ဒီဇင်ဘာ ၂၈ ရက် နိုင်ငံတဝန်း သတင်းအနှစ်ချုပ်- တောင်ခမ်းတပ်မမှူးကို ပဒါန်းအမြောက်တပ်ကို ပြောင်းရွှေ့

တအောင်းတပ်(TNLA) သိမ်းယူထားတဲ့ မြန်မာစစ်တပ်ရဲ့ အမြောက်လက်နက်ကြီး

ဓာတ်ပုံ ရင်းမြစ်, TNLA

ဓာတ်ပုံ ပုံစာ, တအောင်းတပ်(TNLA) သိမ်းယူထားတဲ့ မြန်မာစစ်တပ်ရဲ့ အမြောက်လက်နက်ကြီး
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၃

ရှမ်းပြည်နယ်၊နောင်ချိုမြို့နယ်ထဲက တောင်ခမ်း(ခေတ္တ)တပ်မမှူးကို ဗိုလ်မှူးချုပ်ရာထူးတိုးပေးပြီး ပဒါန်းအမြောက်တပ်ဌာနချုပ်မှူးအဖြစ် ဒီကနေ့မှာ ပြောင်းရွှေ့လိုက်ပါတယ်။

အမှတ်(၉၀၅) အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ်မှူးဖြစ်လာတဲ့ ဗိုလ်မှူးချုပ်နိုင်ဝင်းဟာ ပြင်ဦးလွင်နဲ့ ၅၅ မိုင်လောက်ပဲဝေးတဲ့ တောင်ခမ်းတပ်နယ်မကျအောင် ထိန်းထားနိုင်ခဲ့လို့ ကက(ကြည်း)က အားကိုးတဲ့ တပ်မှူးတစ်ဦးလည်း ဖြစ်ပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော်လက်ထဲကျရောက်ပြီး တစ်ပတ်အတွင်းမှာပဲ ဒီအပြောင်းအရွှေ့ဖြစ်လာတာဖြစ်ပါတယ်။

ပဒါန်းဟာ ကာကွယ်ရေး ပစ္စည်းစက်ရုံတွေရှိတဲ့ မကွေးတိုင်းထဲမှာရှိပြီး အမ်း - ပဒါန်းလမ်းကတဆင့် ရခိုင်ပြည်နယ်ကို ချိတ်ဆက်ထားတဲ့ တစ်ခုတည်းသောလမ်းကြောင်း ဖြစ်ပါတယ်။

မကွေးတိုင်းထဲကို အာရက္ခတပ်တော် စိမ့်ဝင်မလာအောင် နဲ့ အမ်းကို ပြန်ခြိမ်းခြောက်ဖို့ အတွက် အဓိကတာဝန်နှစ်ခုပေးထားတယ်လို့ စစ်ရုံးက ဘီဘီစီ သတင်းအရင်းအမြစ်ကပြောပါတယ်။

လက်ရှိအချိန်မှာတော့ ရခိုင်စစ်မျက်နှာကို ဦးစီးခဲ့တဲ့ ဗိုလ်မှူးချုပ် လေးဦးအထိ အေအေလက်ထဲမှာ ဖမ်းဆီးခံနေရပါတယ်။

ရခိုင်ပြည်နယ်က တရုတ်စီမံကိန်း ၁၀ ခု အေအေ ထိန်းချုပ်

ကျောက်ဖြူ မဒေးကျွန်းပေါ်မှာမြင်တွေ့ ရတဲ့ တရုတ်စီမံကိန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကျောက်ဖြူ မဒေးကျွန်းပေါ်မှာမြင်တွေ့ ရတဲ့ တရုတ်စီမံကိန်း

ရခိုင်ပြည်နယ်မှာရှိတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း စုစုပေါင်း ၁၁ ခုရှိတဲ့ အထဲက စီမံကိန်း ၁၀ ခုကို အာရက္ခတပ်တော်(အေအေ)က ထိန်းချုပ်ထားတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု ISP-Myanmar က ထုတ်ပြန်ပါတယ်။

အဲဒီအထဲမှာ သံတွဲနဲ့ အမ်းမြို့တွေမှာရှိတဲ့ တရုတ်လေအားလျှပ်စစ်စီမံကိန်းတွေကို အေအေက အပြည့်အဝထိန်းချုပ်ထားလို့လည်း ISP-Myanmar က ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရခိုင်ပြည်နယ်ထဲမှာ ၁၅၀ မဂ္ဂါဝပ်ထွက်မယ့် အမ်း လေအားလျှပ်စစ်စီမံကိန်း၊ ၁၁၀ မဂ္ဂါဝပ်ထုတ်မယ့် သံတွဲလေအားလျှပ်စစ်စီမံကိန်းနဲ့ ၁၀၀ မဂ္ဂါဝပ်ထွက်မယ့် ဂွလေအားလျှပ်စစ်စီမံကိန်း ၃ ခုအကောင် အထည်ဖော်ဖို့ စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အခြေစိုက် YMEC ကုမ္ပဏီနဲ့ မြန်မာနိုင်ငံသားများပိုင် PRIMUS ကုမ္ပဏီတို့ ၂၀၂၃ ခုနှစ်၊ မတ်လ က သဘောတူစာချုပ်ချုပ်ခဲ့ ကြပါတယ်။

အဲဒီထဲက အမ်းနဲ့ သံတွဲ စီမံကိန်း ၂ ခုကို အေအေ က အပြည်အဝထိန်းချုပ်လိုက်တာဖြစ်ပါတယ်။ ဂွလေအားလျှပ်စစ်စီမံကိန်းရှိတဲ့ ဧရာဝတီတိုင်းအစပ်က ဂွမြို့မှာလည်း အာရက္ခတပ်တော်(အေအေ) နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲပြင်းထန်နေပါတယ်။

အေအေ က တစိတ်တပိုင်း ထိန်းချုပ်ထားတဲ့ တရုတ်စီမံကိန်းတွေထဲမှာ အမေရိကန်ဒေါ်လာ ၉.၆ ဘီလျံတန်ဖိုးရှိတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေး ဇုန်စီမံကိန်း၊ ဒေါ်လာ ၁.၀၉ ဘီလျံ တန်ဖိုးရှိတဲ့ တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ဒေါ်လာ ၁.၅ ဘီလျံတန်ဖိုးရှိတဲ့ ရေနံပိုက်လိုင်းတွေပါဝင်တယ် လို့ ISP-Myanmar က ထုတ်ပြန်ပါတယ်။

ရထားလမ်းစီမံကိန်းနှစ်ခုကိုလည်း အေအေက ထိန်းချုပ်ထားပြီး ဒေါ်လာ ၁.၁ ဘီလျံတန်ဖိုးရှိတဲ့ မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်းနဲ့ ကျောက်ဖြူ-အမ်း ရထားလမ်းစီမံကိန်း တွေဖြစ်ပါတယ်။

ဒါအပြင် ကျောက်ဖြူ-နေပြည်တော် ကားလမ်းနဲ့ ကျောက်ဖြူ-မန္တလေး ကားလမ်းစီမံကိန်းတွေ အပါအဝင် ကုန်သွယ်ရေးလမ်းကြောင်းတွေကိုပါ အေအေ က တစိတ်တပိုင်း ထိန်းချုပ်ထားပါတယ်။

မြန်မာနိုင်ငံထဲက တရုတ်စီးပွားရေးလုပ်ငန်းတွေကို ကာကွယ်ပေးဖို့ တရုတ်အစိုးရက တောင်းဆိုထား သလို မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း အကာအကွယ်ပေးမယ်လို့ တရုတ်ကို ကတိပြုထားတာ ဖြစ်ပါတယ်။

ပို့ကုန်၊သွင်းကုန်ပစ္စည်းတွေကို အခွန်ပြောင်းကောက်မယ်

ရန်ကုန်မြို့ က နိုင်ငံခြားကုန်တင်ကုန်ချ ဆိပ်ခံတံတားမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့ က နိုင်ငံခြားကုန်တင်ကုန်ချ ဆိပ်ခံတံတားမြင်ကွင်း

မြန်မာနိုင်ငံထဲကိုတင်ပို့နေတဲ့ကုန်ပစ္စည်းတွေနဲ့ ပြည်ပပို့ကုန်တွေအတွက်ပေးရတဲ့ အခွန်အခ တွေကို ဗဟိုဘဏ်ရဲ့ အမေရိကန်ဒေါ်လာငွေလဲနှုန်းရည်ညွှန်းစျေးကနေ စျေးကွက်ရည်ညွှန်းစျေးနဲ့ ပြောင်းလဲကောက်ခံသွားမယ်လို့ အကောက်ခွန်ဦးစီးဌာန က ဒီဇင်ဘာ ၂၇ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

အခွန်ပေး‌ဆောင်ရမယ့် စျေးကွက်ငွေလဲရည်ညွှန်းစျေးနှုန်းကိုလည်း အကောက်ခွန်ဦးစီးဌာန က ထုတ်ပြန်ပေးသွားမယ်လို့ ပြောပါတယ်။

လက်ရှိမှာ ဗဟိုဘဏ်ရည်ညွှန်းစျေး အမေရိကန် ၁ ဒေါ်လာကို ၂၁၀၀ ကျပ်နဲ့ အခွန်ပေးဆောင်နေ တာကနေ စျေးကွက်ရည်ညွှန်းစျေးနှုန်း ၃၈၀၀ ကျော်နဲ့ ပို့ကုန်၊သွင်းကုန် လုပ်ငန်းရှင်တွေအခွန် ပေးဆောင်ရတော့မှာဖြစ်ပါတယ်။

"စစ်ကောင်စီက အခွန်တိုးလိုချင်တာပေါ့။ အခွန်မြှင့်လိုက်တဲအခါကျတော့ ပြဿနာကဘာရှိလဲဆိုရင် ပစ္စည်းတွေစျေးကြီးကုန်တာပေါ့။ ကုန်သည်တွေက ဘယ်အရှုံးခံမလဲ။ တန်ဖိုးရင်းပေါ်မှာ အဲဒီအခွန်တွေ ပါထည့်ပေါင်းလိုက်မှာပေါ့၊ နောက်ဆုံးတော့ လူထုကပဲခံရတာ" လို့ စီးပွားရေးပညာရှင်တစ်ဦး က သုံးသပ်ပါတယ်။

အဲဒီအခွန်အပြောင်းလဲဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က စတင်သက်ရောက်မှာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းက အမေရိကန် ၁ ဒေါ်လာကို ၄၂၀၀ ကနေ ၄၄၀၀ အတွင်း အရောင်းအဝယ်ဖြစ်နေတယ်လို့ ငွေလဲလုပ်ငန်းလုပ်သူတွေဆီကနေ သိရပါတယ်။

ဒုတိယစစ်ခေါင်းဆောင် ပုသိမ်ကိုသွားရောက်

စစ်မှုထမ်းသင်တန်းသားတွေနဲ့ တွေ့ဆုံနေတဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း

ဓာတ်ပုံ ရင်းမြစ်, Cincds

ဓာတ်ပုံ ပုံစာ, စစ်မှုထမ်းသင်တန်းသားတွေနဲ့ တွေ့ဆုံနေတဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း
  • အေအေ ဝင်လာရင် တုံ့ပြန်ဖို့ ပြင်ဆင်

ဧရာဝတီတိုင်းအစပ်က ဂွမြို့မှာ အာရက္ခတပ်တော်(အေအေ) နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲပြင်းထန် နေချိန် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း က ပုသိမ်မြို့ကို မနေ့က သွားရောက်ခဲ့ပါတယ်။

ဒုတိယစစ်ခေါင်းဆောင်ရဲ့ ပုသိမ်ခရီးစဥ်မှာ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် တို့လိုက်ပါခဲ့ကြပြီး တိုင်း၀န်ကြီးချုပ်၊ တိုင်းမှူးတို့နဲ့ နယ်မြေဒေသလုံခြုံရေး ဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ က ထုတ်ပြန်ပါတယ်။

'' အေအေ ဝင်လာရင် တုံ့ပြန်ဖို့ ပြင်ဆင်ထားဖို့အတွက် တိုင်းမှူးကိုစစ်ဆင်ရေး လမ်းညွှန်တယ်။ လေချုပ် နဲ့ ရေချုပ် ကို သက်ဆိုင်ရာ အပိုင်းကဝင်ပါဖို့ မှာကြားတယ်။ တပ်ဖွဲ့တွေကို စိတ်ဓါတ်မြင့်တင်ရေးလုပ်တယ်'' လို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်က ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။

ဒီဇင်ဘာ ၁၈ ရက်က စစ်ကောင်စီတပ်ရဲ့ ရာထူးအပြောင်းအလဲမှာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကို ပြောင်းလဲခဲ့ပါသေးတယ်။

ဒုစစ်ခေါင်းဆောင်ဟာ ပုသိမ်မြို့ နယ်မြေခံသင်တန်းကျောင်းကိုသွားပြီး စစ်မှုထမ်းသင်တန်းသားတွေကို လည်းသွားတွေ့ခဲ့ပါတယ်။

ရခိုင်ပြည်နယ် ဂွမြို့နယ် နဲ့ ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ လမ်းမပေါ်အထိ မြန်မာစစ်တပ်နဲ့ အေအေတို့ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။

တွေ့ဆုံဆွေးနွေးရေးဖိတ်ခေါ်ထားပေမဲ့ မျက်ကွယ်ပြုခံနေရတယ်လို့ စစ်ခေါင်းဆောင်ပြော

၂၀၂၄ အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲမှာ မိန့်ခွန်းပြောနေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးအတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကမျက်ကွယ်ပြုထားတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောလိုက်ပါတယ်။

ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ နှစ် (၅၀) ပြည့် ရွှေရတု အာခါအမျိုးသားနေ့ အခမ်းအနားကိုပေးပို့တဲ့ သဝဏ်လွှာထဲမှာ စစ်ခေါင်းဆောင်က ပြောခဲ့တာ ဖြစ်ပါတယ်။

အာခါလူမျိုးတွေဟာ ခေတ်အဆက်ဆက် ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် အစိုးရနဲ့ ပူးပေါင်းခဲ့တယ်လို့လည်း စစ်ခေါင်းဆောင် က ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံအခြေစိုက် တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး လုပ်ခဲ့ဖူးတဲ့အတွက် အာခါခေါင်းဆောင်တွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဖိတ်ခေါ်ခဲ့ပေမဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့အပါအဝင် တိုက်ပွဲဖြစ်နေတဲ့အဖွဲ့တွေ နေပြည်တော်ကို ရောက်မလာခဲ့ကြပါဘူး။

တရုတ်ရဲ့ကြားဝင်မှုကြောင့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ယူနန်ပြည်နယ်မှာ ဟိုင်ဂင်ဆွေးနွေးပွဲတွေလုပ်ခဲ့ပေမဲ့ ရလဒ်မထွက်ဘဲဖြစ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ မြန်မာစစ်တပ်ဟာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ကို ဆုံးရှုံးထားတာဖြစ်ပါတယ်။