟိုကတစ်ဆင့် ခရိုင်အဆင့်ကို ကူညီပံ့ပိုးပေးကြဖို့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့တွေကိုလည်းတပ်မဟာ ၂က တောင်းဆိုထားပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ပေါ်ပေါက်လာဖို့နဲ့ စစ်အာဏာရှင်နစ် ချုပ်ငြိမ်းဖို့အောက်ခြေအဆင့်မှာ အမြင်တူတဲ့ မဟာမိတ်အဖွဲ့တွေနဲ့လက်တွဲလုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းမြို့က စစ်ရှောင်တွေ ရာသီဥတုဒဏ်ကြောင့် သေဆုံးသူနဲ့ မကျန်းမာသူတွေရှိလာ

စစ်ရှောင်တွေ ရာသီဥတုဒဏ်ကြောင့် သေဆုံးသူနဲ့ မကျန်းမာသူတွေရှိလာ

ဓာတ်ပုံ ရင်းမြစ်, YP/CJ

ဓာတ်ပုံ ပုံစာ, စစ်ရှောင်တွေ ရာသီဥတုဒဏ်ကြောင့် သေဆုံးသူနဲ့ မကျန်းမာသူတွေရှိလာ

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာ ၇ ရွာကို စစ်ကောင်စီတပ်တွေမီးရှို့လို့ ဒေသခံ ၈ ထောင်ကျော် တိမ်းရှောင်နေရသလို စစ်ရှောင်တွေထဲ ဆောင်းရာသီအအေးဒဏ်ကြောင့် သေဆုံးသူတွေနဲ့ မကျန်းမာသူတွေရှိလာတယ်လို့ စစ်ရှောင်ကျန်းမာရေးကူညီပေးနေသူတွေကပြောပါတယ်။ ဒီဇင်ဘာနောက်ဆုံးပတ်မှာ စစ်ကိုင်းမြို့နယ်ထဲက လင်းယဉ်၊ လင်းယဉ်ရွာသစ်၊ ကုန်းကြီး၊ ရှမ်းကုန်း၊ မိုးသောက်၊ မြင်းဆည်နှင့် သုံးလင့်ရွာစတဲ့ ရွာ ၇ ရွာမီးရှို့ခံရလို့ ဒေသခံတွေတိမ်းရှောင်နေကြရတာပါ။ မြင်းဆည်ကျေးရွာမှာတော့ စစ်ကြောင်းဝင်ရောက်လာချိန် မပြေးနိုင်လို့ ကျန်ခဲ့တဲ့အမျိုးသမီးကြီးတစ်ဦး ရွာမီးရှို့ခံရချိန် မီးထဲပါလို့ အသက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၂၇ရက်ကနေ ၃၀ ရက်နေ့ထိရရှိထားတဲ့စာရင်းတွေအရဆိုရင် ကျေးရွာ ၇ ရွာလုံးမီးရှို့ခံရလို့ လူနေအိမ် တစ်ရာဝန်းကျင် ပျက်စီးခဲ့ပါတယ်။ ကျေးရွာအများစုဟာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြားထိတွေ့မှုလည်းမရှိသလို စစ်ကောင်စီတပ်တွေကို မိုင်းဆွဲတိုက်ခိုက်တာမျိုးဖြစ်ပွားတာမရှိခဲ့ဘဲ မီးရှို့ခံရတာလို့ ဒေသခံတွေကပြောပါတယ်။ လက်ရှိမှာတော့စစ်ရှောင်နေသူတွေဟာ ရာသီဥတုဒဏ်ကြောင့်ရော ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမမီလို့ အခက်အခဲတွေကြုံနေရတယ်လို့ စစ်ရှောင်ကျန်းမာရေးကူညီသူတွေကပြောပါတယ်။ စစ်ကိုင်းမြို့နယ်တစ်ခုလုံးမှာ ဒီနှစ် ဧပြီလကနေ ဒီဇင်ဘာထိ ပြီးခဲ့တဲ့ ကိုးလအတွင်း ကျေးရွာ ၂၇ ရွာ မီးရှို့ခံရလို့ နေအိမ်ပေါင်း ၁၇၀၀ ကျော် မီးလောင်ခံရပါတယ်။ အဲဒီကျေးရွာတွေမှာ တောင်ကြားကျေးရွာက သုံးကြိမ်၊ ညောင်ပင်ရှည်၊ ဒီပဲယင်းကွဲနဲ့ မြင်းဆည်ကျေးရွာတွေက နှစ်ကြိမ်စီနဲ့ မီးရှို့ခံရတာဖြစ်ပါတယ်။ ဒီလိုနေအိမ်တွေ မီးရှို့ခံရလို့ ရိတ်သိမ်းပြီးစပါးတွေ တင်းပေါင်း သောင်းဂဏာန်းထိ ပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလို ပွင့်လင်းရာသီမှာ ဆောင်းသီးနှံစိုက်ပျိုးဖို့ထက် ဖမ်းဆီးပစ်သတ်တာတွေ ရှိတာလို့ မိုးသီးနှံရိတ်သိမ်းဖို့တောင် အဆင်မပြေဘူးလို့ဆိုပါတယ်။

ISP Myanmar စစ်တမ်းအရ စစ်အာဏာသိမ်းပြီးနောက် ဒီဇင်ဘာ ၁၄ ရက်အထိ လက်နက်ကိုင်ပဋိပက္ခ ဖြစ်စဉ်အတွင်းမှာ စစ်ကိုင်းတိုင်းက ဒေသခံ ၈ သိန်းဝန်းကျင်ဟာ စစ်ပြေးတိမ်းရှောင်နေရပါတယ်။ ဒါဟာ စစ်ကိုင်းတိုင်း လူဦးရေရဲ့ ၁၅ရာခိုင်နှုန်းခန့် ရှိပြီး နိုင်ငံတဝန်းမှာ စစ်ကိုင်းတိုင်းက စစ်ရှောင်ပြည်သူ အများဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၃ ဟာ တော်လှန်ရေးအတွက်အရေးကြီးတဲ့နှစ်လို့ NUG ယာယီသမ္မတပြော

၂၀၂၃ ဟာ တော်လှန်ရေးအတွက်အရေးကြီးတဲ့နှစ်လို့  NUG ယာယီသမ္မတပြော

ဓာတ်ပုံ ရင်းမြစ်, Screen Grab

ဓာတ်ပုံ ပုံစာ, ၂၀၂၃ ဟာ တော်လှန်ရေးအတွက်အရေးကြီးတဲ့နှစ်လို့ NUG ယာယီသမ္မတပြော
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကုလသမဂ္ဂ မှာ မြန်မာကိုယ်စားပြုအဖြစ်သံအမတ်ကြီး ဦးကျော်မိုးထွန်း‌ဆက်ရှိနေတာ၊အမေရိကန်ကာကွယ်ရေးအသုံးစရိတ် NDAA ဥပဒေမှာ NUG/NUCC/ CRPH/ EROs နဲ့ CDM/ PDF တို့ကို အကူအညီပေးဖို့ အချက်တွေပါဝင်လာတာအပါအဝင် အာဆီယံမှာ စစ်ကောင်စီဘက်က ‌အစည်းအဝေးတွေတက်ခွင့်မရဖြစ်နေတာဟာ တော်လှန်ရေးအင်အားစုတွေဘက်က အသာစီးရလာတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတဒူဝါလရှီးလကသူ့ရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာထည့်ပြောပါတယ်။ စစ်ကောင်စီအနေနဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးနဲ့ သံတမန်ရေးစတဲ့ ကဏ္ဍတွေမှာ နိုင်ငံတကာရဲ့ ထိုးနှက်မှု ဒဏ်ကိုခံနေရလို့ ရွေးကောက်ပွဲနဲ့ ထွက် ပေါက်ရှာနေတယ်လို့လည်း ဆိုပါတယ်။ သူ့ရဲ့မိန်းခွန်းထဲ စစ်တပ်ကလုပ်ဖို့ကြိုးစားနေတဲ့ရွေးကောက်ပွဲဟာနိုင်ငံရေးလှည့်ကွက်၊ နိုင်ငံရေး ထောင်ချောက် သက်သက်ဖြစ်လို့ ဆန့်ကျင်ရမယ်လို့ လည်း ဆိုပါတယ်။ ၈မိနစ်ခန့်ရှိတဲ့ သူ့ရဲ့မိန့်ခွန်းထဲမှာ ၂၀၂၃ ခုနှစ်ဟာ‌ တော်လှန်ရေးအတွက် အရေးကြီးတဲ့ နှစ်ဖြစ်သလို တိုင်းပြည်ရဲ့ နိုင်ငံရေးကံကြမ္မာ အလှည့် အပြောင်းအတွက် အရေးကြီးတဲ့ နှစ်တစ်နှစ် လို့လည်းယုံကြည်ကြောင်းပြောသွားပါတယ်။ တဖက်မှာလည်း စစ်ကောင်စီဘက်က ရွေးကောက်ပွဲကျင်းပဖို့ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပြီး ရွေးကောက်ပွဲအတွက်အတွက် မဲစာရင်းပြုစုဖို့ ဆိုပြီး စစ်ကောင်စီဘက်က ပရဟိတအဖွဲ့တွေကို စည်းရုံးနေသလို မဲစာရင်းသင်တန်းပေးတာတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံးနေရာအနှံ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင်ပြော

ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင်ပြော

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင်ပြော

ဒီမိုကရေစီ အခွင့်အရေးတွေ မဆုံးရှုံးစေဖို့ တိုင်းရင်းသားဒေသတွေအပါအဝင် တစ်နိုင်ငံလုံးနေရာအနှံ့ အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ဒီကနေ့ ဇန်နဝါရီ ၁ရက် သူ့ရဲ့နှစ်သစ်မိန့်ခွန်းထဲ ထည့်ပြောပါတယ်။ မြန်မာ့နိုင်ငံရေး အချိုးအကွေ့တစ်ခုမှာ သမိုင်းကောင်းတစ်ခုကိုဖန်တီးနိုင်မယ့် အခွင့်အရေးကောင်းတစ်ခုကို တိုင်းရင်းသားပြည်သူတွေ ပိုင်ဆိုင်ခွင့်ရတဲ့ နှစ်တစ်နှစ် ဖြစ်တာကြောင့် ဒီအခွင့်အရေးကိုအရယူနိုင်ဖို့ မျှော်လင့်တယ်ဆိုပြီးလည်း သူကပြောပါတယ်။ “မြန်မာစိတ်” မွေး ပြီးတော့ စည်းစည်းလုံးလုံးလုပ်ကိုင်သွားကြမယ်ဆိုရင် သွားချင်တဲ့ “ပန်းတိုင်”ကို မလွဲမသွေရောက်ရှိမှာဖြစ်ပြီး နိုင်ငံတော်ရဲ့ လူမှုစီးပွားဘဝတွေကို မျိုးဆက်သစ်လူငယ်တွေအတွက် တည်ဆောက် ပေးသွားမယ်လို့ ဆိုပြန်ပါတယ်။ တဖက်မှာတော့ နှစ်သစ်ကာလမှာတောင် စစ်ကိုင်း နဲ့ ကရင်လို ဒေသတွေမှာ စစ်တပ်က စစ်ကြောင်းထိုးတိုက်ခိုက်တာတွေဆက်ရှိနေလို့ စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးပြောဆိုချက်တွေအပေါ် ‌ဝေဖန်နေကြသလို စစ်ကောင်စီရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ဆိုပြီး KNU လို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေကတိုက်တွန်းနေကြတာတွေ့ရပါတယ်။ လက်ရှိမှာ စစ်ကောင်စီရဲ့ရွေးကောက်ပွဲဆိုင်ရာ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပြီဖြစ်ပေမယ့် အဲ့ဒီရွေးကောက်ပွဲဟာ နေရာစုံမှာ ကျင်းပနိုင်ခြေနည်းပါးတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေက ပြောဆိုကြပါတယ်။လတ်တလောမှာ ရခိုင်ပြည်နယ်အတွင်း အပစ်ခတ်ရပ်စဲထားပြီး တည်ငြိမ်မှုတွေရှိနေပေမယ့် ရွေးကောက်ပွဲကာလအထိ တည်ငြိမ်မှုတွေရရှိနေမလားဆိုတာ ပြောဖို့ခက်တယ်လို့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတဲ့ ကုန်းသာရွာက နေအိမ်တွေပျက်စီးလို့ ဒေသခံတွေ နေရပ်မပြန်ကြရသေး
လက်နက်ကြီးကြောင့် နေအိမ်တွေပျက်စီးထားတဲ့ကုန်းသာရွာ

ဓာတ်ပုံ ရင်းမြစ်, Shwe Phee Myay

ဓာတ်ပုံ ပုံစာ, လက်နက်ကြီးကြောင့် နေအိမ်တွေပျက်စီးထားတဲ့ကုန်းသာရွာ
ရေးသားခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်မှာ စစ်ကောင်စီနဲ့ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား တိုက်ပွဲကြောင့် နမ့်ဆန်မြို့ပေါ် ရောက်ရှိနေတဲ့ ကုန်းသာရွာခံတွေ မှာ ‌စောင်၊ အနွေးထည် ၊ ခြင်ထောင်အပါအဝင် ဆေးဝါးနဲ့ ရိက္ခာ အကူအညီတွေလိုအပ်နေတယ်လို့ ‌စစ်ရှောင်ကူညီသူတွေကပြောပါတယ်။

လက်ရှိမှာ လက်နက်ကြီးကြောင့် နေအိမ်တွေပျက်စီးထားလို့ ‌မပြန်နိုင်ကြသေးသလို ပြန်လည် ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ စစ်ကောင်စီ ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကုန်းသာရွာက နေအိမ် ၅၀ကျော်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ နမ့်ဆန်မြို့ပေါ် ကဇယန်းကြီးဘုန်းကြီးကျောင်းမှာ ကုန်းသာကျေးရွာက စစ်ရှောင် ရာချီဆက်နေနေကြရပြီးအများစုဟာ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေဖြစ်တယ်လို့သိရပါတယ်။

မြန်မာ့မဟာဗျူဟာနဲ့မူဝါဒရေးရာလေ့လာရေးဌာန ISP မြန်မာရဲ့ စစ်တမ်းမှာတော့ နမ့်ဆန်မြို့နယ်မှာ စစ်ကောင်စီနဲ့ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား တိုက်ပွဲကြောင့်စစ်ဘေးရှောင်ဒေသခံ ၁၄၀၀ထက်မနည်း တိုးခဲ့တယ်လို့ဖော်ပြပါတယ်။ ဒီတိုက်ပွဲတွေထဲမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၃၈ ကြိမ်ထက်မနည်း၊ လက်နက်ကြီး ပစ်ကူတိုက်ခိုက်မှု ၃၄ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲစတင်တဲ့ နမ့်ဆန် ကုန်းသာရွာနဲ့ ဟူးမန်း၊ တာလတ်၊ မန်းလုံး စတဲ့ ကျေးရွာတွေ ကဒေသခံတွေ ထွက်ပြေးခဲ့ကြရတာဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၂နှစ်နီးပါးကာလအတွင်း မြန်မာနိုင်ငံမှာ စစ်ဘေးဒုက္ခသည် ၂သန်းနီးပါးဖြစ်လာပြီး နိုင်ငံ့လူဦးရေရဲ့ ခုနစ်ရာခိုင်နှုန်း နီးပါး က စစ်ပြေးတိမ်းရှောင်နေရတဲ့ အခြေအနေ ဖြစ်တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ လက်နက်ကိုင်ပဋိပက္ခတွေ ပိုပြီး ပြင်းထန်လာတာနဲ့အမျှ စစ်ပြေးရှောင် အရေအတွက်လည်း တိုးခဲ့ပြီး စစ်ပြေးဒုက္ခသည် ၁၃သိန်းကျော် ရှိခဲ့တာပါ။