မုံရွာသပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်ကို သေဒဏ်ချနိုင်တဲ့အမှုနဲ့ ထပ်တိုးစွဲဆို

ဝေမိုးနိုင်

ဓာတ်ပုံ ရင်းမြစ်, Social Media

ရေးသားခဲ့သည်။

ဖမ်းဆီးထောင်ချခံထားရတဲ့ မုံရွာ သပိတ်ကော်မတီ ခေါင်းဆောင် တစ်ယောက်ဖြစ်သူ ကိုဝေမိုးနိုင်ကို သေဒဏ် အထိ အပြစ်ပေးနိုင်တဲ့ ပုဒ်မ တစ်ခု ထပ်တိုးပြီး စစ်ကောင်စီက တရားစွဲလိုက်ပါတယ်။   

နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ဆိုတဲ့ ပုဒ်မ ၁၂၂ နဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့က နောက်ထပ် တရားစွဲဆိုလိုက်တာဖြစ်တယ်လို့ ကိုဝေမိုးနိုင်ရဲ့ မိခင်က ဘီဘီစီကို ပြောပါတယ်။   

ပုဒ်မ ၁၂၂ နဲ့ စွဲဆိုခံရသူဟာ ပြစ်မှူ ကျူးလွန်ကြောင်း ပေါ်ပေါက်ရင် ပြစ်ဒဏ် အနေနဲ့ သေဒဏ်အထိ ဖြစ်စေ၊ ထောင်ဒဏ် အနှစ် ၂၀ ဖြစ်စေ ချမှတ် ခံရနိုင်ပါတယ်။

အဲဒီအမှုအတွက် ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့က ထောင်တွင်းမှာပဲ ရုံးထုတ်ခဲ့ပြီး စက်တင်ဘာလ ၂၂ ရက်ကို နောက်ထပ် ရုံးချိန်း ပေးလိုက်တယ်လို့ ဆိုပါတယ်။   

မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုဝေမိုးနိုင်ဟာ ပုဒ်မ ၅၀၅-က နဲ့ စွဲဆိုခံထားရတဲ့ အမှု ၅ မှု အတွက် တစ်မှုကို ၂ နှစ်စီနဲ့ စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ် ပြီးခဲ့တဲ့ သြဂုတ်လကပဲ ချမှတ်ခံထားရပြီးဖြစ်ပါတယ်။   

အခုနောက်ဆုံး ထပ်တိုးလိုက်တဲ့ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ပုဒ်မ ၁၂၂ နဲ့ပါဆိုရင် ကိုဝေမိုးနိုင် ဆက်လက်ရင်ဆိုင်ရမယ့် အမှုပေါင်း ၅ မှုကျန်ရှိပါသေးတယ်။  

ပုဒ်မ ၅၀၅ အမှု၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ပုဒ်မ ၂၅၊ လူသတ်မှု အပါအဝင် ရင်ဆိုင်နေရဆဲ အမှု ၄ မှုအပြင် အခု တစ်မှု ထပ်တိုး လာတာဖြစ်ပါတယ်။    

ကိုဝေမိုးနိုင်ကို ရုံးထုတ်ရာမှာ ထောင်ဝတ်စုံ အပြာဝတ်ဆင်စေပြီး လက်ထိတ် ခတ်တဲ့အပြင် သံခြေကျင်းလည်း ခတ်ပြီး ရုံးထုတ်တယ်လို့ အကျဉ်းထောင် အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ဘီဘီစီကို ပြောပါတာယ်။   

သူ့ကို စွဲဆိုထားတဲ့ အမှုတွေထဲက လူသတ်မှု အတွက် ရုံးထုတ်ပြီဆိုရင်  သေနတ်ကိုင် ရဲအင်အား ၂၀ လောက်၊ ဒိုင်းကာ၊ နံပါတ်တုတ်၊ ဦးထုပ်နဲ့ လျှပ်စစ် ကျင်စက် တို့စက်တွေကိုင်ဆောင်ထားတဲ့ ဝတ်စုံပြည့် ဝတ်ဆင်ထားတဲ့ ထောင်ဝန်ထမ်း အယောက် ၂၀ လောက်က သူနေတဲ့ တိုက်ဆောင်အထိ သွားခေါပြီး  ရုံးထုတ်လာတယ်လို့ ပြောပါတယ်။   

အကျဉ်းထောင်အတွင်းမှာပဲ ကြားနာတဲ့ တရားခွင်ထဲ ရောက်ပြီဆိုရင် ရဲတွေက လက်နက်တွေ ကိုင်ပြီး အတွင်းက စောင့်နေချိန်မှာ ထောင်ဝန်ထမ်းတွေက တရားခွင်အပြင်ဘက်မှာ စောင့်ကြတယ်လို့ ဆိုပါတယ်။  

ပုံမှန်အားဖြင့်ဆိုရင် ထောင်တွင်းရုံးထုတ်ရာမှာ ရဲတွေက သေနတ်ကိုင်လေ့ မရှိသလို ထောင်ဝန်ထမ်း တွေကလည်း လက်နက်တွေ မကိုင်ကြဘူးလို့ ထောင်တွင်း အထူးတရားရုံးတွေမှာ ရုံးထုတ်မှုတွေကို သိရှိသူက ပြောပါတယ်။  

ထောင်ပြင်ပမှာ ဆိုရင်လည်း ကိုဝေမိုးနိုင်ကို လူသတ်မှု အတွက် ရုံးထုတ်တဲ့ နေ့ဆိုရင် ရုံးတွေပဲ ရှိတဲ့ ထောင်ရှေ့က လမ်းမမှာ ကားတွေ၊ ဆိုင်ကယ်တွေ ဖြတ်သန်းသွားလာခွင့် မပြုဘဲ လမ်းပိတ်ထားတယ်လို့ အဲဒီလိုနေ့မှာ ထောင်ဝင်စာသွားပို့ဖူးသူတွေက ပြန်ပြောပြပါတယ်။

အဲလစ်ဇဘက်ဘုရင်မကြီး စျာပနကို မြန်မာနဲ့ ရုရှားကို မဖိတ်
စျာပနအခမ်းအနား အစမ်းလေ့ကျင့်နေစဥ်

ဓာတ်ပုံ ရင်းမြစ်, PA Media

ဓာတ်ပုံ ပုံစာ, စျာပနအခမ်းအနား အစမ်းလေ့ကျင့်နေစဥ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ စျာပနကို  နိုင်ငံတော်က စျာပနအဖြစ် ကျင်းပဖို့ ရှိပြီး နိုင်ငံတကာက ခေါင်းဆောင်တွေ တက်ရောက်ကြမှာ ဖြစ်ပေမဲ့ အဲဒီအခမ်းအနားကို မြန်မာ၊ ရုရှားနဲ့ ဘယ်လာရုဇ်တို့က ကိုယ်စားလှယ်တွေကို မဖိတ်ကြားထားဘူးလို့ ယူကေအစိုးရရဲ့ ရင်းမြစ်ကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။

အဲဒီအခမ်းအနားကို စက်တင်ဘာ ၁၉ ရက်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုပြီးတဲ့နောက် စစ်ကောင်စီကို အသိအမှတ်မပြုဘဲ စစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေ၊ စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ လုပ်ငန်းကြီးတွေ၊ လူပုဂ္ဂိုလ်တွေကို ယူကေက အရေးယူ ပိတ်ဆို့မှုတွေ လုပ်ထားပြီး ရိုဟင်ဂျာတွေကို ထောက်ခံမှုတွေလည်း ယူကေက ပြုလုပ်ထားပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်မှုနဲ့ ရုရှားနဲ့ သူ့ရဲ့ မဟာမိတ် ဘယ်လာရုဇ်တို့ကို ယူကေနဲ့ အနောက်တိုင်း မဟာမိတ်တွေက စီးပွားရေး အရေးယူပိတ်ဆို့မှုနဲ့ တခြား အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ထားကြပါတယ်။

လန်ဒန်မှာ ပြုလုပ်မယ့် ဘုရင်မကြီးရဲ့ စျာပနကို နိုင်ငံတကာက ကိုယ်စားလှယ် ၅၀၀ လောက် တက်ရောက်ဖို့ ရှိနေပြီး အဲဒီထဲမှာ ဗြိတိန်နဲ့ သံတမန် ဆက်သွယ်ရေး ရှိတဲ့ နိုင်ငံအများစုက နိုင်ငံခေါင်းဆောင်တွေ စေလွှတ်ကြဖို့ ရှိပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ သမ္မတကတော်၊ ကနေဒါ၊ သြစတြေးလျနဲ့ နယူးဇီလန်တို့က ဝန်ကြီးချုပ်တို့ တက်ရောက်ကြမယ်လို့ အတည်ပြုထားပြီး ဖြစ်ပြီး ဒါဟာ နှစ်ပေါင်းများစွာအတွင်း ဗြိတိန်မှာ နိုင်ငံတကာက သံတမန်တွေ အများဆုံး စုစည်းကြမယ့် အခမ်းအနား ဖြစ်လာဖွယ် ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် နိုင်ငံတကာ အသိုင်းအဝိုင်းက စစ်ကောင်စီနဲ့ သံအဆင့်လျှော့ချ ဆက်သွယ်မှုလို သံတမန်ရေး အသိအမှတ်မပြုမှုတွေ ပြုလုပ်နေကြပါတယ်။ 

ဗြိတိန်နိုင်ငံနဲ့ စစ်ကောင်စီ သံတမန် ဆက်ဆံရေးလည်း ကောင်းမွန်မှု မရှိပါဘူး။ မြန်မာနိုင်ငံကို သံအဆင့်လျှော့ချ ဆက်ဆံမှုနဲ့ ပတ်သက်ပြီး ဗြိတိန်သံရုံးတာဝန်ခံ ပိဗိုးဇ်ကို စစ်ကောင်စီက မြန်မာနိုင်ငံထဲက ထွက်ခွာသွားစေခဲ့ပါတယ်။

မိုးဗြဲမြို့၊ ဘုရားကျောင်းဝင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ ပြန်ဆုတ်

KNDF တပ်သားတွေကိုတွေ့ရစဉ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

မိုင်းတွေရှိနေတာကြောင့် ဒေသခံတွေလုံခြုံရေးစိုးရိမ်ရ

ပြီးခဲ့တဲ့စက်တင်ဘာ ၈ရက်ကနေ မနေ့စက်တင်ဘာ ၁၂ရက်အထိ ရှမ်းပြည်နယ်၊ မိုးဗြဲမြို့မှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် အဲ့ဒီညပိုင်းမှာပဲ တပ်စွဲထားတဲ့ နေရာကနေ စစ်ကောင်စီတပ်တွေပြန်ဆုတ်သွားပြီလို့ ‌ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မိုးဗြဲမြို့ပေါ်က ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းမှာ တပ်စွဲခဲ့တာဖြစ်ပြီး ပြန်လည်ဆုတ်ခွာသွားချိန်မှာလည်း အနီးတဝိုက်မှာ မိုင်းတွေထောင်ထားခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒေသခံတွေအနေနဲ့ မြို့ထဲနဲ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာအနီးတဝိုက်ကို ပြန်လည်ဝင်ရောက်လာဖို့ လုံခြုံရေးစိုးရိမ်နေရတာကြောင့် သတိပေးထားတယ်လို့ပြောပါတယ်။

"အခုက နန်းမယ်ခုံဘက်ကို သူတို့ပြန်ဆုတ်သွားတာ။ အဲ့တော့ နောက်တစ်လှမ်းဆုတ်ပြီး ရှေ့ကိုဘယ်နှစ်လှမ်းပြန်တက်လာမလဲမပြောနိုင်သေးဘူး၊ မိုင်းတွေကိုရှင်းလင်း‌တာကတော့လုပ်ရမယ်။ လောလောဆယ်ကတော့ မလုံခြုံသေးဘူး" လို့ KNDFပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများခဲ့သလို လက်နက်ခဲယမ်းအမြောက်အများပါ သိမ်းဆည်းရမိခဲ့တယ်လို့ KNDF နဲ့ပူးပေါင်းအဖွဲ့တွေကထုတ်ပြန်ထားပေမဲ့ စစ်ကောင်စီဘက်ကတော့ တစုံတရာတုံ့ပြန်တာမရှိသေးပါဘူး။

ဗီဇာသက်တမ်းတိုးပေးမယ်လို့ဆိုကာ မြန်မာအချင်းချင်း ငွေလိမ်လည်ခံရတာကြောင့် ထိုင်းရဲဆီ တိုင်ကြား

ဗီဇာသက်တမ်းတိုးပေးမယ်လို့ဆိုကာ မြန်မာအချင်းချင်း ငွေလိမ်လည်ခံရတာကြောင့် ထိုင်းရဲဆီ တိုင်ကြား

ဓာတ်ပုံ ရင်းမြစ်, Bangkok Post

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၁၃ဦးရဲ့ အိုင်ဒီ(ID) ကတ်နဲ့ ဗီဇာသက်တမ်းတိုးတာတွေကို လုပ်ဆောင်ပေးမယ်ဆိုပြီး တစ်ယောက်ကို ဘတ် ၁သောင်းတောင်းခံကာ ငွေကြေးလိမ်လည်သွားတာကြောင့်ဆိုပြီး ထိုင်းရဲစခန်းမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က အလုပ်သမားတွေဘက်က အမှုဖွင့်ခဲ့တယ်လို့ ဘန်ကောက်က လာတဲ့သတင်းတွေမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံက Phra Pradaeng ခရိုင်၊ Samrong Tai ရဲတပ်ဖွဲ့မှာ အသက် ၅၃နှစ်အရွယ် အမျိုးသမီးတစ်ဦးက နစ်နာသူတွေကိုယ်စား ဦးဆောင်အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

မစန်းဝင်းလို့ဆိုသူ မြန်မာအမျိုးသမီးတစ်ဦးဟာ သူတို့ကို ထိုင်းနိုင်ငံမှာ အလုပ်ဆက်လုပ်နိုင်ဖို့ သက်တမ်းတိုးပေးမယ်လို့ ဆိုပြီး ငွေကြေးတောင်းခံခဲ့တာလို့ဖော်ပြပါတယ်။

ငွေကြေးလိမ်လည်ခံရကြောင်း တိုင်ကြားခံရတဲ့ သူတွေအပါအဝင် စုစုပေါင်း မြန်မာလုပ်သား ၃၃ဦးဆီကနေ ‌ငွေတောင်းယူသွားတာဖြစ်ပြီး ဘဏ်ကတဆင့်ရော ငွေသားပါယူသွားတာလို့ ဆိုပါတယ်။

အခုကာလပေါက်စျေးအရ ဘတ်ငွေ ၁သောင်းဟာ မြန်မာငွေ ၉သိန်းကျော်အထိ ပေါက်စျေးရှိပါတယ်။

ပုလဲ၊ မွေ့တုံရွာ တတိယအကြိမ်မီးရှို့ခံနေရ

ပုလဲ၊ မွေ့တုံရွာ တတိယအကြိမ်မီးရှို့ခံနေရ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, CJ

ဒီကနေ့ စက်တင်ဘာ ၁၃ရက် မနက်၁၀နာရီဝန်းကျင်လောက်ကစပြီး စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က မွေ့တုံရွာထဲကို စစ်ကောင်စီတပ်တွေဝင်ရောက်လာကာ ရွာထဲကနေအိမ်တွေကိုမီးရှို့ဖျက်ဆီး နေတယ်လို့ ရွာခံတွေက ပြောပါတယ်။

ဒီကနေ့ ညနေ ၄နာရီဝန်းကျင်အထိ မီးခိုးလုံးတွေကို အဝေးကလှမ်းမြင်နေရဆဲလို့ ဆိုပါတယ်။

"ဒါသုံးကြိမ်ရှိပြီဗျ၊ ပြန်ဆောက်ထားတဲ့ တဲအိမ်တွေပါ ထပ်ရှို့ခံရပြီထင်ပါတယ်။ ရွာနားကို မကပ်ရဲသေးဘူး၊ အင်အားရာချီနဲ့ကို ရွာ‌ထဲနေပြီး လက်နက်ကြီးတွေနဲ့ပါ ပစ်နေတာ" လို့ ကျေးရွာသားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အိမ်ခြေ ၂၅၀ဝန်းကျင်ရှိတဲ့ မွေ့တုံရွာကို အခုနှစ်ဇန်နဝါရီလပိုင်းမှာ ပထမဆုံးအကြိမ် မီးရှို့ခဲ့ပြီး နေအိမ် ၁၇၀ကျော် ပျက်စီးခဲ့ကာ ဒုတိယအကြိမ် ဇူလိုင်လအတွင်းမီးရှို့ခံရချိန်မှာတော့ အိမ်အလုံးရေ ၃၃လုံးထပ်မံမီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပုလဲနယ်ထဲလှည့်လည်စစ်ကြောင်းထိုးနေတာ နှစ်ပတ်နီးပါး ရှိနေပြီဖြစ်ပြီး မနေ့ကလည်း ကြိုးကြာဥရွာ၊ ရွာထင်ရွာတွေဘက်ကို ဆက်တိုက်ဝင်ရောက်ခဲ့ကာ ရွာထင်ရွာက နေအိမ်သုံးလုံးလည်း မီးရှို့ခံရတယ်လို့ ‌ဒေသခံတွေကပြောပါတယ်။

ယင်းမာပင်အစုလိုက်သတ်ဖြတ်ခံရမှုကျူးလွန်သူတွေကို ရုံးတင်စစ်ဆေးမယ်လို့ NUG ပြော

ယင်းမာပင်အစုလိုက်သတ်ဖြတ်ခံရမှုကျူးလွန်သူတွေကို ရုံးတင်စစ်ဆေးမယ်လို့ NUG ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဒေသခံတပ်ဖွဲ့တွေကြား အားပြိုင်မှုတွေရဲ့ အကျိုးဆက်လို့ဆို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက လာပို့ရွာသားမီးသတ်ရဲဘော် (၂)ဦး၊ ယင်းမာပင်မီးသတ်ရဲဘော် (၂)ဦး၊ ပြည်သူတစ်ဦးအပါအဝင် လာပို့ရွာHero Tiger ဒေသကာကွယ်ရေးအဖွဲ့က ဗိုလ်ထိုက်မောင်အပါ (၅)ဦး စတဲ့ စုစုပေါင်း ၁၀ဦး သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်တဲ့တာဝန်ရှိသူတွေစာရင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်က မနေ့စက်တင်ဘာ ၁၂ရက်မှာ တရားဝင်ထုတ်ပြန်လာပါတယ်။

သတ်ဖြတ်ခံခဲ့ရသူတွေထဲက မီးသတ်ရဲဘော် ၄ဦးအပါအဝင် ပြည်သူတစ်ဦးကို အရင်ဆုံးမှားယွင်းဖမ်းဆီးခဲ့တာဖြစ်ပြီး CDMမပြုလုပ်ထားခြင်း၊ လမ်း‌တလျှောက်ဓာတ်ပုံမှတ်တမ်း တင်ထားတာကြောင့် သပြေအေးဆရာတော် (ခ) ဗိုလ်သံမဏိက သူတို့ကိုကပိုင်အချုပ်ခန်းထဲမှာ ထိန်းသိမ်းထားဖို့ ညွှန်ကြားခဲ့တယ်လို့ NUG ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

NUG ထုတ်ပြန်ကြေညာချက်

ဓာတ်ပုံ ရင်းမြစ်, NUG

ဒီဖမ်းဆီးခံထားရသူတွေလွတ်မြောက်ရေး အာမခံပေးဖို့ ကပိုင်ရွာကို ရောက်ရှိလာတဲ့ လာပို့ရွာ Hero Tiger PDF အဖွဲ့က ၆ဦးပါဖမ်းဆီးခံရပြီး အရင်ရန်ငြိုးရန်စနဲ့အခြေအတင်ဖြစ်ခဲ့ဖူးတာကို အကြောင်းပြုပြီး သတ်ဖြတ်ခံရတယ်လို့ စစ်ဆေးတွေ့ရှိပါတယ်။

အဲ့ဒီနောက်တော့ ကနဦးအဖမ်းခံထားရတဲ့ ၄ဦးကိုလည်း အာမခံလိုက်ပါလာသူ ကာကွယ်ရေးအဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုကာ သတ်ဖြတ်ခံရတယ်လို့ ဆိုပါတယ်။

NUG ရဲ့စုံစမ်းတွေ့ရှိချက်အရ ဒါဟာ ကပိုင်ရွာကိုအခြေပြုထားတဲ့ ယင်းမာပင်ဒေသ၊ ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၄ရဲ့ တာဝန်ရှိသူတချို့က ကျူးလွန်ိနုင်ပြီး တပ်ရင်း ၄တာဝန်ခံ ဆရာစံနဲ့ အဖွဲ့က အဓိက တာဝန်ရှိသူတွေဖြစ်တယ်လို့ ပြောပါတယ်။

ဒေသခံတပ်ဖွဲ့တွေအကြား နယ်မြေစိုးမိုးမှု၊ လက်နက်ခွဲဝေမှုအပြင် NUG အစိုးရနဲ့ချိတ်ဆက်ဖို့ အားပြိုင်မှုတွေရှိနေတာရဲ့ မလိုလားအပ်တဲ့အကျိုးဆက်တွေကြောင့် အခုလိုဖြစ်စဥ်မျိုးဖြစ်ခဲ့တာဖြစ်သလို အဲဒီအချိန်တုန်းက ဒေသခံပြည်သူတွေဟာလည်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပတ်သက်ပြီး လုံခြုံမှုမရှိဘူးလို့ ခံစားခဲ့ရတဲ့အခြေအနေတွေရှိခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

NUG ထုတ်ပြန်ချက်

ဓာတ်ပုံ ရင်းမြစ်, NUG

ဒါကြောင့် ပြစ်မှုကျူးလွန်သူတွေကို PDF ဖြစ်စေ၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်စေ အသိအမှတ်ပြုမှာမဟုတ်ဘဲ လက်နက်ဖြုတ်သိမ်းနိုင်ဖို့ဆောင်ရွက်နေပြီလို့ ဆိုထားပြီး ကျူးလွန်သူတွေကို အကျဉ်းစစ်တရားရုံးမှာ ရုံးတင်စစ်ဆေးဖို့ ဖွဲ့စည်းသွားမယ်လို့ ဖော်ပြပါတယ်။

ဒါပေမဲ့ လက်ရှိမှာ ကျူးလွန်သူလို့ဆိုသူတွေကို ဖမ်းဆီးထားမှုရှိ၊ မရှိ အပြင် ဘယ်လိုဥပဒေတွေနဲ့ အရေးယူဆောင်ရွက်သွားမယ်ဆိုတာကိုတော့ တိတိကျကျ ဖော်ပြတာမရှိသေးပါဘူး။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အခုနှစ်မတ်လအတွင်း ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့တွေစုပေါင်းပြီး စုံစမ်းစစ်ဆေးပေးဖို့ထုတ်ပြန်ချက်ထုတ်ခဲ့သလို နစ်နာသူမိသားစုဝင်တွေကလည်း စုံစမ်းပေးဖို့ NUG ကိုတိုင်ကြားခဲ့တာဖြစ်ပါတယ်။

NUG ဘက်ကထုတ်ပြန်ပြောဆိုလာတဲ့ ကျူးလွန်သူတွေလို့ဆိုတဲ့ ဆရာစံအဖွဲ့ထဲမှာ ဘယ်သူဘယ်ဝါတိတိကျကျကျူးလွန်ခဲ့တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ထိန်းသိမ်းခံရချိန် တက်ကြွလှုပ်ရှားသူတွေသေဆုံးမှု စစ်အုပ်စု စုံစမ်းဖို့ ပျက်ကွက်တယ်လို့ HRW ပြော
 ၂၀၂၁ ခုနှစ်၊ မတ်လဆန်းက ထိန်းသိမ်းခံရချိန်သေဆုံးခဲ့တဲ့ မန္တလေးမြို့၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရပ်ကျေးခေါင်းဆောင် ဦးတင်မောင်လတ်ရဲ့ စျာပနဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, REUTERS/Stringer/HRW

ဓာတ်ပုံ ပုံစာ, ၂၀၂၁ ခုနှစ်၊ မတ်လဆန်းက ထိန်းသိမ်းခံရချိန်သေဆုံးခဲ့တဲ့ မန္တလေးမြို့၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရပ်ကျေးခေါင်းဆောင် ဦးတင်မောင်လတ်ရဲ့ စျာပနဖြစ်ပါတယ်။

မြန်မာပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် တက်ကြွလှုပ်ရှားသူတွေသေဆုံးမှုကို မြန်မာစစ်အုပ်စုအနေနဲ့ စုံစမ်းဖော်ထုတ်ဖို့ ပျက်ကွက်နေတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ပြောလာပါတယ်။ ထိန်းသိမ်းခံရချိန် သေဆုံးခဲ့ရသူတွေထဲက ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းဒေသတွေက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ စစ်အာဏာသိမ်းမှုကို ထုတ်ဖော်ဆန့်ကျင်သူ အမျိုးသား ၆ ဦးဖြစ်စဥ်ကို သက်ဆိုင်ရာမိသားစုဝင်တွေ၊ မျက်မြင်တွေကို မေးမြန်းပြီး HRW ဘက်က အခုလို အစီရင်ခံစာ ထုတ်ပြန်လာတာဖြစ်ပါတယ်။ စစ်ဘက်အာဏာပိုင်တွေဟာ လုံလောက်တဲ့ ‌ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှု ငြင်းဆိုခံရတာ ဒါမှမဟုတ် ထိန်းသိမ်းခံရချိန် နှိပ်စက်ခံခဲ့ရတယ်လို့ယူဆရတဲ့အဲဒီအမျိုးသားတွေ သေဆုံးမှုနဲ့ပတ်သက်ပြီး သေသေချာချာစုံစမ်းစစ်ဆေးမှု မလုပ်ခဲ့ဘူးလို့ လည်း HRW က ပြောပါတယ်။ ''ဒီဖြစ်စဥ်တွေဟာ ထိန်းသိမ်းခံရချိန် မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ ရဲ့ နှိပ်စက် ညှင်းပန်း ခံရခဲ့ရမှု ဖြစ်ရပ်တွေရဲ့ တစ်စိတ်တစ်ပိုင်းသာဖြစ်ပါတယ်''လို့ HRW ရဲ့ အာရှရေးရာ မြန်မာသုတေသီ မန်နီမောင်က ပြောပါတယ်။ မန္တလေးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရပ်ကျေးခေါင်းဆောင် ဦးခင်မောင်လတ်၊ ရွှေပြည်သာမြို့နယ် NLD ပညာရေးကွန်ရက်က ဦးဇော်မြတ်လင်း၊ မြင်းခြံက ဦးသန်းထွန်းဦး၊ ကဗျာဆရာ ခက်သီ၊ ဦးမင်မောင်မြင့်နဲ့ ဦးကျော်ဆွေညိမ်းတို့ သေဆုံးခဲ့ရမှုဖြစ်စဥ်တွေကို HRW ဘက်က မှတ်တမ်းတင်မေးမြန်းခဲ့တာဖြစ်ပါတယ်။ တရားဥပဒေမဲ့သေဆုံးနိုင်ချေကို စုံစမ်းစစ်ဆေးမှုဆိုင်ရာ ကုလသမဂ္ဂလုပ်ထုံးလုပ်နည်းအရ ထိန်းသိမ်းချိန်သေဆုံးခဲ့မှုတွေဟာ သေဆုံးရတဲ့အခြေအနေအကြောင်းအရင်းတွေကို ဘက်မလိုက်ဘဲ မြန်မြန်စုံစမ်းဖော်ထုတ်ရမှာ ဖြစ်တာကြောင့် ကုလသမဂ္ဂနဲ့ ဒေသတွင်းဆိုင်ရာအဖွဲ့အတွေ၊ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်အစိုးရ၊ အာဆီယံအနေနဲ့ ဒီလိုသေဆုံးမှု ကိစ္စတွေကို မြန်မာစစ်အုပ်စုကို ထုတ်ပြောပြောဆိုသင့်ပြီး ရပ်တန့်သွားအောင်လည်း ပြောသင့်တယ်လို့ HRW ဘက်က အကြံပြုထားပါတယ်။

ထားဝယ်မှာ နှစ်ပတ်အတွင်းအဖမ်းခံရသူ ၃၀နီးပါးရှိလာ

ထားဝယ်မှာ နှစ်ပတ်အတွင်းအဖမ်းခံရသူ ၃၀နီးပါးရှိလာ

ဓာတ်ပုံ ရင်းမြစ်, HRUFM

ဓာတ်ပုံ ပုံစာ, စက်တင်ဘာလ ၉ ရက်နေ့တုန်းက ဖမ်းဆီးခံခဲ့ရတဲ့ ထားဝယ်သပိတ်အဖွဲ့ဝင်လူငယ် ၂ ဦး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာ နှစ်ပတ်အတွင်း အဖမ်းဆီးခံရသူ ၃၀နီးပါးရှိလာပြီလို့ တနင်္သာရီ၊ မွန်နဲ့ ကရင်က လူ့အခွင့်အရေးအခြေ တွေကိုတင်ပြနေတဲ့ မွန်မြေလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထားဝယ်မြို့နယ်မှာဆိုရင် သပိတ်ကော်မတီအဖွဲ့ဝင် လူငယ် ၂ ဦးကို စစ်တပ်နဲ့ရဲက စက်တင်ဘာလ ၉ ရက်နေ့ တုန်းက ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေဟာ အသက် ၁၈ နှစ်အရွယ် မောင်အောင်ကိုကိုနဲ့ အသက် ၂၀ အရွယ် ကိုဟိန်းဇော်အောင်တို့ ဖြစ်ပါတယ်။

"သပိတ်ကော်မတီဝင်လူရင်းတွေပါသွားတာဗျ၊ အိမ်တွေထဲ ဝင်ဖမ်းတယ်။ ပြီးရင် မြို့ဝင်မြို့ထွက်မှာလည်း စစ်ဆေးရေးဂိတ်တွေချထားပြီး ပိတ်ဖမ်းတဲ့သ‌ဘောပါ" လို့ ထားဝယ်မှာ ဖမ်းဆီးမှုအခြေအနေတွေနဲ့ပတ်သက်ပြီး သပိတ်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

ထားဝယ်မှာ နှစ်ပတ်အတွင်းအဖမ်းခံရသူ ၃၀နီးပါးရှိလာ

ဓာတ်ပုံ ရင်းမြစ်, HURFOM

အခုလိုဖမ်းဆီးမှုတွေကို စစ်တပ်ဘက်က လုပ်ဆောင်နေသလို စစ်အာဏာသိမ်းမှုကို ဆက်လက်ဆန့်ကျင်တဲ့ လုပ်ဆောင်ချက်တွေအပြင် စစ်တပ်နဲ့ နီးစပ်သူတွေ အရပ်အခေါ် သတင်းပေးသူ၊ ပျူစောထီးဆိုသူတွေ အပေါ်လည်း ပစ်ခတ်လုပ်ကြံတာမျိုးတွေလည်း ဆက်ရှိနေပါတယ်။

ဒေသခံတွေအခေါ် ပျူစောထီး လက်နက်ကိုင်တွေ ခြေကုတ် ယူထားတယ်ဆိုတဲ့ လောင်းလုံးမြို့နယ်ထဲက ပန်းဒလဲ ကျေးရွာမှာတော့ စက်တင်ဘာလ ၁၂ ရက်နေ့လယ်ပိုင်းတုန်းက ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် ပျူစောထီးအဖွဲ့ဝင်အချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ရှောင်ထောင်ချီမှာလည်း အခက်အခဲတွေကြုံနေရ

ဓာတ်ပုံ ရင်းမြစ်, IDPCMC Palaw

စစ်ရှောင်ထောင်ချီမှာလည်း အခက်အခဲတွေကြုံနေရ

အဲဒီလို တနင်္သာရီတိုင်းထဲမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပြီး ရင်စစ်တပ်ဘက်က အနီးနားကျေးရွာတွေကို ဝင်ရောက်မွှေနှောက်တာကြောင့် စစ်ပြေးဖြစ်ရသူအရေ အတွက်ကလည်း ထားဝယ်ခရိုင်ထဲမှာရော မြိတ်ခရိုင်ထဲမှာပါဆိုရင် လူဦးရေ ငါးထောင်နီးပါးအထိ ရှိနေပါ တယ်။

"စစ်ဘေးရှောင်စခန်းက သုံးခုရှိတယ်။ ကုန်စျေးနှုန်းတွေကလည်း တက်လာတယ်၊ ငွေကြေးလည်း ခက်ခဲနေတော့ ဆန်ကိုပဲအဓိကထောက်ပံ့ပေးနိုင်တယ်။ ရိက္ခာခြောက်တွေ ‌မပေးနိုင်ဘူး။ မနည်းတောင့်ခံနေရတယ်" လို့ ပုလောစစ်ရှောင်ကူညီရေးအဖွဲ့ဝင် တစ်ဦးကပြောပါတယ်။

စစ်ဘေးရှောင် ထွက်ပြေးနေထိုင်ရတာက အခက်အခဲများစွာရှိနေပေမယ့်လည်း စစ်အာဏာသိမ်းကို ဆန့်ကျင်တဲ့ ဆောင်ရွက်ချက်တွေကို စစ်ဘေးရှောင်ပြည်သူအများစုက ထောက်ခံအားပေးမှုတွေရှိနေ တာကြောင့် လတ်လောမှာ အခက်အခဲတွေကို စုပေါင်း ကူညီမှုနဲ့အတူ ဖြေရှင်းနေထိုင်နေကြတယ်လို့ အကူအညီပေးနေကြသူ တွေက ပြောထားပါတယ်။

တစ်နှစ်တာပဋိပက္ခတွေအတွင်း အရပ်သား သုံးထောင်ကျော်သေဆုံး
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က စစ်ရှောင်မြင်ကွင်း။

အမျိုးသားညီညွတ်ရေးအစိုးရ NUGကနေ ခုခံတော်လှန်စစ်စတင်ကြောင်းကြေညာခဲ့တဲ့ ပြီးခဲ့တဲ့စက်တင်ဘာလကနေ အခုနှစ်ဩဂုတ်လအထိ တစ်နှစ်တာအတွင်း အရပ်သားပြည်သူ ၃၀၁၀ ဦးသေဆုံးခဲ့တယ်လို့ NUG က မနေ့စက်တင်ဘာ ၁၂ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အရပ်သားဒဏ်ရာရသူ ၁၉၃၃ဦးရှိခဲ့ပြီး ပြည်သူ ‌၁၄၁၁၉ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

တစ်နှစ်တာ ပဋိပက္ခဖြစ်စဉ်တွေဟာ စစ်ကိုင်းတိုင်းထဲမှာ အကြိမ်ရေ ၃၀၀၀နီးပါးနဲ့ အများဆုံးဖြစ်ခဲ့ပြီး ‌မကွေးတိုင်းမှာ အကြိမ်ရေ ၈၄၅ကြိမ်နဲ့ မန္တလေးတိုင်းမှာ ၆၂၀ကြိမ်ဖြစ်ခဲ့ပါတယ်။

ဒီဖြစ်စဉ်တွေအတွင်း စစ်ကောင်စီတပ်သား ၂သောင်းကျော်သေဆုံးပြီး ၇ထောင်ကျော်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။