နိုဝင်ဘာ ၁၇ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - မိုင်းငေါ့ကို စစ်တပ်လေကြောင်းတိုက်မှု အရပ်သား ၅ ဦး ဒဏ်ရာရတယ်လို့ TNLA ပြော

ဓာတ်ပုံ ရင်းမြစ်, PSLF/TNLA
တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ်ထဲက မိုင်းငေါ့မြို့ကို ဒီကနေ့ နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပြင်းအား ပေါင် ၃၀၀ ရှိတဲ့ ဗုံး ၂ လုံးကြဲပြီး တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်လာပါတယ်။
မိုင်းငေါ့မြို့ထဲက မန်လုံရပ်ကွက် တဝိုက်ကို ဗုံးကြဲခဲ့တာလို့ TNLA ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား အမျိုးသမီး ၅ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ TNLA ကပြောပါတယ်။
တစ်ရက်တည်းမှာပဲ ဒုဋ္ဌဝတီတံတားနဲ့ ကျောက်ဂူလမ်းပိုင်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ကနေ လက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်ခဲ့ပြီး နောင်ချိုမြို့၊ သရက်ချိုကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နောက်ထပ် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိရှိကြဖို့နဲ့ လူစုလူဝေးတွေ မလုပ်ကြဖို့အပြင် လေကြောင်းရန်ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်တွေကိုလည်း လိုက်နာကြဖို့ TNLA က တိုက်တွန်းထားပါတယ်။
စစ်ကောင်စီကတော့ မိုင်းငေ့ါမြို့ကို လေကြောင်းတိုက်ခိုက်တာနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းငေ့ါမြို့ကို TNLA နဲ့ ပူးပေါင်းတပ်တွေက ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ထိန်းချုပ်ထားတာဖြစ်ပါတယ်။
ပုလဲတိုက်ပွဲကို ချင်းညီနောင်နဲ့ ချိတ်ဆက်ဆောင်ရွက်ခဲ့တယ်လို့ BNRA ပြော

ဓာတ်ပုံ ရင်းမြစ်, BNRA
စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းစစ်ဆင်ရေးတိုက်ပွဲမှာ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) နဲ့ ဒေသအခြေစိုက် မဟာမိတ်တပ်တွေအပြင် ချင်းညီနောင်စစ်ဆင်ရေး (CB) နဲ့ပါ ချိတ်ဆက်ဆောင်ရွက်ခဲ့တယ်လို့ ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA က ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်လာပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပုလဲမြို့သိမ်းစစ်ဆင်ရေးကို BNRA နဲ့ ပူးပေါင်းတပ်တွေက နိုဝင်ဘာ ၁၁ ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ပြီး စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပြီး စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ BNRA က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။
ချင်းကာကွယ်ရေးတပ်(CDF)နဲ့ အာရက္ခတပ်တော်(အေအေ)တို့မဟာမိတ်ပြုထားတဲ့ ချင်းညီနောင်(Chin Brotherhood)နဲ့ ဘယ်လိုချိတ်ဆက်ဆောင်ရွက်ခဲ့တယ်ဆိုတာကိုတော့ ဘီဘီစီက BNRA ဦးဆောင်သူ ဗိုလ်နဂါးကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။
BNRA နဲ့ ပူးပေါင်းတပ်တွေက ပုလဲတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ မြေပြင်စစ်ကူလမ်းကြောင်းတွေကို ဖြတ်တောက်နိုင်ခဲ့ပေမယ့် စစ်တပ်ဘက်က လေကြောင်းကနေ စစ်ကူဖြည့်တင်းခဲ့ပြီး လေကြောင်းပစ်ကူတိုက်ခိုက်မှုတွေကြောင့် စစ်ဆင်ရေး ၄ ရက်အကြာ နိုဝင်ဘာ ၁၄ ရက် ညနေပိုင်းမှာ မြို့ပေါ်ကနေ ပြန်ဆုတ်ခွာခဲ့တယ်လို့ BNRA က ပြောပါတယ်။
ပုလဲမြို့သိမ်းစစ်ဆင်ရေးကို BNRA ဦးဆောင်ပြီး ဝက်လက်နယ် အခြေပြု ဂျန်ဇီလူငယ်မျိုးဆက်တပ်တော် - Generation Z Army (GZA)နဲ့ မကွေးတိုင်း ရေစကြိုနယ် အခြေပြု Southern YSO PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
မင်းတပ်မှာ တိုက်ပွဲဆက်ပြင်းထန်နေ

ဓာတ်ပုံ ရင်းမြစ်, HKL MINDAT
ချင်းပြည်နယ်(တောင်ပိုင်း)၊ မင်းတပ်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ချင်းပြည်သူ့ကာကွယ်ရေးတပ် (CDF – မင်းတပ်) ပါဝင်တဲ့ ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့တွေကြား ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်အထိ တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ မြေပြင်မှာရှိတဲ့ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
မင်းတပ်ရဲစခန်းနဲ့ စစ်ကောင်စီတပ်ရဲ့ အမှတ် (၂၇၄) ခြေလျင်တပ်ရင်းတဝိုက်မှာ တိုက်ပွဲပြင်းထန်နေတာလို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်ကလည်း မင်းတပ်မြို့မကျအောင် ဒီနေ့ မနက်အစောပိုင်းကနေ နေ့လည်ပိုင်းအထိ လေကြောင်းကနေ အကြိမ် ၃၀ နီးပါး ပစ်ကူ တိုက်ခိုက်ခဲ့ပြီး ဗုံးအလုံး (၅၀) ခန့် ကြဲခဲ့တယ်လို့ သူက ဆိုပါတယ်။
“မနေ့ (နိုဝင်ဘာ ၁၆ ရက်) ညကလည်း တော်တော်ကြမ်းတယ်။ ဒီနေ့ (နိုဝင်ဘာ ၁၇ ရက်) နေ့လယ်အထိ Y-12 တိုက်လေယာဉ်တွေ ကောင်းကင်မှာ ဝဲနေတုန်းပဲ” လို့ သူက ဆက်ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်တွေ မီးလောင်ပျက်စီးသွားတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
တိုက်ပွဲပြင်းထန်နေချိန်မှာပဲ မင်းတပ်မြို့ပေါ်က အရပ်သားနေအိမ် တော်တော်များများ မီးရှို့ခံလိုက်ရတယ် မြေပြင်အခြေအနေသိသူတွေက ပြောပေမဲ့ ပျက်စီးတဲ့အိမ်အရေအတွက်နဲ့ မီးလောင်ရတဲ့အကြောင်းရင်းကို ဘီဘီစီက သီးခြားအတည်အပြုနိုင်သေးပါဘူး။
ချင်းကာကွယ်ရေးတပ် CDF မင်းတပ်ဘက်ကတော့ မင်းတပ်နဲ့ ဖလမ်းမြို့ပေါ်က စစ်တပ်စခန်းတွေကို တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ နိုဝင်ဘာ ၉ ရက်နေ့ ရက်စွဲနဲ့ အစောပိုင်းကတည်းက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီကတော့ မင်းတပ်မြို့က စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ ဒီကနေ့ နေ့လယ်ပိုင်းအထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
စစ်ကောင်စီ ရုရှားသံအမတ်က ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီးထံ ပူးတွဲ သံတမန်ခန့်အပ်လွှာအပ်

ဓာတ်ပုံ ရင်းမြစ်, ဘယ်လာရုဇ်နိုင်ငံခြားရေးဝန်ကြီးဌာန
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဘယ်လာရုစ်နိုင်ငံကို ခရီးစဥ်ရှိနေချိန်မှာပဲ စစ်ကောင်စီသံအမတ် ဦးသစ်လင်းအုန်းက သူ့ရဲ့ သံတမန် ခန့်အပ်လွှာကို ဘယ်လာရုစ် နိုင်ငံခြား ရေးဝန်ကြီးဆီ ပေးအပ်လိုက်ပြီလို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
ဦးသစ်လင်းအုန်းဟာ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဖြစ်ပြီး ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်တာဝန်ကိုလည်း တွဲယူမှာလို့ ဆိုပါတယ်။
မြန်မာသံအမတ်က သူ့သံတမန် ခန့်အပ်လွှာကို ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီးကို မင့်စ်ခ်မြို့မှာ နိုဝင်ဘာလ ၁၄ ရက်မှာ ပေးအပ်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားနဲ့ ဘယ်လာရုစ်ကို သွားဖို့ ရှိတယ်လို့ ဘီဘီစီက သိထားရပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားခရီးစဥ်အတွင်းမှာပဲ ရုရှားနဲ့အိမ်နီးချင်း ဘယ်လာရုစ်နိုင်ငံ ကိုပါဝင်ဖို့ရှိတယ်လို့ စစ်ရုံးအသိုင်းအဝိုင်းက ပြောပါတယ်။ ဘယ်လာရုစ်ဟာ မြန်မာစစ်ခေါင်းဆောင်ကို လာရောက်လည်ဖို့ ပြီးခဲ့တဲ့စက်တင်ဘာလတုန်းက ဖိတ်ကြားထားပါတယ်။
ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ နှစ်နိုင်ငံဆက်ဆံရေးအပြင် လာမယ့် နှစ်နိုင်ငံကြား အခမ်းအနားတွေ ပြင်ဆင်နေတာကိုလည်း ပူးတွဲခန့်အပ်ခံရတဲ့ စစ်ကောင်စီ သံအမတ်နဲ့ ဆွေးနွေးထားတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
မြန်မာနဲ့ ဘယ်လာရုစ်ဟာ ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလမှာ နှစ်နိုင်ငံ ဆက်ဆံရေး ထူထောင်တာဖြစ်ပြီး စစ်ကောင်စီကလည်း ပြီးခဲ့တဲ့နှစ်ကစလို့ မြန်မာကောင်စစ်ချုပ်ရုံးကို မင့်စ်ခ်မြို့မှာ ဖွင့်ထားပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက ပြုလုပ်တဲ့ အဲဒီကောင်စစ်ဝန်ချုပ်ရုံးဖွင့်ပွဲကို မြန်မာစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ခဲ့ပြီး ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံကာ ကာကွယ်ရေးအပါအဝင် စီးပွားရေး၊ စက်မှုနဲ့ တခြားကဏ္ဍတွေမှာ ပူးပေါင်းရေး ဆွေးနွေးခဲ့ကြတယ်လို့ ဘယ်လာရုစ်ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
နောင်ချို၊ တောင်ခမ်းမှာ တိုက်ပွဲဆက်ပြင်းထန်နေ

ဓာတ်ပုံ ရင်းမြစ်, PSLF/TNLA
လေကြောင်းကနေ ဗုံးကြဲခံရလို့ အမျိုးသမီး ၁ ဦးသေဆုံး
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့က စစ်ကောင်စီရဲ့ အမှတ် ၉၀၂ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်(မစခ) ရှိတဲ့ တောင်ခမ်းရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ် (TNLA) တို့ကြား ဒီနေ့ နိုဝင်ဘာ ၁၇ ရက်ထိ တိုက်ပွဲဆက်ပြင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်ခမ်းရွာဟာ နောင်ချိုမြို့တောင်ဘက်ခြမ်းမှာရှိပြီး မြို့ကနေ ကနေ မိုင် ၂၀ ဝန်းကျင်ကွာဝေးပါတယ်။
တောင်ခမ်း၊ မစခ နဲ့ အမှတ် ၃၅၄ အမြောက်တပ်စခန်းတွေမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲထဲမှာပဲ စစ်ကောင်စီတပ်မ ၁၁၊ အမှတ် ၂၁၃ ခြေမြန်တပ်ရင်းရဲ့ တပ်ရင်းမှူး၊ ဗိုလ်မှူးနဲ့ ဗိုလ်ကြီး အဆင့်ရှိသူနဲ့ တပ်သားတချို့ သေဆုံးခဲ့ပြီး နောက်ထပ် ၄ ဦးကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဘက်က အရာရှိတချို့ သေဆုံးတာနဲ့ ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း တအာင်းတပ် (TNLA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်တွေက နောင်ချိုမြို့ကို သိမ်းပိုက်ပြီးတဲ့နောက် တောင်ခမ်းကို ထိုးစစ်ဆင်တာ ၄ လနီးပါးရှိနေပြီဖြစ်ပါတယ်။
စစ်ကောင်စီတပ်ကလည်း တောင်ခမ်းက မစခ မကျရေးအတွက် လေကြောင်းကနေပစ်ခတ်ခုခံနေသလို ဒရုန်းတွေနဲ့ ပါ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်၊ ကျောက်ဂူရွာဘက်ကနေ စစ်အင်အား ရာနဲ့ချီ ဖြည့်တင်းထားတယ်လို့ သူကဆိုပါတယ်။
“တောင်ခမ်းကျသွားရင် စစ်တပ်ဘက်က နောင်ချိုကိုပြန်ရဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး၊ အဲဒါကြောင့် အခုလို ခုခံနေတာ” လို့ သူက ဆက်ရှင်းပြပါတယ်။
တစ်ချိန်တည်းမှာပဲ နောင်ချိုမြို့ထဲက လုံစံကျေးရွာကို မနေ့ နိုဝင်ဘာ ၁၆ ရက်ညပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
“မိသားစုလိုက် ထိတယ်၊ ၁၄ နှစ်အရွယ်ကလေးတစ်ဦး ဆုံးတယ်၊ ကျန်တဲ့ မိသားစု ၃ ယောက် ဒဏ်ရာရသွားတာ” လို့ သူက ဆက်ပြောပါတယ်။
လက်ရှိမှာ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ - ၉၀၂) အောက်က နောင်ချိုအခြေစိုက် အမြောက်တပ်တွေအားလုံးကို စစ်ကောင်စီတပ်က ပြန်ပြီးထိန်းချုပ်ထားတဲ့ အခြေအနေလို့ စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ပြောလာပါတယ်။
တော်လှန်ရေးတပ်တွေက နောင်ချိုမြို့ကို ပြီးခဲ့ ဇူလိုင်လကတည်းက ထိန်းချုပ်ထားပြီး တောင်ခမ်းရွာကိုတော့ လက်ရှိအချိန်ထိ စစ်ကောင်စီက ထိန်းချုပ်ထားပါတယ်။
စစ်ကောင်စီကတော့ နောင်ချိုက စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
ကွန်တိန်နာကား အောက်မှာ ခိုလိုက်လာတဲ့ မြန်မာ ၈ ဦး မဲဆောက်မှာ အဖမ်းခံရ

ဓာတ်ပုံ ရင်းမြစ်, တာ့ခရိုင်လူဝင်မှုကြီးကြပ်ရေး
၁၈ ဘီးကားအောက်ပိုင်းမှာ ခိုလိုက်လာတဲ့ တရားမဝင် မြန်မာနိုင်ငံသား အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၂ ဦး စုစုပေါင်း ၈ ဦးကို ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်ထဲမှာ ဖမ်းမိတယ်လို့ တာ့ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနကပြောပါတယ်။
ဘန်ကောက်လိုင်စင်နံပါတ်တပ်ထားတဲ့ ၁၈ ဘီးကားကို ထိုင်းစစ်တပ်၊ မဲဆောက်ရဲစခန်းနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက မနေ့ နိုဝင်ဘာ ၁၆ ရက်မှာ စစ်ဆေးချိန် အခုလို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
ယာဥ်အောက်ပိုင်းမှာ ကလန့်ထိုးထားတဲ့ သစ်သားပြားတွေကို တွေ့ခဲ့လို့ စစ်ဆေးရာကနေ အဲဒီပေါ်မှာ ခိုလိုက်တာတဲ့ မြန်မာ ၈ ဦးကို တွေ့ခဲ့တာလို့လည်း တာ့ခရိုင် လဝကက ပြောပါတယ်။
အခုတော့ ထရပ်ကားမောင်းတဲ့ ထိုင်းယာဥ်မောင်းကို အာဏာပိုင်တွေက ထိန်းသိမ်းထားပြီး နိုင်ငံခြားသား တွေကို တရားမဝင်ပြည်တင်ခွင့်ရအောင် ပူးပေါင်းကြံစည်မှုနဲ့ တရားစွဲထားတယ်လို့ သိရပါတယ်။
ထရပ်ကားကို ရဲက သိမ်းထားလိုက်ပြီဖြစ်ပြီး မြန်မာရွှေ့ပြောင်းအမျိုးသား ၈ ဦးကိုတော့ တရားရေးကိစ္စတွေဆက်ပြီးဆောင်ရွက်နိုင်အောင် မဲဆောက်ရဲစခန်းကို လွှဲထားတယ်လို့လည်း သိရပါတယ်။
ရေဦးနဲ့ တန့်ဆည်အစပ်က ရွာတွေ ၂ ရက်ဆက်တိုက် မီးရှို့ခံရ

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နဲ့ ရေဦးမြို့အစပ်က ရွာတွေကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် (အရပ်အခေါ် ပျူစောထီး)ပေါင်းထားတဲ့ စစ်ကြောင်းထိုးဝင်ရောက်တဲ့ ၂ ရက်အတွင်းမှာပဲ ရွာ ၅ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ မြေပြင်မှာရှိတဲ့ ဒေသခံတချို့က ပြောပါတယ်။
“မနေ့ (နိုဝင်ဘာ ၁၆ ရက်)ကတည်းက ရေဦးမြောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးနေတာ၊ အင်အား ၁၅၀ လောက်ပါတယ်” လို့ ရေဦးဒေသခံက ဆက်ပြောပါတယ်။
အဲဒီစစ်တပ်စစ်ကြောင်းဟာ ကန့်ဘလူမြို့နယ်ဘက်က ထွက်လာတဲ့ စစ်ကြောင်းလို့ ပြောပြီး ဒီကနေ့ နိုဝင်ဘာ ၁၇ ရက် မနက်အစောပိုင်းကစလို့ ရေဦးမြောက်ဘက်ခြမ်းက ရွာဗုကြီး၊ ကြို့ထိန်း၊ ပေကုန်း၊ ကလဇင်စတဲ့ရွာ ၄ ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဆီဆုံလေးရွာဘက်ကိုလည်း လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောပါတယ်။
“နယ်မြေချဲ့ချင်တဲ့ပုံစံမျိုးနဲ့ မီးရှို့ဖျက်ဆီးဖို့ စစ်ကြောင်းထိုးလာတာ” လို့ ရေဦးသတင်းတွေကိုဖော်ပြပေးနေတဲ့ မြေပြင်အခြေအနေသိရှိသူ ထူးခန့်ဇော် (အမေ့သား) ကပြောပါတယ်။
ဒါ့အပြင် "ကန့်ဘလူဘက်က ရွာတွေ မီးရှို့ခံရတုန်းကလည်း ဒီစစ်ကြောင်းပဲ၊ ရေဦးမှာ မီးရှို့ခံရတဲ့ရွာပေါင်း ၁၄၀ ကျော်နေပြီ” လို့ သူကဆက်ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ တန့်ဆည်မြို့ တောင်ဘက်ခြမ်းမှာ အထိုင်ချထားတဲ့ အင်အား (၅၀) ပါတဲ့ နောက်ထပ် စစ်ကြောင်းကလည်း ခပေါင်းကြိုင်ရွာနဲ့ ကန့်ဘလူမြို့နယ်က လက်ဆည်ရွာတို့ကို မနေ့ နိုဝင်ဘာ ၁၆ ရက် ညပိုင်းကတည်းက စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတချို့က ထပ်ပြောပါတယ်။
အဲဒီစစ်ကြောင်း ၂ ခုကြောင့် တန့်ဆည်မြို့အရှေ့ဘက်ခြမ်းက ရွာတွေအပါအဝင် ရေဦးမြောက်ဘက်ခြမ်းက ရွာ ၁၀ ရွာဝန်းကျင်က ဒေသခံ ၅,၀၀၀ ကျော်လည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီကတော့ စစ်ကိုင်းကရွာတွေ စစ်ကြောင်းထိုးခံရပြီး မီးရှို့ခံနေရတဲ့အခြေအနေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။












