ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇူလိုင်လ ၂၃ ရက် ထိပ်တန်းသတင်းများ - ဘင်္ဂလားဒေ့ရှ်ရဲ့ ညလုံးပေါက်စစ်ဆင်ရေးမှာ အာဆာအဖွဲ့ဝင်တွေ ဖမ်းမိ
ကော့ဆက်ဘဇားခရိုင်မှာ ဘင်္ဂလားဒေ့ရှ်အထူးရဲတပ်ဖွဲ့တွေက ညလုံးပေါက်ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးမှာ အာရကန်ရိုဟင်ဂျာလွတ်မြောက်ရေးတပ်(အာဆာ) အဖွဲ့က တပ်မှူးတစ်ဦးအပါအဝင် ခြောက်ဦးကို ဖမ်းမိထားတယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။
ကောက်ဘဇားခရိုင်ထဲက ရှမ်လာပူအရပ်မှာရှိတဲ့ တောင်ကုန်းတစ်ခုကို သောကြာနေ့ကနေ စနေနေ့မနက်ပိုင်းအထိ စီးနင်းရှာဖွေခဲ့တဲ့အဲဒီစစ်ဆင်ရေးမှာ အာဆာအဖွဲ့ဝင်တွေအပြင် လက်နက် ၇ လက်၊ ကျည်တွေနဲ့ ငွေတွေကိုပါ ဖမ်းမိခဲ့တာလို့ သိရပါတယ်။
ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့(RAB) ရဲ့ စစ်ဆင်ရေးအတွင်း အာဆာအဖွဲ့ရဲ့ ထိပ်တန်းတပ်မှူးတစ်ဦးဖြစ်သူ အသက် ၂၈ နှစ်အရွယ် ဟာဖစ်ဇ် နျူ မဟာမက်ကို ဖမ်းမိခဲ့တာလို့ RAB သတင်းအချက်အလက်ဌာနညွှန်မှူးက ပြောပါတယ်။
အဲဒီလူကို ဖမ်းမိအပြီးမှာ သူ့ထွက်ဆိုချက်နဲ့ နောက်ထပ် အာဆာအဖွဲ့ဝင်တွေကို ဖမ်းခဲ့တာလို့လည်း ဆိုပါတယ်။
အာဆာအဖွဲ့ဟာ ပြန်ပေးဆွဲတာ၊ လူသတ်တာနဲ့ ရာဇဝတ်မကင်းတဲ့အလုပ်တွေကို လုပ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ပြောထားတာပါ။
ဟာဖစ်ဇ်ဟာ အဖွဲ့ဝင် ၃၀ နဲ့ ၃၅ ဦးအထိရှိတဲ့ ရာဇဝတ်ဂိုဏ်းကို ဦးစီးနေပြီး မြန်မာပြည်တွင်းစစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ချိန် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် သိန်းချီရှိရာ ကူတူပါလောင်ဒုက္ခသည် စခန်းနဲ့ အဲဒီစခန်းကပ်လျက်အရပ်တွေမှာ လူသတ်မှု၊ ပြန်ပေးမှု၊ ငွေညှစ်မှုတွေကို ပြုလုပ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်ပို့စ်သတင်းက ဖော်ြပထားပါတယ်။
အာဆာအဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ ဝင်ရောက်ခြေရာဖျောက်နေပြီး ဒုက္ခသည်တွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေရှိလို့ အသက်အန္တရာယ် စိုးရိမ်ကြတဲ့အကြောင်း စခန်းမှာနေထိုင်တဲ့ ရိုဟင်ဂျာတွေက ဘီဘီစီကို အစောပိုင်းမှာ ပြောထားပါတယ်။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ အပြောအရဆိုရင် ၂၀၂၂ ခုနှစ်အတွင်းမှာ လက်နက်ကိုင်အဖွဲ့တွေကြောင့် ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာ ၄၀ ဦး သတ်ဖြတ်ခံခဲ့ရသလို အခုနှစ် ပထမ ၆ လပတ်မှာတင် သတ်ဖြတ်ခံရတဲ့ဒုက္ခသည် ၄၈ ဦးအထိရှိနေပါတယ်။
စျေးခန့်မှန်းရခက်နေလို့ ရွှေဆိုင်အချို့ အရောင်းရပ်နား
မြန်မာငွေကျပ် ၂၀၀၀၀ တန်အသစ်ထွက်ရှိမယ့်အကြောင်း စစ်ကောင်စီကြေညာပြီးတဲ့နောက် ပြည်တွင်းရွှေစျေးက ခန့်မှန်းရခက်တဲ့အနေအထားရှိပြီး ရွှေဆိုင်အချို့အရောင်းရပ်နားထားတယ်လို့ ရွှေဆိုင်တွေဆီကနေ သိရပါတယ်။
"ရွှေလာရောင်းတယ်ဆို ကျွန်မတို့က ပြန်ဝယ်ပါတယ်၊ ကျွန်မတို့ဘက်ကတော့ ဒီနေ့အရောင်းအကုန်ရပ်ထားပါတယ်" လို့ နာမည်ကြီးရွှေဆိုင်အရောင်းဝန်ထမ်းတစ်ဦးက ပြောပါတယ်။
အချို့ရွှေဆိုင်တွေကတော့ 18k လို့သိကြတဲ့ ၁၂ ပဲရည်ရွှေတွေကို ရောင်းချပေးနေပြီး ၁၅ ပဲရည်၊ အခေါက်ရွှေကိုတော့ အရောင်းရပ်ထားတဲ့အခြေအနေလည်းဖြစ်ပါတယ်။
မနေ့ကအထိ ပြည်တွင်းရွှေစျေးက သိန်း ၃၀ အထက်မှာရှိနေတာပါ။ ဒီကနေ့ရွှေစျေးကွက်အခြေအနေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းတာဝန်ရှိသူကို မေးမြန်းနိုင်ဖို့ ကြိုးစားပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းရွှေစျေးအဆမတန်မြင့်တက်လာခဲ့ပြီး ရွှေစျေးကွက်ကို ထိန်းချုပ်ဖို့ စစ်ကောင်စီရဲ့ ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီက ရွှေဆိုင်တွေကို ရွှေတစ်ကျပ်သားကို ၂၇ သိန်း ၉ သောင်းကျပ် နဲ့ ရောင်းချဖို့ အခုနှစ်ဖေဖော်ဝါရီမှာ သတ်မှတ်ခဲ့ပါတယ်။
သတ်မှတ်စျေးမရောင်းတဲ့ရွှေဆိုင်တွေကိုလည်း အဲဒီကာလက ခေါ်ယူစစ်ဆေးမေးမြန်းခဲ့တဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။
သီတဂူဆရာတော်၊ MEC ဥက္ကဋ္ဌအပါ သံဃာနဲ့ လူ ရာချီကို စစ်ကောင်စီဆုတံဆိပ် ချီးမြှင့်
နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအပြင် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခဲ့ကြသူတွေနဲ့ နေပြည်တော်က မာရဝိဇယဗုဒ္ဓရုပ်ပွားတော် တည်ထားကိုးကွယ်ရေးလုပ်ငန်းတွေ ပါဝင်ခဲ့ကြသူတွေလို့ဆိုပြီး ဆရာတော်ကြီး ၂၆ ပါးနဲ့ စစ်ဗိုလ်ချုပ်၊ ရဲ အပါအဝင် စီးပွားရေးလုပ်ငန်းရှင် ရာနဲ့ချီကို စစ်ကောင်စီက ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်ပါတယ်။
စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းနဲ့ မကွေးက ရဲတပ်ဖွဲ့ဝင် ၄၅ ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်အဖြစ် စစ်မြေပြင်တိုက်ခိုက်ရေးမှာ ထူးချွန်သူတွေကိုချီးမြှင့်တဲ့ ရဲသူရနဲ့ ရဲဗလတံဆိပ်တွေ ပေးခဲ့တာကို ဒီကနေ့ထုတ်ပြန်ချက်အရတွေ့ရပါတယ်။
ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့တွေထဲက အမြင့်ဆုံး ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်တဲ့ သရေစည်သူဘွဲ့ကို နိုင်ငံတော်သြဝါဒစရိယ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ၊ ရွှေသုဝဏ်ဆရာတော်ကြီး၊ ပါမောက္ခချုပ်ဆရာတော်အပါအဝင် ဆရာတော်ကြီး ၄ ပါးနဲ့ လူပုဂ္ဂိုလ် ၅ ဦးကို စစ်ကောင်စီကပေးအပ်ခဲ့ပါတယ်။
အဲဒီထဲ စစ်ကောင်စီဥက္ကဋ္ဌရဲ့ အကြံပေးပုဂ္ဂိုလ်လည်းဖြစ် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းအပြင် အင်ဂျင်နီယာကောင်စီနာယကအပါအဝင် ၅ ဦးက သရေစည်သူဘွဲ့ကို ဆရာတော်ကြီးတွေနဲ့အတူရခဲ့တာဖြစ်ပါတယ်။
စစ်တပ်ရဲ့ အရေးအကြီးဆုံးစီးပွားရေးတာဝန်ခံလို့ ခေါ်ဝေါ်ရတဲ့ မြန်မာ့စီးပွားရေကော်ပိုရေးရှင်း က အရာရှိကြီး ၅ ဦးနဲ့ အင်းဝဘဏ်အထွေထွေမန်နေဂျာကိုပါ စီမံထူးချွန်တံဆိပ်ပေးခဲ့သလို ပုဂ္ဂလိကကုမ္ပဏီပိုင်ရှင်ဆယ်နဲ့ချီကိုလည်း လူမှုထူးချွန်တံဆိပ်တွေပေးခဲ့တာပါ။
ဒီကနေ့ တရက်တည်းမှာတင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တည်ထားကိုးကွယ်တဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ပြီးစီးမှုအထိမ်းအမှတ်ဆိုပြီး မြန်မာငွေကျပ် နှစ်သောင်းတန်ထုတ်ဝေမယ့်အကြောင်းတွေပါ ဆက်တိုက်ကြေညာနေတာဖြစ်ပါတယ်။
ခမ်းပတ်မြို့မှာတိုက်ပွဲဖြစ်၊ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ရဲစခန်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်နေပြီး ဒီနေ့ နေ့လယ်ပိုင်းအထိ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခမ်းပတ်မြို့ အမှတ် ၁ ရပ်ကွက်အစွန်က စစ်ကောင်စီတပ်ရဲ့ ရဲနဲ့စစ်တပ် စခန်းကုန်းကို ကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေက မနေ့ညပိုင်းမှာ ဝိုင်းပတ်တိုက်ခိုက်ရာကနေ တိုက်ပွဲ စတင်ဖြစ်ပွားတာလို့ သိရပါတယ်။
တိုက်ပွဲအတွင်း ခမ်းပတ်မြို့ အမှတ် ၁ ရပ်ကွက်ထဲကို လက်နက်ကြီးကျည်ကျရောက်တာကြောင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသေဆုံးတယ်လို့လည်း သိရပါတယ်။
‘’စစ်တပ်ကုန်းကနေ ဒီနေ့ မနက်ပိုင်းအထိပစ်နေတုန်းပဲ။ အကြိမ်ပေါင်းမနည်းဖြစ်နေပြီ။ သေဆုံးတဲ့ကောင်လေးကတော့ မနေ့ညပိုင်းတုန်းက ရှောင်တိမ်းဖို့လုပ်ရင်း ပစ္စည်းတွေသယ်တုန်းမှာ လက်နက်ကြီးကျည်မှန်ပြီးသေဆုံးတာ။ ဒီမနက်မိုးလင်းပိုင်းမှာပဲ ဂူသွင်း စျာပနလုပ်လိုက်ပြီ’’ လို့ အမှတ် ၁ ရပ်ကွက်ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးကို စစ်ကောင်စီတပ်ဘက်က ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဖမ်းဆီးခဲ့ပြီးတဲ့နောက် ခမ်းပတ်မြို့ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝိုင်းထားခဲ့ရာကနေ မနေ့ညပိုင်းက တိုက်ပွဲ ဖြစ်လာတာလို့ သိရပါတယ်။
အခုတော့ ခမ်းပတ်မြို့ဒေသခံတွေဟာ တိုက်ပွဲကြောင့် မြို့ပြင်နဲ့ တမူးမြို့ပေါ် အထိ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့သတင်းတွေကို ထုတ်ပြန်နေတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ တမူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ တပ်စခန်းနဲ့ရဲစခန်းတွဲထားတဲ့ ခမ်းပတ်စခန်းကို မနေ့ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို ဒီနေ့မနက်မှာလည်း မြို့ထဲက အထွေထွေအုပ်ချုပ်ရေးရုံးမှာ နေရာယူနေတယ်လို့ သတင်းဖော်ပြနေပါတယ်။
သေဒဏ်ချမှတ်ခံထားရသူ ၁၁၅ ယောက်ရှိ
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားခဲ့သူထဲက အကျဉ်းထောင်တွေမှာ အကျဉ်းချခံရပြီး သေဒဏ်အမိန့်ချမှတ်ခံထားရသူ ၁၁၅ ယောက်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်အရတွေ့ရပါတယ်။
သေဒဏ်အမိန့်ချခံရသူတွေဟာ အသက် ၁၉ နှစ်ကနေ ၅၀ အရွယ်ကြားရှိသူတွေဖြစ်ပြီး အဲဒီထဲမှာ အမျိုးသားအရေအတွက်က အယောက် ၁၀၀ နဲ့အများဆုံးဖြစ်ပါတယ်။ သေဒဏ်အမိန့်ချခံထားရတဲ့ အမျိုးသမီး ၁၅ ဦးလည်းရှိပါတယ်။
အဲဒီထဲက အယောက် ၉၀ ဝန်းကျင်ဟာ ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ဒုတိယအများစုကတော့ မန္တလေးအကျဉ်းထောင်ထဲမှာဖြစ်ပါတယ်။
အခုလိုသေဒဏ်အမိန့်ချမှတ်သလို သေဒဏ်စီရင်တာကိုလည်း စစ်ကောင်စီက တကျော့ပြန် ပြန်လည်ကျင့်သုံးခဲ့ပြီး မနှစ် ဇူလိုင် ၂၃ ရက်မှာ ထင်ရှားတဲ့နိုင်ငံရေးသမားတွေဖြစ်တဲ့ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်အပါအဝင် အရပ်သားတွေဖြစ်တဲ့ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော် စတဲ့ ၄ ဦးကို စီရင်ခဲ့ပါတယ်။
ဒီကနေ့ဟာ အဲဒီအမျိုးသား ၄ ဦး သေဒဏ်ပေးခံခဲ့ရတာ တစ်နှစ်ပြည့်တဲ့နေ့လည်းဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ လက်တွေ့သေဒဏ်ကျင့်သုံးမှုကြောင့် အမိန့်ချမှတ်ခံထားရသူတွေရဲ့ မိသားစုဝင်တွေဘက်က စိုးရိမ်မှုမြင့်တက်နေပြီး နိုင်ငံတကာကလည်း ဒီလိုလုပ်ရပ်အပေါ် အပြင်းအထန်ကန့်ကွက် ပြစ်တင်ထားပါတယ်။
သထုံမှာ စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံထောင်ချီ ထွက်ပြေးနေရ
မွန်ပြည်နယ်၊ သထုံမြို့နယ်ထဲက ကဇိုင်းကျေးရွာနဲ့ အနီးနားကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံ သုံးထောင်နီးပါး ထွက်ပြေးနေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)က သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ ကြာပန်းအမြောက်တပ်ကနေ ဇူလိုင်လ ၂၁ ရက်၊ မနက် ၁၀ နာရီကျော်မှာ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကဇိုင်းကျေးရွာထဲက အသက် ၃၀ ကျော်အရွယ်အမျိုးသမီး တစ်ဦးလည်း ခြေထောက်မှာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေ့ညပိုင်းမှာပဲ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကေအဲန်ယူ တပ်မဟာ ၁ နယ်မြေ၊ သထုံမြို့နယ်ထဲက ကျုံမိန်ရွာအတွင်းကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့လည်း KNU က ပြောပါတယ်။
လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ရွှေရောင်ပြ၊ ဇီးဝန်း၊ အဝင်းကြီးကျေးရွာတွေက လူပေါင်း ၂၈၉၂ ဦး ထွက်ပြေးနေရသလို ခလောက်အင်း၊ မိချောင်းအိုင်၊ မရမ်းကုန်း၊ ဒေါင်းရွာ၊ အောင်ပန်းကုန်း စတဲ့ကျေးရွာတွေက ပြည်သူတွေလည်း ထွက်ပြေးနေရတယ်လို့ ကေအဲန်ယူက ပြောပါတယ်။
မြန်မာငွေကျပ် နှစ်သောင်းတန် ထုတ်ဝေမယ်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ "နှစ်သောင်းကျပ်တန်" ငွေစက္ကူအသစ်ကို လာမယ့် ဇူလိုင် ၃၁ ရက်နေ့ကစပြီး ထုတ်ဝေမယ့်အကြောင်း စစ်တပ်ပိုင် မြဝတီသတင်းဌာနကနေ ဒီကနေ့မနက်ပိုင်းမှာ ကြေညာပါတယ်။
ငွေစက္ကူအသစ်ဟာ အစိမ်းနုရောင်ရှိမှာဖြစ်ပြီး အရှေ့ဘက်မှာ ဆင်ဖြူတော်ပုံနဲ့ အနောက်ဘက်မှာ စစ်ကိုင်းတံတားပုံနဲ့ ဧရာဝတီတံတားပုံ ရိုက်နှိပ်ထားမယ်လို့ ဖော်ပြပါတယ်။ လက်ရှိသုံးစွဲနေတဲ့ ငွေစက္ကူတွေနဲ့ ငွေအကြွေတွေကတော့ အရင်အတိုင်းတရားဝင်သုံးစွဲငွေအဖြစ် ဆက်ရှိနေမှာပါ။
နှစ်သောင်းကျပ်တန်ကို အကန့်အသတ်နဲ့သာထုတ်ဝေပေးမှာဖြစ်ပြီး ဟောင်းနွမ်းနေပြီး သုံးစွဲလို့မရတော့တဲ့ ငွေစက္ကူအမျိုးအစားတွေနဲ့ တန်ဖိုးတူလဲလှယ်ပေးမှာဖြစ်ပါတယ်။
မြန်မာမှာ ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှုရဲ့ ဗဟိုချက်ဖြစ်စေဖို့ ရည်ရွယ်တဲ့ "မာရဝိဇယ" ဗုဒ္ဓရုပ်ပွားတော်မြတ် တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်အနေနဲ့ရော မနှစ် ဇူလိုင် ၂၃ ရက်နေ့မှာ တွေ့ရှိခဲ့တဲ့ ဆင်ဖြူတော် "ရဋ္ဌနန္ဒက" ရဲ့ တစ်နှစ်ပြည့်မွေးနေ့အဖြစ်ပါ ဒီငွေစက္ကူအသစ်တွေကို ထုတ်ဝေတာလို့ ဆိုပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘုရားဒကာအဖြစ် လှူဒါန်းထားတဲ့ "မာရဝိဇယ" ဗုဒ္ဓရုပ်ပွားတော်ကြီးကို သြဂုတ်လ ၁ ရက်နေ့မှာ ဗုဒ္ဓါဘိသေကအနေကဇာတင် အခမ်းအနားပြုလုပ်ဖို့လည်းရှိနေပါတယ်။