စစ်ကိုင်းမြို့က အင်ဂျင်နီယာဇနီးမောင်နှံ ကို စစ်ကောင်စီဖမ်းဆီး

ဓာတ်ပုံ ရင်းမြစ်, Family photo
စစ်ကိုင်းမြို့ စိန်ကုန်းတိုက်နယ်၊ သာစည်ရပ်ကွက်ထဲက နေအိမ်တစ်အိမ်ကို စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းက စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ကား ၃ စီး နဲ့ ရောက်လာပြီး ဝင်ရောက်စီးနင်းလိုက်ပါတယ်။
အိမ်ထဲမှာရှိနေတဲ့ မိသားစုအားလုံး လည်း ရုတ်တရက် ဘာတုံ့ပြန်ရမှန်းမသိအောင်ဖြစ်ခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ နေအိမ်ထဲက လူတွေကို စစ်ဆေးဖို့ လုပ်သလို လက်တော့ပ်ကွန်ပျူတာထဲက မှတ်တမ်းတွေနဲ့ ဖုန်းတွေကို စစ်ဆေးပါတယ်။
ကွန်ပျူတာထဲက ပုံတချို့ကြောင့် ဆိုပြီး အိမ်ရှင် ဇနီးမောင်နှံဖြစ်တဲ့ ကိုအောင်ဆန်းဝင်းနဲ့ ဇနီးဖြစ်သူ မမျိုးစုသက်တို့ကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားပါတယ်။ အဲဒီ ဖြစ်စဥ်က မြို့ခံတွေကို တုန်လှုပ်စေခဲ့ပါတယ်။
''ကွန်ပျူတာထဲမှာ မမျိုးစုသက် မောင်လေးရဲ့ ပုံတွေရှိတယ်။ သူ့မောင်လေး လက်နက်ကိုင်ပြီးရိုက်ထားတဲ့ ပုံတွေရှိတယ်။ ဒါပေမဲ့ အဲဒီကလေးက အခု လက်နက်ကိုင်မလုပ်တော့ဘူး။
ဟိုစစချင်းတုန်းက လုပ်ခဲ့တာ ။ အခုသူ့အမေက ပြန်ခေါ်ပြီး စားဖိုမှူးသင်တန်းတက်ခိုင်းထားလို့ ဟိုတယ်မှာ တက်နေတာ ။ အခုမောင်ကိုလည်းသွားဖမ်းတယ်။မတွေ့တော့ သတင်းပေးကြောင့် အစ်မကို ဝင်ဖမ်းတာ '' လို့ ဖမ်းဆီးခံမိသားစုဝင်တွေရဲ့ ဆွေမျိုးနီးစပ်တော်သူတစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Htar Oo
မောင်ဖြစ်သူကို မတွေ့လို့ အစ်မဖြစ်သူ နဲ့ ယောက်ဖဖြစ်သူတို့ ဇနီးမောင်နှံကို ဖမ်းဆီးသွားခဲ့တာပါ။
မောင် ဖြစ်သူ ရဲစခန်းမှာ လာအဖမ်းမခံမချင်း အစ်မဖြစ်သူ ဇနီးမောင်နှံကို ဖမ်းဆီးထားမဲ့ အထိ ရဲတွေက ပြောတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူ မြို့ခံ တစ်ဦး ကပြောပါတယ်။
ဒါပေမဲ့ ဆွေမျိုးတွေရဲ့ အပြောအရ သူ့မောင်လေးရဲ့ ကိစ္စတင်မကပါဘူး။ အာဏာသိမ်းတဲ့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ အလုပ်နုတ်ထွက်ထားတဲ့ သူတို့ဇနီးမောင်နှံကို လည်း CDM စွပ်စွဲချက်တွေနဲ့ ပုဒ်မတွေတပ် တရားစွဲလိုက်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မမျိုးစုသက် နဲ့ ခင်ပွန်းဖြစ်သူတို့ နှစ်ဦးလုံးဟာ လမ်းဦးစီးဌာန အငယ်တန်း အင်ဂျင်နီယာ ဝန်ထမ်းတွေဖြစ်ကြပါတယ်။ လက်ရှိမှာ မမျိုးစုသက်တို့ ဇနီးမောင်နှံကို စစ်ကိုင်းမြို့ ရဲစခန်းမှာထိန်းသိမ်းထားပြီး ဖမ်းဆီးပြီး သုံးရက်မြောက်နေ့မှ မိသားစု နဲ့ ပေးတွေ့ပါတယ်။
'' သူတို့( ရဲတပ်ဖွဲ့ဝင်) ကတော့ ချော့ပြီး မေးတယ်၊ ခြောက်ပြီးလည်းမေးတာမျိုးပေါ့။ မောင်ဖြစ်သူ လာအဖမ်းခံရင် မမျိုးစုသက်တို့ အပြစ်တွေကို လျှော့ပေးမယ်ပေါ့၊သူတို့ကလည်း သူ့မောင်က အခုမှဘာမှမလုပ်တော့တာဆိုတော့ ဘာမှပြန်ပြောလို့မရဘူး '' လို့ မိသားစုဝင်တစ်ဦး ကပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ မမျိုးစုသက်တို့ ဇနီးမောင်နှံမှာ အသက် ၂ နှစ်ကျော်အရွယ် သားယောက်ျားလေးတစ်ဦးရှိပြီး အခုတော့ ကလေးငယ်ကို အဘိုး နဲ့ အဘွားက ထိန်းနေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က သတင်းတွေကို ဖော်ပြတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ သူတို့ဟာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေနဲ့ ဆက်သွယ်တာကြောင့်ဖမ်းဆီးလိုက်တာလို့ဆိုသလို ဇနီးမောင်နှံနှစ်ဦးကိုလည်း NUG ရဲ့ ကြားကာလ ဆောက်လုပ်ရေးကော်မတီမှာပါတယ်ဆိုပြီး စွပ်စွဲထားပါတယ်။
ဇနီးမောင်နှံနဲ့ အတူနောက်ထပ် မိသားစုဝင် အမျိုးသမီးငယ်တစ်ဦးကိုလည်း ဖမ်းဆီးထားပြီး တစ်အိမ်တည်းက စုစုပေါင်း ၃ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ဆိုပါတယ်။ လက်ရှိမှာ သူတို့အားလုံးကို PDF ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက် နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့ မိသားစုဝင်တစ်ဦးကပြောပါတယ်။
စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့ ပေါ် မှာ စက်တင်ဘာ နောက်ဆုံးပတ် အတွင်းမှာပဲ မြို့ခံ ၅ ဦးထက်မနည်း အိမ်တွေကို ဝင်ရောက်စီးနင်း ဖမ်းဆီးခံထားရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်ကလည်း စစ်ကိုင်းမြို့ ၊ သာစည်ရပ်ကွက်မှာရှိတဲ့ ရင်သွေးရတနာ ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ထားထားဦး လည်း ဖမ်းဆီးခဲ့ပြီး ကျောင်းကို ချိပ်ပိတ်ခဲ့ပါတယ်။
'' ဆရာမကြီးကိုတော့ NUG ရဲ့ စစ်ကိုင်းဖက်ဒရယ်ကျောင်းမှာ စာသင်ပေးတာနဲ့ NUG ရဲ့ သင်ရိုးညွှန်းတမ်းတွေကို တွေ့ရှိတယ်ဆိုပြီး စစ်တပ်ကဖမ်းသွားတာ'' လို့ မြို့ခံတစ်ဦးကပြောပါတယ်။
အဲဒီမတိုင်ခင် တစ်ရက် စက်တင်ဘာ ၂၀ ရက်ကလည်း စစ်ကိုင်းမြို့ ၊ ပိုးတန်းရပ်ကွက်မှာဖွင့်ထားတဲ့ Hello Mobile ဖုန်းဆိုင် ရဲ့ ပိုင်ရှင် ကိုဝေဖြိုးကို စစ်ကောင်စီတပ်ကဖမ်းဆီးပြီး ဖုန်းဆိုင်ကိုပါ ချိပ်ပိတ်ခဲ့ပါတယ်။
စစ်ကောင်စီ သတင်းတွေကိုဖော်ပြတဲ့တယ်လီဂရမ်ချန်နယ်တွေမှာတော့ ကိုဝေဖြိုးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ နှစ်မှု နဲ့ ဝရမ်းထုတ်ခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေသူလို့ ဖော်ပြကြပါတယ်။
''ကိုဝေဖြိုးကို နှစ်ခါဖမ်းတာ၊ ၁၉ ရက်နေ့မှာ လာဖမ်းတယ်။ပြန်လွှတ်ပေးတယ်။ နောက် ၂၀ ရက်နေ့ မှာထပ်ဖမ်းပြီး အိမ်ကိုချိပ်ပိတ်တာ။ သူတို့အိမ်ကတော့ လူတော်တော်များများဖမ်းခံရတယ် '' လို့ စစ်ကိုင်းမြို့ခံတစ်ဦးက ပြောပြပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေထဲက စစ်ကိုင်း၊ မကွေးနဲ့ ချင်းတို့မှာ အရပ်သား ၂၇၀ ကျော်ဟာ PDF နဲ့ ဆက်နွှယ်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်ခုံရုံးတွေကနေ သေဒဏ်၊တသက်တကျွန်း နဲ့ နှစ်ရှည်ထောင်ဒဏ်တွေအပါအဝင် အလုပ်ကြမ်းနဲ့ထောင်ဒဏ်တွေချမှတ် ခံထားရပါတယ်။
'' မောင်ကိုလိုချင်လို့ အစ်မကိုဖမ်းတယ်။ မောင်ကလည်းထွက်ပြေးနေရတယ်။ အမေကြီးက မြေးငယ်ငယ်လေးနဲ့ ရဲစခန်းပြေးရ၊ သားသမီးတွေကိုရှင်ကွဲ ကွဲနေရတာ ၊ မျက်ရည်နဲ့မျက်ခွက်ပဲ ။ သူတို့ကိုကြည့်ပြီး တော်တော်စိတ်မကောင်းဘူး '' လို့ မမျိုးစုသက်တို့ နဲ့ ဆွေးမျိုးတော်စပ်သူ မိသားစုဝင်က ပြောပါတယ်။








