စစ်ကောင်စီတပ်တွေ ဖမ်းသွားတဲ့ ဖားကန့်၊ နန့်ယားဒေသခံ ၂၀ ကျော် ပြန်လွတ်လာ

ရေးသားခဲ့သည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်ယားရွာကနေ စစ်ကောင်စီတပ်တွေ မနေ့က ဖမ်းသွားတဲ့ ဒေသခံ ၂၀ ကျော် ဒီကနေ့ နေ့လယ်မှာ ပြန်လွတ်လာပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

မေလ ၁၇ ရက်နေ့ မနက်အစောပိုင်းက နန့်ယားရွာကနေ ထွက်တဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ နန့်ယား ရပ်ကွက် (၃) က ဒေသခံ တွေဖြစ်တဲ့ အငယ်ဆုံး ၃ နှစ်ကလေး ၂ ယောက် အပါအဝင် ဒေသခံ ၂၀ ကျော်လောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ကာမိုင်းဘက်ကို ခရီးဆက်သွားပြီးနောက် ပြန်လွှတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

နန့်ယားရွာဟာ မိုးကောင်း၊ ကာမိုင်း၊ လုံးခင်း၊ ဖားကန့် လမ်းမှာရှိပြီး ဖားကန့်ကနေ မိုးကောင်း-မြစ်ကြီးနားလမ်းမှာ ခရီးသွားတွေ ထမင်းတစ်ထောက် ဝင်စားဝင်နားတဲ့နေရာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ နန့်ယားဒေသခံ ၂၀ ကျော်ထဲက ကလေးငယ် ၂ ယောက်အပါအဝင် ၈ ယောက်ကို မေလ ၁၈ ရက် မနက်ပိုင်း ၁၀ နာရီလောက်မှာ မအူပင်ရွာ အကျော်နားက ရေကာတာနားကနေ တစ်သုတ်လွှတ်ပေးခဲ့ပြီး မွန်းလွဲပိုင်းလောက်မှာတော့ ကျန် ၁၃ ယောက်ကို ကာမိုင်း စစ်ကောင်စီ ဗျူဟာကုန်းကနေ ကားငှားပြီး အသုတ်ခွဲပြီး လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတွေ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး “ကျွန်တော့် အမြင်ကတော့ (စစ်ကောင်စီတပ်တွေ)က ဒါက ဓားစားခံလုပ်တဲ့ သဘောပါပဲ။ သူတို့လုံခြုံဖို့လေနော်။ … ပြည်သူတွေပါရင်တော့ (ကေအိုင်အေနဲ့ ပူးပေါင်းတပ်တွေက) မပစ်ဘူးပေါ့၊ အဲဒီလိုသဘောလို့ မြင်တယ်။ ဒိုင်းကာပေါ့နော်” လို့ နန့်ယားဒေသခံ တစ်ယောက်က ပြောပါတယ်။

ဖမ်းဆီးသွားသူတွေကို ကိုယ်ရေးအချက်လက်မေးမြန်းတာလို စစ်ဆေးတာတွေ ပြုလုပ်တာ မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီဒေသခံတွေ ဖမ်းဆီးခံရချိန်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ အဲဒီနေရာကို ရောက်လာတဲ့ စစ်ကြောင်းက ဒေသခံတွေကို ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ ဖားကန့်မြို့နယ်အတွင်းနဲ့ ဖားကန့်ကို သွားတဲ့ လမ်းကြောတစ်လျှောက်မှာတော့ တချို့နေရာတွေမှာ စစ်ကောင်စီတပ်တွေရဲ့ စစ်ဆေးရေးဂိတ်တွေရှိပြီး တချို့လမ်းပိုင်းတွေမှာတော့ ကေအိုင်အေ နဲ့ ပီဒီအက်ဖ် ပူးပေါင်းအဖွဲ့တွေရဲ့ နေရာယူထားမှုတွေလည်း ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် အရင်က စစ်ကောင်စီစစ်ကြောင်းကို ကေအိုင်အေနဲ့ ပီဒီအက်ဖ် ပူးပေါင်းအဖွဲ့တွေက ဖားကန့်လမ်းကြောတစ်လျှောက်မှာ မိုင်းဆွဲတာအပြင် ဧပြီလအတွင်းမှာလည်း ဖားကန့်လမ်းကြောဖြစ်တဲ့ နန့်တိန်းမှာ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ဖူးပါတယ်။

အခုနှစ်ထဲမှာ စစ်ကောင်စီတပ်တွေက ဖားကန့်မှာ စစ်ကြောင်းထိုး ဖမ်းဆီးတာတွေ မကြာခဏလုပ်လေ့ရှိတယ်လို့လည်း ဒေသခံတွေက ပြောပတယ်။

အခုလို ဒေသခံတွေကို ဖမ်ဆီးနေတာတွေဟာ အကြမ်းဖက်တာ၊ လူ့အခွင့်အရေးကို တန်ဖိုးမထားတာဖြစ်တယ်လို့လည်း ဒေသခံတချို့က ပြောပါတယ်။

ဖားကန့်မြို့နယ်အတွင်းမှာ စစ်ကြောင်းထိုးပြီး ဖမ်းတာတွေရှိသလို ဖမ်းဆီးတဲ့ခါမှာလည်း လူရာချီ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ဖြစ်စဉ်မျိုးတွေလည်း ရှိခဲ့ဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်တွေက ၂၀၂၃ ခုနှစ် အတွင်း စစ်ကြောင်းထိုး ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ နေရာတွေကတော့ နန့်ယားရွာ၊ ဆိုင်းဖရာရွာ၊ လုံးခင်းဘက်က မှော်ဘုံ(မဒဲယာန်) ၊ မဇွပ်ယန်၊ မလန်းနဲ့ရှရော်ခ စတဲ့နေရာတွေဖြစ်ပြီး တချို့ကို ခံဝန်နဲ့ပြန်လွှတ်ပေးခဲ့တာတွေရှိသလို အခုချိန်ထိ ပြန်မလွတ်သေးသူတွေလည်း ရှိနေပါတယ်။