နိုဝင်ဘာ ၁၆ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - စစ်ခေါင်းဆောင် ရုရှားသွားမယ်

ဓာတ်ပုံ ရင်းမြစ်, Cincds
မကြာသေးခင်ကမှ တရုတ်ခရီးစဉ်ကပြန်လာတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားနိုင်ငံကို သွားရောက်ဖို့ ရှိနေတယ်လို့ နေပြည်တော်စစ်ရုံးနဲ့ နီးစပ်သူတွေက ဘီဘီစီ ကို ပြောပါတယ်။
ဒီခရီးစဥ်ဟာ အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ရဲ့ ၄ ကြိမ်မြောက် ရုရှားခရီးဖြစ်လာမှာဖြစ်ပြီး တပ်ချုပ်ဖြစ်ပြီးကတည်းကဆိုရင် ၁၀ ကြိမ်မြောက် ခရီးစဉ်ဖြစ်ပါတယ်။
ရုရှားနဲ့အိမ်နီးချင်း ဘယ်လာရုစ်နိုင်ငံ ကိုပါဝင်ဖို့ရှိတယ်လို့ စစ်ရုံးအသိုင်းအဝိုင်းက ပြောပြီး ဘယ်လာရုစ်ကလည်း ဖိတ်ကြားထားပါတယ်။
စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဥ်အတွင်း ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ တွေ့ဆုံဖို့ရှိမရှိ ကိုတော့ ဘီဘီစီက ဆက်လက်စုံစမ်းဆဲဖြစ်ပါတယ်။
စစ်ခေါင်းဆောင်နောက်ဆုံးသွားခဲ့တဲ့ ရုရှားခရီးစဥ်မှာ ရုရှားသမ္မတ ဗလာ ဒီမီယာ ပူတင် နဲ့ တွေ့ဆုံခဲ့ပြီး ဗလာဒီဗော့စတော့မြို့က အရှေ့ဖျားဖိုရမ်ကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။
၂၀၂၁ ဇွန်လက အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် ရုရှားကိုသွားရောက်ခဲ့တာဖြစ်ပြီး သမ္မတပူတင်နဲ့တွေ့ခွင့်မရခဲ့ပါဘူး။
၂၀၂၂ တုန်းကသွားခဲ့တဲ့ ခရီးစဥ်မှာတော့ ရုရှားနိုင်ငံ ကာလုဂါပြည်နယ်၊ ETHNOMIR ကမ္ဘာ့ ယဉ်ကျေးမှု မြို့တော်အတွင်းမှာ ပုဂံရွှေစည်းခုံစေတီတော်ကြီးနဲ့ ပုံစံတူတည်ထားတဲ့ စေတီတော်ကို ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်ခေါင်းဆောင်ဟာ တရုတ်နိုင်ငံကိုသွားရောက်ခဲ့ပြီး တရုတ် ဝန်ကြီးချုပ် ဝန်ကြီးချုပ်လီချန်း တွေ့ဆုံခဲ့သလို ယူနန်ပြည်နယ်မှာကျင်းပခဲ့တဲ့ မဟာမဲခေါင်ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။
မြန်မာနိုင်ငံထဲက ခရီးမသွားသင့်တဲ့နေရာတွေ ဗြိတိန်သတိပေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ခရီးသွားရာသီစတင်နေချိန်မှာပဲ မြန်မာနိုင်ငံထဲက ခရီးမသွားသင့်တဲ့နေရာတွေကို ဗြိတိန်အစိုးရက ထပ်သတိပေးလိုက်ပြီး ရခိုင်ပြည်နယ် ရှေးဟောင်းဒေသ မြောက်ဦးမြို့၊ ငပလီကမ်းခြေ နဲ့ မန္တလေးတိုင်းထဲက ပြင်ဦးလွင် ပါဝင်ပါတယ်။
ကချင်၊ ချင်း၊ ကယား(ကရင်နီ)၊ မွန်၊ ရခိုင်၊ ကရင်ပြည်နယ်တွေနဲ့ စစ်ကိုင်း၊မကွေးတိုင်းတို့ကို လုံးဝခရီးမသွားကြဖို့ နိုဝင်ဘာ ၁၆ ရက်စွဲနဲ့ ဗြိတိန်က ထပ်သတိပေးခဲ့တာ ဖြစ်ပါတယ်။
ဒါအပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မန္တလေးတိုင်းထဲက ပြင်ဦးလွင်မြို့နယ်၊ မန္တလေးမြို့ မြောက်ဘက်နဲ့ ပဲခူးတိုင်းထဲက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အရှေ့ဘက်ခြမ်း နေရာတွေကိုလည်း လုံးဝခရီးမသွားကြဖို့ ထားမြစ်ထားတာဖြစ်ပါတယ်။
တနင်္သာရီတိုင်းထဲမှာဆိုရင် ကျွန်းစု၊ မြိတ်နဲ့ တောင်ဘက်ခြမ်း နေရာတွေကလွဲပြီး ကျန်တဲ့ နေရာတွေကို ခရီးမသွားကြားဖို့ တိုက်တွန်းထားပါတယ်။
အမေရိကန်အစိုးရကလည်း မြန်မာနိုင်ငံကို အမေရိကန်နိုင်ငံသားတွေ ခရီးမသွားကြဖို့ အမြင့်ဆုံးဖြစ်တဲ့ အနီရောင် အဆင့် ၄ အထိ သတ်မှတ်တားမြစ်ထားတာဖြစ်ပါတယ်။
ဗြိတိန်က သတိပေးလိုက်တဲ့အထဲပါဝင်တဲ့ ရခိုင်ပြည်နယ် မြောက်ဦး နဲ့ ငပလီ ကမ်းခြေတို့ဟာ ကမ္ဘာလှည့်ခရီးသွားတွေ အကြိုက်တွေ့တဲ့နေရာတွေဖြစ်ပြီး လက်ရှိအချိန်မှာ အာရက္ခတပ်တော် (အေအေ) ရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေပါတယ်။
မြန်မာနိုင်ငံမှာ ခရီးသွားရာသီ စတင်နေပြီဖြစ်ပြီး ၂၀၂၃ ခုနှစ်က နိုင်ငံတကာခရီးသွား ၁.၂၈ သန်းကျော်လာခဲ့ပြီး ဒါဟာ ၂၀၂၂ ခုနှစ်ကထက် ၄ ဆကျော်ပိုများခဲ့တာလို့ စစ်ကောင်စီ ဟိုတယ်နဲ့ ခရီးဝန်ကြီးဌာနက ပြီးခဲ့တဲ့ သြဂုတ်လာက ထုတ်ပြန်ထားပါတယ်။
“လူ့အသက်ထက်အရေးကြီးတာဘာမှမရှိ” စာတမ်းချိတ်ထားတဲ့မီးပုံးပျံ နေပြည်တော်မီးပုံးပျံပွဲမှာ လွှတ်တင်

ဓာတ်ပုံ ရင်းမြစ်, Cincds
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ မြန်မာနိုင်ငံကိုရောက်နေတဲ့ ရုရှားနိုင်ငံ ဘူရားတီးရားပြည်နယ် အစိုးရဥက္ကဋ္ဌ Mr. Alexey Sambuevich Tsydenovတို့ တက်ရောက် တဲ့ နိုဝင်ဘာ ၁၅ ရက် ညက နေပြည်တော်မီးပုံးပျံပွဲမှာ “လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိ” စာတမ်းချိတ်ဆွဲပြီး မီးပုံးပျံလွှတ်တင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အဲဒီပွဲမှာ ရုရှား-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ်အနေနဲ့ မြတ်ရောင်ခြည် စိန်နားပန် မီးပုံးပျံကို လွှတ်တင်ခဲ့ပြီး ကြာပန်းပုံနဲ့ ဘူရားတီးရားစာသားကို မီးပုံးရောင်စုံတွေနဲ့ ချိတ်ဆွဲထားတာဖြစ်ပါတယ်။
“လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိ” ဆိုတဲ့ စာသားနဲ့ နိုဝင်ဘာ ၁၅ ရက်မှာပဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူသေဆုံးရတာတွေကို နှိုင်းယှဉ်ပြီး လူမှုကွန်ရက်မှာ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကုန်းလောရွာက စစ်ရှောင်တွေနေတဲ့ ခရစ်ယာန်ဘုရားကျောင်းဝင်း လေကြောင်းတိုက်ခိုက်ခံရလို့ ကလေး ၇ ဦး အပါအဝင် လူ ၉ ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
နိုဝင်ဘာ ၁၅ ရက် မနက်ပိုင်းကလည်း ရခိုင်ပြည်နယ်တောင်ဘက်စွန်းမှာရှိတဲ့ ဂွမြို့နယ်ထဲက ဂျိုင်ကောက်ကျေးရွာကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲခဲ့လို့ ကလေး ၁ ဦးအပါအဝင် ရွာသား ၇ ဦးသေဆုံးကာ ၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း ၅၉၄၅ ဦး သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က နိုဝင်ဘာ ၁၄ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
အင်းလေးက NLD ဟိုတယ်ခရီးဝန်ကြီးရဲ့ ဟိုတယ် မီးလောင်ကျွမ်း

ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံမီးသတ်အဖွဲ့ချုပ်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ထဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရ ဟိုတယ်ခရီးဝန်ကြီး ဦးအုန်းမောင် မိသားစုပိုင်ဆိုင်တဲ့ Inle Princess Resort နိုဝင်ဘာ ၁၅ ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
Inle Princess Resort ဟိုတယ်ထဲမှာ သစ်သားနဲ့ဆောက်ထားတဲ့ လုံးချင်းတည်းခိုဆောင် ၁၀ လုံး ထက်မနည်း မီးလောင်းကျွမ်းခဲ့ပြီး ဟိုတယ်တစ်ခုလုံးနီးပါးပျက်စီးသွားတယ်လို့လည်း မြေပြင် သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
နာမည်ကျော် တောင်ကြီးမီးပုံးပျံပွဲကနေလွှတ်တင်တဲ့ မီးပုံးတစ်လုံး ဟိုတယ်ထဲကို ပြုတ်ကျခဲ့ရာကနေ မီးစတင်လောင်ခဲ့တာလို့ ဒေသခံတွေက လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေးသားကြပါတယ်။
ဘီဘီစီအနေနဲ့ မီးလောင်မှုဖြစ်ပွားရတဲ့အကြောင်းအရင်းနဲ့ လူထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဟိုတယ်မီးလောင်မှုကြောင့် ညောင်ရွှေမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေက ၃ နာရီကျော်ကြာမီးငြိမ်းသတ်ခဲ့ ရတယ်လို့ မြန်မာနိုင်ငံမီးသတ်အဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။
Inle Princess Resort ဟိုတယ်ကိုပိုင်ဆိုင်တဲ့ ဟိုတယ်ခရီးဝန်ကြီးဟောင်း ဦးအုန်းမောင်ကို အာဏာ သိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကဖမ်းဆီးခဲ့ပြီး နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
မိုးမောက်က စစ်ရှောင်ခရစ်ယာန်ဘုရားကျောင်း ဗုံးကြဲခံရလို့ ကလေး ၇ ဦး အပါအဝင် လူ ၉ ဦး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ရှောင်တွေနေတဲ့ ခရစ်ယာန်ဘုရားကျောင်းဝင်း လေကြောင်းတိုက်ခိုက်ခံရလို့ ကလေး ၇ ဦး အပါအဝင် လူ ၉ ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ် ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကုန်းလောရွာမှာ ဖြစ်ခဲ့ပါတယ်။
နိုဝင်ဘာ ၁၅ ရက်ညနေပိုင်းက တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ ဒဏ်ရာရှိခဲ့သူ ၁၁ ဦးအထိရှိခဲ့တယ်လို့လည်း လို့ ကုန်းလောကို ရောက်ခဲ့သူတွေက ပြောပါတယ်။
“အဖေ၊ အမေ သား ၂ ယောက်၊ သမီး ၂ ယောက်၊ စုစုပေါင်း ၆ယောက် တစ်မိသားစုလုံး အကုန်သေ သွားတယ်” လို့ ကုန်းလောကို ရောက်ခဲ့တဲ့ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က ဘုရားကျောင်းနဲ့ စစ်ရှောင်တွေနေတဲ့အဆောင်ပေါ်ကို ဗုံးတစ်လုံးစီ ကြဲချခဲ့တာ လို့လည်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
မိုးမောက်က စစ်ရှောင်ခရစ်ယာန်ဘုရားကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့တာပတ်သက်ပြီး စစ်ကောင်စီဘက်က အခုအချိန်အထိ တစ်စုံတစ်ရာထုတ်ဖော်ပြောတာမျိုး မရှိသေးပါဘူး။
စစ်ရှောင်စခန်းရှိတဲ့နေရာဟာ မိုးမောက်မြို့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ ကြားမှာရှိတယ်လို့လည်း ဒေသခံတွေကပြောကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာလတုန်းကလည်း လိုင်ဇာမြို့ အနီးက မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းမှာ ကြီးမားပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့် လူ ၂၉ ဦးအထိ သေဆုံးခဲ့တာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်တုန်းကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက အနန့်ပါအရပ်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၆၀ ကျော်အထိ ရှိခဲ့တာလည်း ဖြစ်ပါတယ်။








