လှိုင်သာယာက ကျူးကျော် အိမ်တွေ ဖျက်ရပြီ

ဓာတ်ပုံ ရင်းမြစ်, HTY information
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားအမှတ် ၂ အောက်က ကျူးကျော်တွေအပါအဝင် ရန်ကုန်-တွံတေးလမ်းမဘေးက ကျူးကျော်အိမ်တွေ ဒီရက်ပိုင်းမှာ ဖျက်နေတယ်လို့ ဒေသခံတွေက တစ်ဆင့်သိရပါတယ်။
လှိုင်သာယာမြို့နယ် ဘီအိုစီအဝိုင်းအနီးက ရန်ကုန်-တွံတေး လမ်းမဘေးက မအူပင်၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း ကားဂိတ် ကျူးကျော်တဲတွေလည်း ဖျက်ရမယ်လို့ အဲဒီကားဂိတ်တွေကနေ စုံစမ်းသိရှိရပါတယ်။
စစ်ကောင်စီက ကျူးကျော်တွေကို လာရောက်ဖျက်ခိုင်းတာကြောင့် အခုလို ဖျက်နေရတာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့ကလည်း ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ထဲက ရန်ကုန်-ပုသိမ် ကားလမ်းတစ်လျှောက်က ကျူးကျော်နေသူတွေကို စစ်ကောင်စီက တစ်ပတ်အတွင်း ဖယ်ရမယ်လို့စာထုတ်ပြီး အသံချဲ့စက်နဲ့ လိုက်လံကြေညာခဲ့ပါတယ်။

ကျူးကျော်တွေဟာ ရန်ကုန်-ပုသိမ်လမ်းနဲ့ ရန်ကုန်-တွံတေး လမ်းမကြီးဘေးတွေမှာပါ တဲထိုးနေထိုင်ကြတာဖြစ်ပြီး ဒီနေ့ အောက်တိုဘာလ ၂၇ ရက် မနက်ပိုင်းမှာတော့ ကျူးကျော်တချို့က ကိုယ့်အိမ်ကို ကိုယ်တိုင်ဖျက်နေကြတယ်လို့ သိရပါတယ်။
ရန်ကုန်-တွံတေး လမ်းမကြီးထိပ် လှိုင်သာယာ ဘီအိုစီ အဝိုင်းအနီးက ကားဂိတ်တွေဟာလည်း အဲဒီနေရာမှာ တဲထိုးနေရဖို့အတွက် လူမိုက်တွေကို ကျပ်ငါးသိန်းကနေ ဆယ်သိန်းအထိပေးရတယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီး နောက် အလုပ်တွေ ရပ်နားထားရတာကြောင့် စားဝတ်နေရေးခက်ခဲနေသလို မိသားစုတချို့ဟာ အလုပ်အကိုင်မရှိကြကြောင်း ဒီကာလမှာ အချိန်တိုအတွင်း အာဏာနဲ့ ဖိအားပေးပြီးပြောင်းခိုင်းတာ အဆင်မပြေဘူးလို့ သူတို့က ဆိုပါတယ်။
"ဒီကနေ့(အောက်တိုဘာလ ၂၇ ရက်နေ့) အပြီးဖျက်ရမယ်လို့ လာပြောတယ်၊ စားစရာမရှိ ၊နေစရာမရှိ နဲ့ မလွယ်ပါဘူး၊ စက်ရုံမျက်နှာစာမှာ မမြင်ချင်ဘူးလို့ ပြောတယ်၊ တော်ကြာတစ်ယောက်က လက်မှတ်လာထိုးခိုင်းလိုက်၊ ဖယ်ခိုင်းလိုက်နဲ့ လူတွေလည်း ကြောက်နေရတယ်"လို့ အိမ်ဖျက်ခံရတဲ့ ကျူးကျော်နေထိုင်သူတစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
အိမ်ငှားနေဖို့ကလည်း အိမ်ငှားတဲ့ အိမ်ရှင်တွေကို ဖောက်ခွဲရေးလုပ်သူတွေနဲ့ ပတ်သက်ပြီး သတိထားဖို့ ၊ ဧည့်စာရင်းတိုင်ဖို့၊ စည်းကမ်းမလိုက်နာရင် အိမ်ခန်းကို သိမ်းမယ်လို့ စစ်ကောင်စီက ဆိုတဲ့ အတွက် ငှားရတာအဆင်မပြေဘူးလို့ ပြောပါတယ်။
အခု ရက်ပိုင်း ဖျက်နေတာကတော့ ဘုရင့်နောင်တံတား အမှတ် ၂ အောက်မှာ ဖြစ်ပါ။ အိမ်အများစု ဖျက်နေကြပြီး လှိုင်သာယာ စက်မှုဇုန်မှတ်တိုင် အနီးကျူးကျော်နေထိုင်သူတွေ တချို့ကတော့ အိမ်တွေဖျက်တာမရှိသေးကြောင်းလည်း ပြောပါတယ်။
လှိုင်သာယာ ဘုရားလမ်း မှတ်တိုင်ကနေ ဘီအိုစီမှတ်တိုင် အနီးတစ်လျှောက် ကျူးကျော်တွေ ရှိနေဆဲဖြစ်ပြီး စစ်ကောင်စီဘက်ကတော့ ရန်ကုန်-ပုသိမ် ကားလမ်းမကြီးတစ်လျှောက် လမ်းသွယ်တွေပါမကျန် ကျူးကျော်တွေကို ဖျက်ခိုင်းထားတယ်လို့ လှိုင်သာယာ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အစိုးရလက်ထက်ကတော့ ရန်ကုန်-ပုသိမ် ကားလမ်းမကြီးတစ်လျှောက်မှာ ကျူးကျော်နေထိုင်သူတွေကို နိုင်ငံတကာ အန်ဂျီအိုတွေက ရေတူးပေးတာ၊ အိမ်သာ ဆောက်ပေးတာတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
လှိုင်သာယာမြို့နယ်မှာ ဘုရင့်နောင်တံတား အဆင်းဘက်ခြမ်း ရန်ကုန်-ပုသိမ်လမ်းမကြီးတစ်လျှာက်မှာရှိတဲ့ ကျူးကျော်နေအိမ်တွေ ဒီလကုန်အပြီး ဖယ်ပေးရမယ်ဆိုပြီး အောက်တိုဘာ ၁၅ ရက်နေ့က စကြေညာခဲ့တာ ဖြစ်ပါတယ်။
ဒီကြေညာချက်ကို မြို့နယ်ထွေအုပ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ လှိုင်သာယာမြို့တွင်းမှာ ရှိနေတဲ့ စစ်ကောင်စီတွေ ပူးပေါင်းပြီး လိုက်ကြေညာတာတွေ၊ စာကပ် သတိပေးတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့အဝင်လမ်းမကြီးတလျှောက် ကျူးကျော်အိမ်တွေအပြင် စက်ရုံတွေအနား နေထိုင်သူတချို့လည်း ဖျက်ဖို့ ဖိအားပေး ခံရတယ်လို့ အဲ့ဒီနေရာတွေမှာ နေထိုင်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်မှာလည်း ကျူးကျော်ပြဿနာတွေနဲ့ပတ်သက်ပြီး စာရင်းကောက်ယူမှုတွေ၊ တန်ဖိုးနည်းအိမ်ရာစီမံကိန်းဖော်ဆောင်ဖို့တွေ လုပ်ခဲ့ပေမယ့် ပြီးပြတ်အောင် မဖြေရှင်းနိုင်ခဲ့ပါဘူး။
ကိုဗစ်ကပ်ဘေးနဲ့ အာဏာသိမ်းမှုဖြစ်စဉ်ကြားမှာ စားဝတ်နေရေးကျပ်တည်းမှု၊ စီးပွားရေးကျဆင်းမှုဒဏ်ကို ကျားကန်ရင်ဆိုင်နေရချိန် အခြေခံလူတန်းစားတွေဖြစ်တဲ့ ကျူးကျော်နေထိုင်သူတွေကို အခုလိုဖယ်ရှားဖို့ ဖိအားပေးလာတာနဲ့ ပတ်သက်လို့ ပြည်သူ့ရေးရာ မူဝါဒ လေ့လာသုံးသပ်သူ ဦးခိုင်ဝင်းက အာဏာနဲ့ အလောသုံးဆယ်ဖယ်ရှားလို့ အဆင်မပြေနိုင်ဘူးလို့ ပြောပါတယ်။

တစ်ဖက်မှာလည်း ဒါတွေဟာ စစ်ကောင်စီဘက်က သူတို့ရဲ့လုံခြုံရေးအတွက် အထောက်အထားမဲ့ နေထိုင်သူတွေကို ဖယ်ရှားတဲ့ ဗျူဟာတစ်ခု ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိထားပါတယ်။
ရန်ကုန်စည်ပင်ဘက်ကထုတ်ပြန်ချက်မှာတော့ ဘယ်စီမံကိန်းတွေအတွက် ကျူးကျော်တွေကိုဖယ်ရှားခိုင်းရတယ်ဆိုတာကို တိတိကျကျ ကြေညာထားတာမရှိသလို လုံလောက်တဲ့အချိန်မပေးဘဲ ချက်ချင်းဖယ်ရှားခိုင်းတာကြောင့် ကျူးကျော်နေထိုင်သူတွေမှာ အခက်အခဲတွေများစွာကြုံနေရတယ်လို့လည်း သိရပါတယ်။








