မင်္ဂလာဆောင်မယ့်နေ့မှာ သင်္ဂြိုဟ်လိုက်ရတဲ့ တော်လှန်ရေး စုံတွဲ

စစ်အာဏာသိမ်း၊ ရေစကြို၊ သဲတောရွာ၊ ဇနီးမောင်နှံ ၊ အသတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, Urban Underground Revolution Force (UURF-YSO)

ဓာတ်ပုံ ပုံစာ, ချစ်သူများနေ့မှာ နောက်ဆုံး ရိုက်ခဲ့တဲ့ ဓာတ်ပုံ
ရေးသားခဲ့သည်။

ကိုပေပါနဲ့ မချိုသဲ တို့ဟာ အာဏာသိမ်း စစ်ကောင်စီကို တော်လှန်ရင်း ရည်ရွယ်ချက်တူ၊ ခံယူချက်တူသူ လူငယ်ချင်း ကြိုက်နှစ်သက်ခဲ့ကြတဲ့ အသက် ၂၀ ကျော်အရွယ် တော်လှန်ရေး လူငယ်စုံတွဲပါ။

ကိုပေပါက မိသားစုအလုပ်ကို လုပ်ကိုင်ခဲ့သူဖြစ်ပြီး မချိုသဲကတော့ စီဒီအမ် တက္ကသိုလ် ကျောင်းသူတစ်ဦး ဖြစ်ပါတယ်။

သူတို့ ဘယ်မြို့၊ဘယ်ရွာ၊ ဘယ်တက္ကသိုလ်က ဆိုတာတွေကိုတော့ လုံခြုံရေးအရ ဒီဆောင်းပါးမှာ မဖော်ပြနိုင်ပါဘူး။

တောတွင်းစခန်းကို မရောက်ခင် ကိုပေပါနဲ့ မချိုသဲတို့(နှစ်ဦးရဲ့ နာမည်လွှဲထား) မြို့ပြပြောက်ကျားလှုပ်ရှားမှု လုပ်ခဲ့ကြပြီး အဲဒီအချိန်ကတည်းက ချစ်ကြိုက်ခဲ့ကြတယ်လို့ သူတို့ရဲ့ သူငယ်ချင်းတွေဆီကနေ သိရပါတယ်။

မြို့ပြပြောက်ကျားတွေကို အဖမ်းအဆီး များလာတဲ့အခါမှာ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောကျေးရွာနားက Urban Underground Revolution Force (UURF-YSO)အဖွဲ့ရဲ့ တောတွင်းတနေရာကို ကိုပေပါ ရောက်လာပါတယ်။ သူရောက်ပြီး သုံးလ လောက်အကြာမှာတော့ မချိုသဲလည်း လိုက်လာခဲ့ပါတယ်။

“မောင်သွားတဲ့နေရာက သေလမ်းဖြစ်ပါစေ လိုက်မှာပဲ” ဆိုတဲ့ မချိုသဲရဲ့ စကားကို စခန်းက အဖွဲ့သားတွေ အားလုံး နားယဉ်နေခဲ့ကြပါတယ်။

သူတို့စုံတွဲဟာ တော်လှန်ရေးကာလ ချစ်ကြိုက်ခဲ့သူတွေပီပီ ကိုပေပါ ရှေ့တန်းကိုသွားမယ်ဆိုရင် လိုအပ်တာမှန်သမျှ မမေ့ရအောင် မချိုသဲက ဂရုစိုက်ထည့်ပေးနေကျပါ။

မကြာခဏ စစ်ကြောင်းထိုးခံနေရတဲ့ ရေစကြိုမြို့နယ်မှာ လက်နက်အင်အား၊ နည်းပညာ သာလွန်နေတဲ့ စစ်ကောင်စီတပ်တွေကို ရင်ဆိုင်တိုက်ခိုက်ဖို့သွားတဲ့ ကိုပေပါ ပြန်မရောက်မချင်း ဘေးကင်းကြစေဖို့ မချိုသဲ ဆုတောင်းနေတတ်ပါတယ်။

“တိုက်ပွဲသွားနေတဲ့ တောက်လျှောက် ဖုန်းတွေ ဆက်တယ်။ တိုက်ပွဲပြီးသွားလို့ အချိန်တန် စခန်းကို ပြန်မရောက်လာသေးရင်လည်း တဖွဖွနဲ့ ပြောနေတတ်တယ်”လို့ စခန်းမှာ အတူတူရှိခဲ့သူ တစ်ယောက်က ပြောပါတယ်။

ကိုပေပါနဲ့ မချိုသဲတို့ရဲ့ တစ်ယောက်ပေါ်တစ်ယောက် ဂရုစိုက်တာ၊ ချစ်ခင် ကြင်နာတာတွေဟာ စခန်းမှာရှိနေတဲ့ လူလွတ်တွေတောင် အားကျရရုံမက မိတ်ဖက်အဖွဲ့အစည်းက လူတွေတောင် အားကျရတယ်လို့လည်း ပြောကြပါတယ်။

တော်လှန်ရေးကာလမပြီးဆုံးခင်မှာ တောထဲမှာပဲ မင်္ဂလာဆောင်၊ အိမ်ထောင်ပြုသွားကြတဲ့ တခြားစုံတွဲတွေကို ကိုပေပါနဲ့ မချိုသဲတို့ ပြန်အားကျရင်း သူတို့လည်း မင်္ဂလာဆောင်ကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

သူတို့ကို အိမ်ထောင်ပြုပြီး တောထဲကနေ ထွက်လာကြဖို့၊ အပြင်မှာ လုပ်ကိုင်စားသောက်ကြဖို့ နှစ်ဖက်မိဘတွေက ခေါ်ကြပေမဲ့ သူတို့နှစ်ယောက်လုံးက လက်မခံခဲ့ကြပါဘူး။

“ဒီတော်လှန်ရေးကို အဆုံးထိသွားမယ်၊ ပြန်မလာဘူး”ဆိုတဲ့ စကားလုံးတွေနဲ့ ငြင်းဆိုခဲ့ကြပါတယ်။

ဒါနဲ့ သူတို့ရဲ့ မင်္ဂလာဆောင်ကို ၂၀၂၃ ဖေဖော်ဝါရီ ၁၈ ရက်မှာ ကျင်းပမယ်လို့ ဆုံးဖြတ်ပြီး စီစဉ်ခဲ့ကြပါတယ်။

မွေးနေ့နဲ့ သေဆုံးတဲ့ရက် တစ်ရက်တည်းဖြစ်သွားတဲ့ ကိုပေပါ

စစ်အာဏာသိမ်း၊ ရေစကြို၊ ဇနီးမောင်နှံ၊ အသတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, Southern YSO

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဖေဖော်ဝါရီ ၁၇ ရက် ကတော့ ကိုပေပါရဲ့ မွေးနေ့ဖြစ်သလို အဲဒီနေ့ဟာ သူတို့တွေ လုံးဝမမျှော်လင့်ခဲ့တဲ့ ကံကြမ္မာဆိုး ဝင်ခဲ့တဲ့နေ့လည်း ဖြစ်ပါတယ်။

စစ်ကြောင်းက သဲတောကျေးရွာထဲကို ဝင်လာပြီးနောက် ဒေသခံတချို့ အဖမ်းခံလိုက်ရပါတယ်။ အဲဒီမှာ မင်္ဂလာကိစ္စအတွက် စီစဉ်ဖို့ ရောက်နေတဲ့ ကိုပေပါတို့ စုံတွဲကိုလည်း ဖမ်းမိသွားပါတယ်။

“သူတို့နှစ်ယောက်ကို စစ်တပ်က တွေ့တာနဲ့ လက်ထိတ်ခတ်လိုက်တယ်။ တခြား ဒေသခံတွေကိုလည်း ဖမ်းထားပြီး စခန်းကို ပြဖို့ပြောတယ်။ သူတို့အနေနဲ့လည်း ဒေသခံတွေကို ထိခိုက်မှာစိုးလို့ စခန်းပြဖို့ လိုက်လာခဲ့ရတယ်”လို့ Urban Underground Revolution Force (UURF-YSO) အဖွဲ့က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

သဲတောကျေးရွာဘက်မှာ သေနတ်သံတွေကြားတာကြောင့် UURF အဖွဲ့ဝင်တချို့ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြပါတယ်။

“သူတို့တွေက ကျွန်တော်တို့ စခန်းထဲကို တန်းမဝင်သေးဘူး၊ ဘန်ကာတွေနားမှာ ရပ်နေကြသေးတာ။ အဲဒီအချိန်မှာ မိုင်းကြိုးစတစ်ခုကို သူတို့က တွေ့ပြီး ဖော်နေတုန်း ကျွန်တော်တို့က မိုင်းဆွဲလိုက်တော့ တခြားအလုံးကနေ ပေါက်သွားတာ၊ စကစဘက်က သေတာတွေ ရှိတယ်။ အဲ့ဒါလည်းပြီးရော စခန်းထဲကို ဝင်လာတော့တာပဲ”လို့ ပြောပါတယ်။

စစ်ကြောင်းဝင်လာတဲ့အတွက် တခြားတပ်ဖွဲ့ဝင်တွေ ရှောင်တိမ်းသွားတာကြောင့် တခြား UURF အဖွဲ့ဝင်တွေကို မဖမ်းမိဘဲ လက်နက်တွေကိုတော့ တွေ့ရှိသွားကြတယ်လို့ အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ကိုပေပါနဲ့ မချိုသဲတို့ အသတ်ခံရပြီး အလောင်းတွေကို စခန်းထဲထည့်ပြီး မီးရှို့ခံခဲ့ရတယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီဝါဒဖြန့်နေတဲ့ သတင်းဌာနတွေမှာတော့ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရှင်မတောင် တောင်တန်းတဝိုက် သဲတောကျေးရွာနားမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ကျား ၂ ယောက်၊ မ ၂ ယောက်ကို အသေဖမ်းမိတဲ့အကြောင်း၊ လူနေတဲ ၆ လုံး ထဲက လက်လုပ်သေနတ်တွေ၊ ဗုံးသီးတွေ၊ ကျည်ဆန်တွေကို သိမ်းဆီးရမိတဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။

“သူတို့ပြောနေတာ လေးယောက်မဟုတ်ဘူးဗျ။ ကျွန်တော်တို့ အဖွဲ့ထဲက မင်္ဂလာဆောင်ခါနီး ဇနီးမောင်နှံနှစ်ယောက်ပဲ ဆုံးတာ”လို့ UURF က တာဝန်ရှိသူတစ်ယောက်က တုံ့ပြန်ပါတယ်။

စစ်ကြောင်းပြန်ထွက်သွားချိန်မှာ မီးလောင်နေတဲ့ တဲထဲက ကိုပေပါနဲ့ မချိုသဲတို့ရဲ့ မီးလောင်ကျွမ်းနေတဲ့ ရုပ်အလောင်းတွေကို တွေ့ခဲ့ကြရပါတယ်လို့ သူက ပြောပါတယ်။

“မင်္ဂလာပွဲအတွက် လာတဲ့ ဆွေမျိုး၊ မိဘတွေကလည်း နာရေးအတွက် လာရသလို ဖြစ်သွားတာပေါ့။ သူတို့မင်္ဂလာဆောင်လုပ်မယ့် ဖေဖော်ဝါရီ ၁၈ ရက်မှာပဲ သူတို့ကို သင်္ဂြိုဟ်လိုက်ရတာပေါ့ဗျာ။”

အခုချိန်မှာတော့ UURF တပ်ဖွဲ့ဝင်နှစ်ယောက် သေဆုံးပြီး စခန်းကိုလည်း စွန့်လွှတ်လိုက်ရသလို လက်နက်ပစ္စည်းတချို့လည်း ဆုံးရှုံးလိုက်ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

အမှတ်တရတွေလည်း သူတို့နဲ့အတူမီးလောင်ကျွမ်းခဲ့

စစ်အာဏာသိမ်း၊ ရေစကြို၊ ဇနီးမောင်နှံ ၊ အသတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, Southern YSO PDF

တစ်နှစ်ကျော်ကြာ အတူရှိလာခဲ့တဲ့ သူတို့စုံတွဲဟာ နှစ်ပတ်လည်ရက်တွေလည်း အထိမ်းအမှတ် သေသေချာချာ မလုပ်နိုင်ဘဲ တိုက်ပွဲနဲ့ တိုက်ဆိုင်နေခဲ့တယ်လို့ ဆိုပါတယ်။

“ဖေဖော်ဝါရီ ၁၄ ချစ်သူများနေ့တုန်းကတော့ စုံတွဲဝတ်စုံလေးဝတ်ပြီး ဓာတ်ပုံရိုက်ကြတယ်။ ဓာတ်ပုံထဲမှာ ကိုပေပါက မချိုသဲကို ထမ်းထားတယ်၊ အဲဒီဓာတ်ပုံလေးက နောက်ဆုံးရိုက်ပေးခဲ့တာပဲ။ အဲဒီလိုရိုက်ပြီးမကြာဘူး အခုလို ဖြစ်သွားတာပဲ”လို့ စခန်းမှာ အတူတူနေထိုင်ခဲ့တဲ့ တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

အဲဒီအမှတ်တရ ဆင်တူဝတ်စုံတွေ အပါအဝင် သူတို့နှစ်ယောက် အတူတူ အသုံးပြုခဲ့တဲ့ ပစ္စည်းတွေဟာလည်း သူတို့နဲ့အတူ မီးလောင်ကျွမ်းခဲ့တာကြောင့် ဘာအမှတ်တရမှ မကျန်ခဲ့တော့ပါဘူး။

“ကိုပေပါက တကယ်ကူညီတတ်ပြီး စိတ်ကောင်းရှိတဲ့သူဗျာ။ မချိုသဲကလည်း သူ့ကောင်လေးသေလမ်းသွားရင်တောင်လိုက်မယ်ဆိုတဲ့အတိုင်း သူ့စကားကို တည်တယ်။ကျွန်တော်တို့တွေ တော်လှန်ရေးပြီးရင် ခရီးတွေသွားကြမယ်လို့ တိုင်ပင်ထားကြတာ။ သူတို့ တာဝန်ကျေပါတယ်။ နောင်ဘဝမှာ ပျော်ပျော်ရွှင်ရွှင် ပေါင်းဖက်နိုင်ကြပါစေ၊ အခုတော့ လမ်းခုလတ်မှာ သူတို့ ကျန်ခဲ့ပြီပေါ့” လို့ တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပြပါတယ်။