မတ် ၂၄ရက် ဘီဘီစီနောက်ဆုံးရသတင်းများ - မုန်းမြို့နယ်က အရပ်သား ၁၄ယောက် ဖမ်းဆီးခံထားရ
ဗကသ မြို့နယ်တာဝန်ခံ ကိုကောင်းဆက်ပိုင် ထောင်ဒဏ်တသက်ချမှတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, ABFSU
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် က မြေပြင်တာဝန်ခံ ကိုကောင်းဆက်ပိုင်ကို မတ်လ၂၂ရက်က စစ်ခုံးရုံးကနေ ထောင်ဒဏ်တသက်တကျွန်းချမှတ်လိုက်တယ်လို့ ဗကသများအဖွဲ့ချုပ်က အတည်ပြုပါတယ်။
အသက် ၂၀ အရွယ် ကိုကောင်းဆက်ပိုင်ဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) တို့နဲ့ တရားစွဲခံထားရတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁ ရက် က မြောက်ဥက္ကလာပ မြို့နယ်မှာ ဖမ်းဆီးခံခဲ့ရပြီး အင်းစိန်အကျဥ်းထောင်ထဲကနေ လေးလကြာတရားရင်ဆိုင်ပြီးတဲ့နောက် အခုလိုအမြင့်ဆုံးထောင်ဒဏ်ကိုချမှတ်ခံရတာဖြစ်ပါတယ်။
ကိုကောင်းဆက်ပိုင် ဖမ်းဆီးခံရပြီးနောက် ဝေဘာဂီရဲစခန်းမှာမိသားစုနဲ့တကြိမ်တွေ့ဆုံခွင့်ရပြီးနောက် လက်ရှိအချိန်အထိ မိသားစုက တွေ့ခွင့်မရဘူးလို့ သိရပါတယ်။
'' ကိုကောင်းဆက်ပိုင် ကျန်းမာရေးကတော့ကောင်းပါတယ်။ မိသားစုကတော့ ထောင်ဝင်စာပို့လိုရပြီး တွေ့ခွင့်မရတဲ့ အခြေအနေပါ '' လို့ ဗကသများအဖွဲ့ချုပ်ကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်ကလည်း အထက (၁) မြောက်ဥက္ကလာပ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ဒုဥက္ကဌဖြစ်သူ ကိုဟိန်းထက် ခေါ် ကိုပိုပို လည်း ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံထားရတာဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP စာရင်းအရ အာဏာသိမ်း ၂နှစ်အတွင်း မတ်လ၂၃ရက် အထိစာရင်းအရ ထိန်းသိမ်းခံနေရသူ ၁၆၉၅၄ ဦးရှိပြီး အဲဒီထဲက ပြစ်ဒဏ်ချခံရသူ ၅၁၈၉ ဦးရှိနေတယ်လို့ သိရပါတယ်။
နည်းပညာဆိုင်ရာနဲ့ဥပဒေပိုင်းဆိုင်ရာကျွမ်းကျင်သူ အဖြစ်လူသိများတဲ့ ဦးမင်းတေဇညွန့်တင် သေနတ်နဲ့ ပစ်ခတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, SOCIAL MEDIA
ရန်ကုန်၊ သန်လျင်မြို့နယ် အမှုထမ်းရပ်ကွက်၊ ဖွံ့ဖြိုးရေးလမ်းဆုံအနီးမှာ ဒီကနေ့မတ်လ ၂၄ရက် နေ့လယ်ပိုင်းက နည်းပညာဆိုင်ရာနဲ့ဥပဒေပိုင်းဆိုင်ရာကျွမ်းကျင်သူ အဖြစ်လူသိများတဲ့ ဦးမင်းတေဇညွန့်တင် သေနတ်နဲ့ ၁၄ချက် ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတချို့က အတည်ပြုပါတယ်။
မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Urban Owls ကလည်း ဒီပစ်ခတ်မှုကို သူတို့လုပ်ဆောင်တယ်လို့ထုတ်ပြန်ထားပြီး အနီးကပ်ပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်ချက်ထဲရေးထားပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
Urban Owls အဖွဲ့ရဲ့ အပြောအရ ဦးမင်းတေဇညွန့်တင်ဟာ စစ်ကောင်စီကိုထောက်ခံသူလို့ဆိုထားပြီး စစ်ကောင်စီနဲ့ အကျိုးတူစီးပွားရေး တွေလုပ်ကိုင်ဆောင်ရွက်နေသလို စစ်တပ်အရာရှိကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေကို နိုင်ငံရပ်ခြားကိုပြောင်းရွှေ့ပေးသူလို့ ဆိုပါတယ်။
ဦးမင်းတေဇညွန့်တင် ဟာ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံတို့မှာ တလှည့်စီနေထိုင်သူဖြစ်ပြီးအာရှနိုင်ငံအချို့က မြန်မာနဲ့ဆက်စပ်တဲ့ လုပ်ငန်းတွေအတွက်ဥပဒေအကြံပေးလုပ်ဆောင်သူလို့ နီးစပ်သူတွေကပြောပါတယ်။
မြေပြင်အခြေအနေကိုသိရှိသူတစ်ဦးရဲ့ အပြောအရ နေအိမ်ကို ယာဥ်မောင်းပြီးပြန်လာတဲ့ ဦးမင်းတေဇညွန့်တင်ကို အိမ်နားအရောက်မှာ လက်နက်ကိုင် ၂ ဦး ကစ်ခတ်ခဲ့တာလို့ ဆိုပြီး ယာဘက်လက်ဖျံ ထိမှန်ဒဏ်ရာ ၊ ခါးထိမှန်ဒဏ်ရာ နဲ့ ကျောကုန်းထိမှန်ဒဏ်ရာတွေနဲ့ ဆေးရုံပို့ဆောင်ချိန်သေဆုံးတာလို့ သိရပါတယ်။
ဘီဘီစီအနေနဲ့ သေဆုံးတယ်ဆိုတာနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုနိုင်ဖို့ ဆေးရုံပို့ဆောင်ခဲ့တဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့နဲ့ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။
လက်ရှိမှာတော့ သန်လျင်မြို့နယ် အတွင်း စစ်တပ်က ပိတ်ဆို့စစ်ဆေးမှုတွေလုပ်နေပြီး သန်လျင်တံတားပေါ် သန်လျင်ကနေ ရန်ကုန်အတက်မှာလည်း ယာဥ်ကြောပိတ်ဆို့မှုတွေဖြစ်နေတယ်လို့ သိရပါတယ်။
ပင်လောင်းမြို့ မှာ တိုက်ပွဲဖြစ်ပွားမှု တလပြည့်ချိန် စစ်ရှောင်ဦးရေ ၅၀၀၀ နီးပါးဖြစ်လာ

ဓာတ်ပုံ ရင်းမြစ်, CJ
ရှမ်း - ကယား အစပ် ၊ ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့ ဝန်းကျင်က ကျေးရွာတွေ မှာ စစ်ကောင်စီနဲ့ ကရင်နီကာကွယ်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားမှု တလ ပြည့်ချိန်မှာ စစ်ဘေးရှောင် ဒေသခံ အရေအတွက် ၅၀၀၀နီးပါးအထိဖြစ်လာတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတွေကပြောပါတယ်။
ပြီးခဲ့ ဖေဖော်ဝါရီလ ၂၄ ရက်က ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့ထဲက ဆောင်းပြောင်းရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ကရင်နီဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ရာက နှစ်ဖက် တိုက်ပွဲ စခဲ့တာပါ။
အဲဒီတိုက်ပွဲတွေကြောင့် စစ်ရှောင်လာရတဲ့ စစ်ဘေးရှောင်တွေမှာ ရာဂဏန်းကနေ ထောင်ဂဏန်းအဖြစ် တဖြည်းဖြည်းတိုးလာပြီး စစ်ဘေးရှောင်တွေဟာ နီးစပ်ရာ ဘုန်းကြီးကျောင်း၊ ကျေးရွာ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ အကူအညီတွေရယူပြီး ခိုလှုံနေကြရပါတယ်။
ပင်လောင်းမှာလည်း တိုက်ပွဲ မဖြစ်တဲ့ရက် မရှိသလောက်ဖြစ်နေလို့ စျေးတန်းတွေနဲ့ စျေးဆိုင်တွေ ပိတ်ထားရတာကြောင့် စားနပ်ရိက္ခာအခက်အခဲတွေလည်း ဖြစ်ပေါ် နေကြပါတယ်။
စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက " ပင်လောင်းက စစ်တလင်းလိုကြီး ဖြစ်သွားတော့ စျေးတွေ ဆိုင်တွေ အကုန် နီးပါးပိတ်ထားကြတယ်။ ကျွန်တော်တို့လည်း စစ်ရှောင်တွေကို ရိက္ခာခြောက်လောက်ပဲ ပေးနိုင်တယ်။ ခေါက်ဆွဲလောက်ပေါ့။ ရွာတွေကလည်း တောင်ယာလုပ်သူတွေ ဒေသခံတွေဆိုတော့ သိပ်မကူနိုင်ဘူး။အကူအညီတွေ လိုအပ်နေတယ်" လို့ ပြောပါတယ်။
လက်ရှိ စစ်ရှောင်နေကြရသူတွေက တောင်စလုံး၊ မြောက်စလုံး၊ လုံးပြင် ၊ တောင်မဲသင်း၊ နန့်နိမ်း စတဲ့ကျေးရွာတွေက ဒေသခံတွေဖြစ်ပြီး နေ့စဉ်ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် နေရပ် မပြန်နိုင်သေးဘဲ ဆက်လက် ခိုလှုံ နေကြရတာလည်း ဖြစ်ပါတယ်။
ရိက္ခာပို့စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးပြီးလက်နက်တွေသိမ်းဆည်းရရှိတယ်လို့ S.O.F ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, SOF
KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ ၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကွီလုံတိုင် စစ်တပ်စခန်းကို ရိက္ခာပို့ဖို့နဲ့ လူနာသယ်ဖို့လာတဲ့ စစ်ကြောင်းကို KNLA တပ်၊အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F နဲ့ နဂါးနီစစ်ကြောင်းပူးပေါင်းအဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိတယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F က ဒီကနေ့ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၆ ရက် ၊ ၁၇ ရက် မှာ၁ ကြိမ် ၊ ၂၁ ရက်မှာ ၁ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး S.O.F ဘက်ကအပြောအရ ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် ဆယ်ချီသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိသလို လက်နက်လေးလက်ကို သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
နှစ်ဖက်တပ်တွေရဲ့ ထိခိုက်မှု၊ သေဆုံးမှု အရေအတွက်အခြေအနေတွေနဲ့ ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးသလို စစ်ကောင်စီဘက်ကတော့ ကြာအင်းဆိပ်ကြီးဒေသထဲက စစ်ရေးအခြေအနေကို ဒီကနေ့နေ့လယ်ပိုင်းအထိသတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ဒေသတွင်းမီဒီယာတွေမှာတော့ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေက အခုလထဲမှာ စစ်ကြောင်းတွေပိုတိုးထားပြီးကျေးရွာအများစုကိုစစ်ကြောင်းထိုးနေတယ်လို့ ဖော်ပြနေကြပါတယ်။
ဘောလခဲက အရပ်သားတွေရှိတဲ့ သစ်လုပ်ငန်းနေရာလေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၂ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Kantarawaddy Times
ကယား ကရင်နီပြည်နယ် ဘောလခဲမြို့နယ် ဝမ်ဗလကျေးရွာအနီး မနေ့ မတ်လ ၂၃ ရက် နေ့လယ်ပိုင်းက အရပ်သားတွေ အလုပ်လုပ်နေတဲ့ သစ်လုပ်ငန်းနေရာကိုစစ်ကောင်စီတပ်က လေကြောင်းနဲ့ ပစ်ခတ်လို့ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ၂ ဦးသေဆုံးခဲ့တယ်လို့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ် ( BPDF ) ကထုတ်ပြန်ပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့ အဲဒီနေရာမှာ လူထိခိုက်မှုသာမက ကားတွေနဲ့ အလုပ်သမားတွေနေတဲ့ အိမ်တွေလည်းမီးလောင်ခဲ့တယ်လို့ဆိုပါတယ်။
ဂျက်လေယာဉ်တစ်စီးနဲ့ ၅ကြိမ် ပစ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေဟာ သစ်လုပ်ငန်းလုပ်ကိုင်နေကြတဲ့ အသက် ၄၀နဲ့ ၅၀ ဝန်းကျင်ကြား အမျိုးသားတွေလို့သိရပါတယ်။
ကရင်နီဒေသတွင်းသတင်းတွေမှာတော့ အခုလေကြောင်းတိုက်ခိုက်ခံရတဲ့နေရာဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာမဟုတ်သလို တိုက်ပွဲဖြစ်နေတဲ့နေရာနဲ့ ကီလိုမီတာ ၂၀ကျော် ကွာဝေးတယ်လို့ဖော်ပြပါတယ်။
ဘောလခဲပြည်သူ့ကာကွယ်ရေးတပ် ( BPDF ) ရဲ့ ထုတ်ပြန်ချက်အရ ဘောလခဲမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်က ရေနီပေါက်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ရေးတင်းမာနေတဲ့ အနေအထားရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ရေနီပေါက်ကျေးရွာနဲ့ မိုင်းထမ်းကျေးရွာကိုလည်း စစ်ကောင်စီကနေ့စဉ်နီးပါး လက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက် နေအိမ်အလုံး ၂၀နဲ့ ဘုန်းကြီးကျောင်းတွေ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်ကတော့ ကယားပြည်နယ် ဘောလခဲဒေသထဲက စစ်ရေး အခြေအနေကို သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
မြန်မာစစ်တပ်ကို ပံ့ပိုးနေတဲ့ ရရှားလုပ်ရပ်ကိုလက်မခံနိုင်ဘူးလို့ ကန်နိုင်ငံခြားရေးအတိုင်ပင်ခံပြော

ဓာတ်ပုံ ရင်းမြစ်, AFP
မြန်မာစစ်တပ်ကို ကျောထောက်နောက်ခံပြု ပံ့ပိုးနေတဲ့ ရုရှားရဲ့ လုပ်ရပ်ကို လက်ခံနိုင်စရာမရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ ဒါရက်ရှိုလက် က ပြောကြောင်း ရိုက်တာသတင်းကဖော်ပြပါတယ်။ ရုရှားရဲ့ လုပ်ရပ်က မြန်မာပြည်ကို မတည်မငြိမ်ပို ဖြစ်စေပြီး ပဋိပက္ခကို အရှိန်မြှင့်စေဖို့ စစ်တပ်ကို လက်နက်တွေထောက်ပံ့ပေးနေတယ်လို့လည်း ရှိုလက် ကပြောပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ရုရှား နဲ့ မြန်မာစစ်တပ်ကြား ဆက်ဆံရေးပိုတိုးလာပြီး ရုရှားကမြန်မာမှာ စစ်အခြေစိုက်စခန်းထူထောင်ဖို့ကြိုးစားနိုင်တဲ့အတွက် ဒါကို အမေရိကန်က စိုးရိမ်တယ်လို့လည်း ဆိုပါတယ်။
" မြန်မာစစ်တပ်ကို စစ်ရေးအရ ဆက်လက် ပံ့ပိုးပေးနေတာကို လက်မခံနိုင်တဲ့ အကြောင်း နဲ့ ဒါက မြန်မာအတွက်သာမက ဒေသတွင်းအတွက်ပါ မတည်မငြိမ်မှုကိုဖြစ်နေစေတယ်ဆိုတာကို ရုရှားအစိုးရ နဲ့ စကားပြောနေတဲ့ လူတိုင်းက ဒါကိုပြောပြဖို့လိုပါတယ်'' လို့ ရှိုလက်ကပြောပါတယ်။
မြန်မာဟာ အရှေ့တောင်အာရှဒေသ တည်ငြိမ်မှုကိုရော နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးရောင်းဝယ်မှုနဲ့ ရာဇဝတ်မှုတွေအတွက်ပါ အန္တရာယ်အကြီးဆုံး နိုင်ငံအဖြစ် အမေရိကန်အစိုးရအနေနဲ့ ရှုမြင်လာကြောင်းလည်း ရှိုလက်ကထောက်ပြခဲ့ပြီး
အမေရိကန်အစိုးရအနေနဲ့ မြန်မာအတွက် အာဆီယံရဲ့ သံတမန်ရေး ကြိုးပမ်းမှုတွေကို ကူညီ ပံ့ပိုးပေးနေသလို အတိုက်အခံတွေနဲ့လည်းလက်တွဲဆောင်ရွက်နေတယ်လို့ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KIC
ကရင်အမျိုးသားအစည်းအရုံး - KNUထိန်းချုပ်နယ်မြေ တပ်မဟာ ၃ ထဲပါတဲ့ ပဲခူးတိုင်း မုန်းမြို့နယ် ဥသျှစ်ကုန်းကျေးရွာက အသက်မပြည့်သေးသူ ၃ဦးအပါအဝင် အရပ်သား ၁၄ ဦးကို စစ်ကောင်စီစစ်ကြောင်းကဖမ်းဆီးထားပြီး ဒီကနေ့ မတ်လ၂၄ရက်အထိ ပြန်မလွတ်သေးဘူးလို့ ဒေသခံကူညီကယ်ဆယ်ရေးလုပ်ဆောင်သူ အချို့ကပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၀ရက်က ဥသျှစ်ကုန်းကျေးရွာကို စစ်ကြောင်းဝင်ရောက်ပြီး ကျေးရွာက အမျိုးသား ၂၁ ယောက်ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး မသန်စွမ်း အမျိုးသား ၂ဦးနဲ့ သက်ကြီးရွယ်အိုအပါအဝင် ၆ ဦးကို ပြန်လွှတ်ပေးခဲ့ပေမဲ့ ကျန်တဲ့ ၁၄ဦးကိုဆက်လက်ဖမ်းဆီးထားတာလို့ ဒေသခံတစ်ဦးကပြောပြပါတယ်။
‘’ ရွာကဆရာတော်နဲ့ ရွာလူကြီးတွေလိုက်သွားပြီး။ စစ်တပ်ကိုအကျိုးအကြောင်းပြောပြတယ်။ အခုဖမ်းခံရတာသာမန်ပြည်သူတွေဆိုတာပြောပြတော့ ဒုက္ခိတ ၂ယောက်နဲ့ အသက်ကြီးတဲ့ သူတွေပဲလွှတ်ပေးလိုက်တယ်။ ကျန်တဲ့ သူတွေကို မလွှတ်ပေးသေးဘူး။ ခေါ်ထားဦးမယ်ပြောတယ်။ သူတို့သွားချင်တဲ့နေရာရောက်ရင် လွှတ်ပေးလိုက်မယ်လို့ ဆရာတော်ကို ပြန်ပြောလိုက်တယ်။ လူသားဒိုင်းလိုခေါ်သွားမှာပေါ့။ ဖမ်းထားတဲ့သူတွေကို ကြိုးချည်ထားတာတွေ့တယ်’’လို့ မြေပြင်အခြေအနေသိရှိသူ တစ်ဦးကပြောပါတယ်။
ပဲခူးတိုင်းထဲက KNUထိန်းချုပ်နယ်မြေထဲပါတဲ့ ကျောက်ကြီး နဲ့ ရွှေကျင်မြို့နယ် ထဲကကျေးရွာအချို့ လည်း တိုက်လေယာဥ်နဲ့ဗုံးကြဲခံရလို့ ဒေသခံ ၃၀၀၀ကျော်တိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ကူညီသူတွေကပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၀ရက်က စစ်ကောင်စီတပ်က တိုက်လေယာဥ်နဲ့ အနည်းဆုံး ၉ကြိမ်လာရောက်ပြီး ဗုံးအလုံးရေများစွာကြဲချခဲ့လို့ လူနေအိမ် ၅လုံး နဲ့ စာသင်ကျောင်း ၁ကျောင်း ဗုံးထိမှန်ပြီးမီးလောင်ခဲ့သလို ဒေသခံတစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ - KNU ကလည်း ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ညောင်လေးပင်ခရိုင်နဲ့ တောင်ငူ ခရိုင် ထဲပါတဲ့ မုန်း၊ ရွှေကျင်နဲ့ ကျောက်ကြီးဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ KNUလက်အောက်ခံတပ်တွေကြားနေ့စဥ်လို တိုက်ပွဲတွေရှိနေပြီး စစ်တပ်က စစ်ကြောင်းထိုးတာတွေရှိလို့ အနည်းဆုံး ၁၅ရွာထက်မနည်းက ဒေသခံတွေတိမ်းရှောင်နေရသလို လက်နက်ကြီးထိမှန်လို့ဒဏ်ရာရသူတွေလည်း နေ့စဥ်နီးပါးရှိနေတယ်လို့ ဒေသခံစစ်ရှောင်ကူညီသူတွေကပြောပါတယ်။








