ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သြဂုတ် ၃ ရက် ထိပ်တန်းသတင်းများ - ကာကွယ်ရေးဝန်ကြီး နဲ့ ပြည်ထဲရေးဝန်ကြီး အပြောင်းအလဲဖြစ်
အခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌ တရားသူကြီးချုပ်ဖြစ်လာ
စစ်ကောင်စီက သူ့ရဲ့အစိုးရ အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး ကာကွယ်ရေးဝန်ကြီး နဲ့ ပြည်ထဲရေးဝန်ကြီး နေရာအပါအဝင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် နေရာအတော်များများ အပြောင်းအလဲဖြစ်ခဲ့ပါတယ်။
ကာကွယ်ရေးဦးစီးချုပ်(ရေ)ဟောင်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ကာကွယ်ရေးဝန်ကြီးဖြစ်လာပြီး ဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဗိုလ်ချုပ်ကြီး တင်အောင်စန်းရဲ့ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးနေရာကို ပြောင်းရွှေ့ခံရပါတယ်။
အလားတူ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် က ပြည်ထဲရေးဝန်ကြီးသစ်ဖြစ်လာပြီး ဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁)ရဲ့ ဝန်ကြီးဖြစ်လာပါတယ်။
ပြည်ထဲရေးဝန်ကြီးကို ဒုတိယဝန်ကြီးချုပ် ရာထူးမပေးတော့ဘဲ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို ဒုတိယဝန်ကြီးချုပ်အဖြစ်ပြောင်းရွှေ့ခန့်အပ်လိုက်ပါတယ်။
လစ်လပ်နေတဲ့ ပြည်ထောင်စုတရားသူကြီးချုပ် နေရာကို လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌ ဦးသာဌေး ခန့်အပ်ခံရပါတယ်။
လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌအသစ် အဖြစ် အငြိမ်းစားသံအမတ်ကြီး ဦးပေါ်လွင်စိန် ခန့်အပ်ခံရပြီး NLD အစိုးရလက်ထက်က လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်ဟောင်းလည်း ဖြစ်ပါတယ်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ဟိုတယ်၊ခရီး ဝန်ကြီးဟောင်း ဦးအောင်သော်ခန့်အပ်ခံရပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ အပတ်စဉ်(၁၉) တစ်ပတ်စဉ်တည်း ဆင်း ဖြစ်ပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ အသစ် ဦးစစ်အေး ဖြစ်လာပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရဲ့ အကြံပေးဟောင်း ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ရဲ့ အကြံပေးအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထွန်းဦး အရပ်ဘက်ရာထူးနဲ့ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဖြစ်လာပါတယ်။
နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဟောင်း ဦးတင်ဦးလွင်ကတော့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးအသစ်ဖြစ်လာပါတယ်။
စစ်ကောင်စီရဲ့အစိုးရအဖွဲ့ထဲမှာ အပြောင်းအလဲတချို့ဖြစ်ခဲ့ပေမဲ့ အများစုကတော့ ဝန်ကြီးဌာနတွေ ရွှေ့ပြောင်းလိုက်တာပဲ ဖြစ်ပါတယ်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြည်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာသက်သက်ခိုင် က ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ယူရမှာပါ။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြည်လည်နေရာချထားရေး ဝန်ကြီးနေရာကိုတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရဲ့ ကျန်းမာရေးကို တာဝန်ယူဖူးသူ ဒေါက်တာစိုးဝင်း ခန့်အပ်ခံရပါတယ်။
NLD အစိုးရလက်ထက်က ဖွဲ့စည်းခဲ့တဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနကို ဖျက်သိမ်းလိုက်ပြီး ဝန်ကြီး ဦးကိုကိုလှိုင် က ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ဝန်ကြီးဖြစ်လာပါတယ်။
လစ်လပ်နေတဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်၊လျှပ်စစ်စွမ်းအားဝန်ကြီး၊ စွမ်းအင်ဝန်ကြီး နဲ့ အလုပ်သမားဝန်ကြီး နေရာတွေကိုလည်း လူသစ်တွေ နဲ့အစားထိုးခဲ့သလို ဒုဝန်ကြီးသစ်တွေကိုလည်း ခန့်အပ်တဲ့အကြောင်း စစ်ကောင်စီက သြဂုတ် ၃ ရက်ည ၈ နာရီ သတင်းမှာ ကြေညာခဲ့ပါတယ်။
ရက္ခိုင့်တပ်တော် အေအေ နဲ့ ဆက်စပ်သူ ၆၀ ကျော် ပြန်လွတ်
ရက္ခိုင့်တပ်တော် အေအေနဲ့ ပတ်သက်ဆက်စပ်သူတွေဆိုပြီး စစ်ကောင်စီရဲ့ ဖမ်းဆီးအကျဉ်းချ ခံထားရသူတွေထဲက တချို့ကို ဩဂုတ်လ ၂ ရက်နေ့က ပြန်လည်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
လွတ်မြောက်လာကြသူတွေထဲ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ၊ (၂) ပုဒ်မတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေလည်းပါဝင်သလို လက်ရှိအမှုရင်ဆိုင်နေကြရသူတွေလည်းပါဝင်ပါတယ်။
သူတို့ကို စစ်ကောင်စီက ဒုတိယဝါဆိုလပြည့်နေ့ က လွတ်ငြိမ်းချမ်းသာခွင့်မှာ ထည့်သွင်းပေးခဲ့တာဖြစ်ပြီး
သြဂုတ် ၂ ရက်နေ့မှာ သီးခြားလွှတ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်တွေအကျဉ်းထောင်က ၁၂ ဦး၊ ကျောက်ဖြူထောင်က ၁၀ ဦး၊ သံတွဲထောင်က ၁၇ ဦး၊ ဘူးသီးတောင်ထောင်မှ ၉ ဦး၊ ကျောက်တော်အချုပ်ခန်းက ၂ ဦး၊ တောင်ကုတ်အချုပ်ခန်းက ၃ ဦး၊ မောင်တောအချုပ်ခန်းက ၄ ဦး နဲ့ အမ်းအချုပ်ခန်းက ၅ ဦးတို့ကို လွှတ်ပေးခဲ့တာလို့ သိရပါတယ်။
ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးခံထားရသူတွေကတော့ အခုလွှတ်ပေးတဲ့အထဲမှာ ပါဝင်တာမတွေ့ရသေးဘဲ သူတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီနဲ့ အေအေတို့အကြား တစ်ကျော့ပြန်တိုက်ပွဲတွေအတွင်း ဖမ်းဆီးခံခဲ့ကြရသူတွေဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ တစ်နိုင်ငံလုံးက အကျဉ်းသားပေါင်း ၇၀၀၀ ကျော်ကိုလွှတ်ပေးခဲ့ရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်သူ ၇၂ ဦးကိုထည့်သွင်း လွှတ်ပေးခဲ့ပါတယ်။
ဘီးလင်းရေကြီးမှု ကယ်ဆယ်ရေးစခန်း ဆယ်ခု ဖွင့်
မွန်ပြည်နယ်၊ ဘီးလင်းမှာ မိုးဆက်တိုက်ရွာသွန်းလို့ ရေကြီးခဲ့ပြီး မြို့ပေါ်ရပ်ကွက်တချို့မှာ ကယ်ဆယ်ရေးစခန်း ဆယ် ခုအထိ ဖွင့်လိုက်ရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတွေက ဘီဘီစီ ကို ပြောပါတယ်။
အနိမ့်ပိုင်းရပ်ကွက်တွေထဲကို ဇူလိုင် ၃၁ ရက်ကတည်းက ရေဝင်ရောက်ခဲ့ပြီး သြဂုတ် ၂ ရက်က အဆိုးဆုံး ဖြစ်ခဲ့ကာ ဘီးလင်းမြစ်ရေရဲ့ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးသမားတွေထံက သိရပါတယ်။
ဘီးလင်းမြစ်ရေရဲ့ စိုးရိမ်ရေမှတ်ဟာ ၁၀၂၂ စင်တီမီတာ ဖြစ်ပြီး မိုးလေဝသ နဲ့ ဇလဗေဒ ဦးစီးဌာနရဲ့ ဒီမနက်ထုတ်ပြန်ချက်အရ ဘီးလင်းမြစ်ရေက ၁၀၃၈ စင်တီမီတာ အထိ ရှိနေပါတယ်။
ဒီပမာဏက မနေ့ကထက် ၅ စင်တီမီတာ လျော့နည်းသွားတာ ဖြစ်ပါတယ်။
‘’ဒီနေ့တော့ ရေနည်းနည်း ပြန်ကျသွားပြီ’’ လို့ ကူညီကယ်ဆယ်ရေးသမားတစ်ဦးက ပြောပါတယ်။
ဘီးလင်းမြို့ဟာ မိုးရာသီမှာ နှစ်တိုင်းလိုလို ရေကြီးလေ့ရှိပြီး ၂၀၁၇ ခုနှစ် နဲ့ ၂၀၁၈ ခုနှစ် တွေမှာတော့ အဆိုးရွားဆုံး ဖြစ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပတ္တရားမှာ အပျော်ရုပ်သံရိုက်ကူးတဲ့ မြန်မာ ၂ ဦး အဖမ်းခံရ
ထိုင်းနိုင်ငံရဲ့နာမည်ကျော် ပတ္တရားကမ်းခြေမှာ ခရီးသွားတွေကို သေနတ်ထောက်ငွေညှစ်တဲ့ပုံစံ အပျော်ရုပ်သံရိုက်ကူးတဲ့ မြန်မာ ၂ ဦးကို ပတ္တရားရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ရဲတပ်ဖွဲ့က ဖမ်းဆီးထားသူ ၂ ဦးဟာ အသက် ၂၅ နှစ်အရွယ် ကိုကျော်စိုးနဲ့ ကိုနေဇင်လတ်တို့ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
သူတို့နှစ်ဦးဟာ ပတ္တရားကမ်းခြေမြို့က ရှုခင်းကြည့်တောင်ကုန်းမှာ ခရီးသွားတွေကို သေနတ်ထောက် ငွေညှစ်တဲ့ပုံစံ အပျော်တမ်းရုပ်သံရိုက်ကူးခဲ့ပြီး အဲဒီရုပ်သံကို အွန်လိုင်းပေါ် တင်ခဲ့တာကြောင့် နယ်ခံ ရဲတပ်ဖွဲ့က စုံစမ်းမှုစတင်ခဲ့တာဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ သေနတ်ပုံစံ မီးခြစ်နဲ့ အခုလိုရိုက်ကူးခဲ့တာဖြစ်ပြီး ခရီးသွားထဲက အချို့ကလည်း အဲဒီလိုရိုက်ကူးဖို့ သဘောတူခဲ့တယ်လို့ ရဲကို ထွက်ဆိုထားပါတယ်။
အခုတော့ ရိုက်ကူးဖို့ သဘောတူခဲ့တဲ့ ကူဝိတ်နိုင်ငံသားအမျိုးသားတစ်ဦးကိုလည်း ရဲက ဖမ်းဆီးထားပါတယ်။
ရုပ်သံကြောင့် ပတ္တရားပုံရိပ်ကို ထိခိုက်စေတယ်လို့ ယူဆခံရရင် ဒီအမျိုးသားတွေဟာ ထိုင်းလူထုကို သတင်းအမှားဖြန့်ဝေမှုနဲ့ ထောင်ဒဏ် ၁ လ၊ ငွေဒဏ် ထိုင်းဘတ်ငွေ တစ်သောင်းအထိ ချမှတ်ခံရနိုင်ခြေရှိနေပါတယ်။
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၁၄၄ မှု အထိ ရှိလာတယ်လို့ NUG ထုတ်ပြန်
အာဏာသိမ်းပြီးကတည်းက အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အနည်းဆုံး ၁၄၄ မှု ဖြစ်ပွားခဲ့ပြီး ၁၆၀၀ နီးပါး အသတ်ခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ငါးဦး နဲ့ အထက် သတ်ဖြတ်ခံရမှုကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုလို့ NUG က သတ်မှတ်ထားတာ ဖြစ်ပါတယ်။
NUG ရဲ့ စာရင်းတွေအရ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ၄၈ ကြိမ် အထိ ရှိခဲ့ပြီး စစ်ကိုင်းတိုင်းမှာအများဆုံး သတ်ဖြတ်ခံရတာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်မှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ၁၁ ကြိမ် ဖြစ်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ၈၅ ကြိမ် အထိ မြင့်တက်ခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။
ဇူလိုင်လထဲမှာ ဖြစ်ခဲ့တဲ့ လူ ၁၄ ဦးအထိ အသတ်ခံခဲ့ရတဲ့ ယင်းမာပင်မြို့နယ်ထဲက စုန်းချောင်းဖြစ်စဉ်က နောက်ဆုံး ဖြစ်ပေါ်ခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုလို့ NUG က ထုတ်ပြန်ပါတယ်။
ထိုင်းရောက် မြန်မာတစ်ဦး အမြင့်ဆုံးထီဆုကြီးပေါက်
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်ထဲမှာနေထိုင်တဲ့ ကရင်အမျိုးသားတစ်ဦးဟာ ဇူလိုင်လ ၃၁ ရက်တုန်းကဖွင့်ခဲ့တဲ့ထိုင်းအစိုးရထီရဲ့ အမြင့်ဆုံးဆု ဘတ်ငွေ ၆ သန်းဆု ပေါက်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။
ထီပေါက်သူဟာ အသက် ၃၆ နှစ်အရွယ် ကိုဖိုးထူးဆိုသူဖြစ်ပြီး ထီတစ်စောင်တည်းကံစမ်းပြီး ဘတ် ၆ သန်းဆုကို ဆွတ်ခူးခဲ့တာလို့ဆိုပါတယ်။
ကိုဖိုးထူးဟာ ဘတ် ၆ သန်းထီဆုပေါက်တဲ့လက်မှတ်ကို သူ ၁၅ နှစ်လောက် အလုပ်လုပ်နေခဲ့တဲ့ ဝမ်ခစျေးထဲကနေ ဘတ် ၈၀ နဲ့ ဝယ်ယူကံစမ်းခဲ့တာလို့ သိရပါတယ်။
ကိုဖိုးထူးကတော့ အခုပေါက်တဲ့ဆုငွေတွေကို မိသားစုအတွက် ကိုယ်ပိုင်အိမ်တစ်လုံးဆောက်ပြီး အလှူအတန်းတွေလည်းလုပ်ဖို့လည်း သုံးသွားမယ်လို့ ထိုင်းသတင်းဌာနတွေကို ဖြေထားပါတယ်။
သီတင်း ၂ ပတ်အတွင်း အိုးအိမ်စွန့်ပြေးရသူ ၂ သောင်းကျော်အထိရှိနေ
မြန်မာပြည်တွင်းမှာ စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့မျိုးစုံကြားက ပဋိပက္ခတွေကြောင့် နိုင်ငံအရှေ့တောင်ပိုင်း (ကယား(ကရင်နီ)၊ ကရင်နဲ့ ပဲခူးအရှေ့ခြမ်း)မှာ နေရပ်စွန့်ခွာထွက်ပြေးရသူအရေအတွက်ဟာ သီတင်း ၂ ပတ်အတွင်းမှာ ၂၂,၀၀၀ ကျော်အထိရှိနေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် နိုင်ငံ့အရှေ့မြောက်နဲ့ အနောက်မြောက်ပိုင်းတွေမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်တာကြောင့် လူသားချင်းစာနာမှု အကူအညီဆိုင်ရာလိုအပ်ချက်တွေ များပြားနေဆဲလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)က သတင်းထုတ်ပြန်ပါတယ်။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ထဲက နမ်ဆန်ယန်ကျေးရွာအနီးမှာ စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်(KIA) တို့ကြားက တိုက်ပွဲတွေပြင်းထန်နေတယ်လို့ UNOCHA ရဲ့အစီရင်ခံစာမှာ အဓိကဖော်ပြသလို ဇူလိုင်လ ၂၆ ရက်နေ့အထိဆိုရင် ဝိုင်းမော်နဲ့ မိုးမောက်မြို့နယ်ထဲက ကျေးရွာတွေက ဒေသခံ ၇၀၀ ဟာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်အထိ ကုလသမဂ္ဂရဲ့နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၉ သန်းကျော်ရှိလာပြီဖြစ်ပါတယ်။
ဒီအထဲက လူဦးရေ ၁ ဒသမ ၆ သန်းနီးပါးဟာ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလမှာ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေလို့ ဆိုပါတယ်။
မူဆယ် နဲ့ ၁၀၅ မိုင် တလျှောက်တိုက်ပွဲကြောင့် အနည်းဆုံး အရပ်သား ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
ရှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်း၊ မူဆယ် နဲ့ မူဆယ် ၁၀၅ မိုင် တလျှောက် စစ်ကောင်စီနဲ့ တအာင်း(ပလောင်)တပ် (TNLA) တို့ကြား တိုက်ပွဲတွေနဲ့ ပစ်ခတ်မှုတွေရှိနေပြီး သြဂုတ် ၃ ရက်ဒီကနေ့ အထိ ၅ ရက်ဆက် ရှိလာပြီလို့ စယ်လန့်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
မနေ့ သြဂုတ် ၂ ရက် က မူဆယ်မြို့နဲ့ (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ကြားက အောက်တုန်ခန်ကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်း ပြည်သူ့စစ်အဖွဲ့ကို TNLA က မော်တောင်းရွာအနီးမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့စစ်ဘက်က သေဆုံးတာရှိခဲ့တယ်လို့ဆိုပါတယ်။
တချိန်တည်းမှာပဲ မူဆယ် နဲ့ ၁၀၅ မိုင်ကြားတပ်စွဲထားတဲ့ မူဆယ်အခြေစိုက် တပ်မ ၉၉ စစ်ကောင်စီတပ်ကနေ မူဆယ်- နမ့်ခမ်းတဝိုက်က ကျေးရွာတွေထဲ TNLA တပ်စွဲထားတယ်လို့ ယူဆပြီးလက်နက်ကြီးနဲ့ တော်လျှောက်ပစ်ခတ်နေတယ်လို့ ဒေသခံက ပြောပါတယ်။ စစ်တပ်က လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ စယ်လန့်ကျေးရွာက အမျိုးသမီး တစ်ဦး နဲ့ ကလေးငယ်တစ်ဦးကို လက်နက်ကြီးစ ထိမှန်ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
ကျေးရွာအတွင်း လက်နက်ကြီးကျတာရှိလာလို့ ဒေသခံအချို့ မူဆယ်မြို့ပေါ် က နမ့်အွမ် ကချင်နှစ်ခြင်း ခရစ်ယာန်ကျောင်းကို ထွက်ပြေးတိမ်းရှောင်နေကြတာလည်းရှိနေတယ်လို့သိရပါတယ်။ '' မနေ့က စယ်လန့် ကိုလက်နက်ကျတာအပြင်၊ မူဆယ် ဆိုက်ခေါင်ရွာ အပြင်ဘက်ကိုလည်း လက်နက်ကြီးကျတယ်။ ဒါပေမဲ့ ရွာထဲကိုကျရင် အကုန်ထိမှာပဲ။ အရပ်သားတွေကို ပစ်မှတ်ထားသလိုဖြစ်လာတယ်။ ဒီလိုရမ်းသမ်းပစ်နေတော့ ဘယ်သူမှမလုံခြုံဘူး'' လို့ ဆိုက်ခေါင်ရွာခံတစ်ဦးကပြောပါတယ်။
သြဂုတ် ၂ ရက်မနက်ကလည်း မူဆယ်မြို့ဘက်ကို သွားတဲ့ ခိုမုံးရွာက ဘုန်းကြီးတစ်ပါး ကို လက်နက်ထိမှန်လို့ မူဆယ်ဆေးရုံကို ပို့ဆောင်ထားရတယ်လို့သိရပြီး ဘယ်အဖွဲ့ရဲ့ လက်နက်ဆိုတာတော့ မသိရဘူးလို့ ဆိုက်ခေါင်ဒေသခံကဆက်ပြောပါတယ်။
လက်ရှိမှာ မူဆယ် - မူဆယ် ၁၀၅ မိုင်ကြား တစ်လျှောက်က တိုက်ပွဲနဲ့ ပစ်ခတ်သံတွေကြောင့် စစ်ကောင်စီတပ်က မူဆယ်လမ်းမကြီး အဝင် အထွက် တွေကို စစ်ဆေးရေးတင်းကျပ် နေပြီး မူဆယ်မြို့ထဲမှာလည်း စစ်ဆေးရေးတင်းကျပ်နေတယ်လို့ မူဆယ်ဒေသခံအချို့ကပြောပါတယ်။