သြဂုတ် ၆ ရက် ထိပ်တန်းသတင်းများ- လဲချားမြို့နယ်ထဲ စစ်တပ်နဲ့ SSPP/SSA တို့တိုက်ပွဲပြင်းထန်

ဓာတ်ပုံ ရင်းမြစ်, SSPP Info
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်ထဲကနေရာ ၂ ခုမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) တို့ကြား ဒီနေ့မနက်ပိုင်းမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ SSPP ဘက်က ထုတ်ပြန်ပြောဆိုလာပါတယ်။
ဒီနေ့မနက်ပိုင်း ၆ နာရီကျော်မှာ လဲချားမြို့နယ်ထဲက ခိုင်းဖက်နမ်နဲ့ နမ့်ပေါက်ကျေးရွာတွေအနီးက SSPP တပ်စခန်းတစ်ခုကို စစ်ကောင်စီက တိုက်ခိုက်တာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီနောက် မနက် ၇ နာရီခွဲခန့်မှာ လဲချားမြို့နယ်ထဲက မက်လန်းရွာမှာတပ်ဆွဲထားတဲ့ စစ်ကောင်စီတပ် ရဲ့ အမှတ် ၅၇၃ ခြေမြန်တပ်ရင်းကို ပြန်လည်တိုက်ခိုက်ချိန် နှစ်ဖက်ထိတွေ့မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်တဲ့ SSPP/SSA စခန်းဘက်ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ၂ ရက်အတွင်း လက်နက်ကြီးနဲ့ ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ထားခဲ့တယ်လို့လည်း SSPP ဘက်က ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က လဲချားမြို့နယ်ထဲက SSPP/SSA စခန်း ၁၀ နေရာကို အကြိမ်ကြိမ်ဆုတ်ခိုင်းခဲ့ဖူးပြီး SSPP/SSA ဘက်ကလည်း ဌာနချုပ် လုံခြုံရေးအတွက်လို့ဆိုကာ တပ်ပြန်ဆုတ်ပေးဖို့ ငြင်းဆိုထားပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ လဲချားမြို့နယ်ထဲက တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
စစ်ကောင်စီဘဏ် ၂ ခုနဲ့ ငွေကြေးလွှဲပြောင်းမှု မလုပ်တော့ဖို့ အမေရိကန် သတိပေး

ဓာတ်ပုံ ရင်းမြစ်, Yangon Photo
မြန်မာစစ်ကောင်စီလက်အောက်က ဘဏ် ၂ ခုနဲ့ ငွေကြေးလွှဲပြောင်းတာတွေကို မလုပ်တော့ဖို့ အမေရိကန်အစိုးရဘက်က သတိပေးချက်ထုတ်ပြန်လာပါတယ်။
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးဘဏ်(MICB)တို့နဲ့ ငွေကြေးလွှဲပြောင်းတာတွေကို သြဂုတ်လ ၅ ရက်နောက်ဆုံးလုပ်ဖို့နဲ့ အဲဒီနောက်ပိုင်း လွှဲပြောင်းတာတွေကို စောင့်ကြည့်သွားမှာဖြစ်ပြီး အရေးယူတာတွေလုပ်သွားမယ်လို့ အမေရိကန်သမ္မတ အိမ်တော် အိမ်ဖြူတော် ပြောခွင့်ရသူက စာထုတ် ပြောဆိုလိုက်တာဖြစ်ပါတယ်။
ဒီဘဏ် ၂ ခုဟာ ပြည်ပငွေစာရင်းတွေကနေတဆင့် နိုင်ငံတကာစျေးကွက်တွေကို ဝင်ရောက်ပြီး စစ်တပ်အတွက် လက်နက်နဲ့ လေယာဥ်ဝယ်ယူနိုင်ဖို့ နိုင်ငံခြားငွေကြေးအသုံးပြုနိုင်အောင် ထောက်ကူနေတဲ့ ဘဏ်တွေဆိုပြီး အမေရိကန်အစိုးရက ပြီးခဲ့တဲ့ဇူလိုင်လမှာပဲ နာမည်ပျက်စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။
အခုတော့ သြဂုတ်လ ၅ ရက်နောက်ပိုင်းမှာ ဒီဘဏ်တွေနဲ့ ပြုလုပ်တဲ့ ငွေကြေးလွှဲပြောင်းမှုတွေဟာ MFTB နဲ့ MICB အပေါ် နာမည်ပျက်စာရင်းသွင်းလိုက်တဲ့ အမေရိကန်ရဲ့ မူဝါဒတွေနဲ့သွေဖည်နေလား ဆိုတာကို အမေရိကန်က ဂရုတစိုက် စောင့်ကြည့်သွားမှာဖြစ်ပြီး လိုအပ်သလို အရေးယူသွားမယ်လို့ ဆိုပါတယ်။
ရည်မှန်းချက်တွေကို လမ်းလွဲစေမယ့် နိုင်ငံရေးအခင်းအကျင်းတွေကို ငြင်းဆိုတယ်လို့ NUCC ပြော

ဓာတ်ပုံ ရင်းမြစ်, AFP
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မျှော်မှန်းထားတဲ့ ခေတ်သစ်၊ စနစ်သစ် ပြောင်းလဲရေး ရည်မှန်းချက်စံတန်ဖိုးတွေကို လမ်းလွဲစေမယ့် နိုင်ငံရေးအခင်းအကျင်းတွေကို ပြတ်ပြတ်သားသား ငြင်းပယ်တယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)က ဒီကနေ့မှာ သဘောထားထုတ်ပြန်လာပါတယ်။
ဒါဟာ နိုင်ငံရေးအပြောင်းအလဲတွေနဲ့ပတ်သက်လို့ NUCC နဲ့ NUG တို့ရဲ့ ဇူလိုင်လ ၃၁ ရက်နေ့က အထူးအစည်းအဝေးပြီးနောက်ပိုင်း NUCC ရဲ့ သဘောထား ၆ ချက်ဆိုပြီး အခုလိုထွက်ရှိလာတာ ဖြစ်ပါတယ်။
"ကျွန်တော်တို့ဘုံရပ်တည်ချက်က system change (စနစ်ပြောင်းလဲခြင်း) ဖြစ်တယ်။ regime change (အုပ်ချုပ်သူပြောင်းလဲခြင်း) မဟုတ်ဘူး။ regime change ဆိုရင် အသွင်ပဲပြောင်းပြီး အနှစ်သာရပြောင်းလဲခြင်းမရှိဘူး။ ကျွန်တော်တို့ရပ်တည်ချက်ဖြစ်တဲ့ system change ဖြစ်ဖို့ စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီစနစ်ဖြစ်ဖို့ ဆိုတဲ့ လမ်းကြောင်းကသွေဖယ်တဲ့ ဘယ်အခင်းအကျင်းကိုမှ လက်မခံပါဘူး" လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇောက ပြောပါတယ်။
NUCC ရဲ့ ထုတ်ပြန်ချက်မှာပါဝင်တဲ့ ပြည်ပရန်ကာကွယ်ရေးတာဝန်ကိုပဲ အဓိကဆောင်ရွက်မယ့် တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုတပ်မတော် တည်ထောင်ဖို့အတွက်လည်း အကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်နေပြီလို့ သူက ဆက်ပြောပါတယ်။
ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိဖို့ တော်လှန်ရေးမှာပါဝင်နေတဲ့ တိုင်းရင်းသားပြည်သူတွေနဲ့ပါ အတူလက်တွဲပြီး စုပေါင်းခေါင်းဆောင်မှု၊ စုပေါင်းတာဝန်ယူမှုပုံစံနဲ့ ဆက်လက်ဆောင်ရွက်သွားဖို့ ကတိပေးတယ်လို့ NUCC ကထုတ်ပြန်ပြောဆိုပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးနိုင်ခြေရှိတယ်ဆိုတဲ့ သုံးသပ်ချက်တွေ ဇူလိုင်လကုန်ပိုင်းကစလို့ ထွက်ပေါ်လာပြီးတဲ့နောက် NUCC ၊ NUG တို့ အထူးအစည်းအဝေး ကျင်းပခဲ့ကာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာလည်း မူမပြောင်းတဲ့အကြောင်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထုတ်ပြောထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးအတွက် ဆောင်ရွက်နေတဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC ဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကို ဖွဲ့စည်းပေးခဲ့တာဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ အတူ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ သပိတ်ကော်မတီတွေနဲ့ CDM ကိုယ်စားပြုအဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ ပေါင်းစုဖွဲ့စည်းထားတာပါ။
Time Square မှာ ရှစ်လေးလုံးအကြိုလှုပ်ရှားမှုပြုလုပ်

ဓာတ်ပုံ ရင်းမြစ်, KyawSoe Latt
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာပြုလုပ်သွားတဲ့ ရှစ်လေးလုံး ၃၅ နှစ်ပြည့်အကြို လှုပ်ရှားမှု မြင်ကွင်းတွေဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KyawSoe Latt
နယူးယောက်မြို့က Time ရင်ပြင်မှာ သြဂုတ်လ ၅ ရက်တုန်းက ကျင်းပခဲ့တာဖြစ်ပါတယ်။
နယူးယောက်မြိုနဲ့ မြို့အနီးတဝိုက်မှာရှိတဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားပေါင်းစုံ ရာနဲ့ချီ ပါဝင်ခဲ့ကြတယ်လို့ ပွဲစီစဥ်သူတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KyawSoe Latt
မြန်မာပြည်တွင်း စစ်အာဏာသိမ်းမှုကို ထပ်ဟပ်စေမယ့် တော်လှန်ရေးကဗျာသရုပ်ပြမှုအပါအဝင် ရှစ်လေးလုံးနှစ်ပတ်လည်အမှတ်တရစကားပြောတာ၊ ကြွေးကြော်တာနဲ့ တော်လှန်ရေးသီချင်းတွေ သီဆိုခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
ချီဖွေမှာ သတ္တုတူးဖော်မှုသိသိသာသာများလာလို့ ဒေသခံတွေစိုးရိမ်

ဓာတ်ပုံ ရင်းမြစ်, DEPARTMENT OF MINES, KACHIN STATE
ကချင်ပြည်နယ်ထဲက တရုတ် - မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ချီဖွေမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့အနီးအနားအထိ ပေါ်ပေါ်ထင်ထင် မြေရှားသတ္တုတူးဖော်မှုတွေ လုပ်နေတဲ့အပြင် မြို့ထဲကို စီးဝင်တဲ့ ရစ်လောခေါင်ချောင်းမှာပါ စမ်းသပ်တူးဖော်မှုတွေရှိနေပြီလို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
မြေရှားသတ္တုတူးဖော်မှုဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့အပြင် တောရိုင်းတိရိစ္ဆာန်လည်း ရှားပါးလာနိုင်တာအပါအဝင် ချီဖွေတဝိုက် ရေသယံဇာတတွေပါ ပျက်စီးကုန်မှာကို ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ ပြောကြပါတယ်။ အခုကာလဟာ မိုးရာသီလည်းဖြစ်တာကြောင့် တောင်တွေပြိုလာမှာကိုလည်း စိုးရိမ်နေကြတာပါ။
"တောင်တွေကို အပေါ်ကနေလည်းတူး အောက်ခြေမှာလည်း အကုန်ဖောက်ပြီးပြီဆိုတော့ မိုးတွင်းဆိုရင် မြေပြိုတာ ခဏခဏ ဖြစ်တယ်။ တောင်တွေ မြေပြိုတာက နည်းနည်းပါးပါးမဟုတ်ဘူး။ ပြိုပြီဆို တောင်တခြမ်းလုံး တောင်တတောင်လုံး ပြိုကျတာ" လို့ မြေရှားသတ္တုတူးဖော်ရေးမှာ အလုပ်လုပ်ကိုင်ခဲ့သူတစ်ဦးက ပြောပါတယ်။
အရင်ကတော့ သိသိသာသာသတ္တုတူးဖော်မှုတွေကို ဒေသခံတွေက ဆန္ဒပြကန့်ကွက်တာလုပ်ပေမဲ့ အခုတော့ ဒီလိုကန့်ကွက်တာတွေ မရှိဘူးလို့ သိရပါတယ်။
"စစ်ကောင်စီကလည်း ဖြစ်နေတော့ ဒီဒေသက လက်နက်ကိုင်တွေကလည်းရှိနေတော့ ပြည်သူတွေက ဘာမှကို မလုပ်နိုင်ဘူး။ လုံခြုံမှုလည်း မရှိတော့ဘူးလေ။ ပြည်သူတွေက အခုဘာမှ မလုပ်နိုင်ဘူး" လို့ ချီဖွေဒေသခံတစ်ဦးက ပြောပါတယ်။
ဒါအပြင် သတ္တုတွင်းမှာလုပ်ကိုင်ခဲ့ဖူးသူတွေရဲ့ပြောဆိုချက်အရ သတ္တုတူးဖော်မှု လုပ်ကိုင်တဲ့ လုပ်ငန်းရှင်တွေဟာ မြန်မာလူမျိုးတွေလို့ သိရပေမဲ့ ငွေကြေးထုတ်ပေးသူတွေကတော့ တရုတ်လူမျိုးတွေဖြစ်တယ်လို့ ဆိုပါတယ်။ သတ္တုတူးဖော်သူတွေကိုလည်း လုပ်ခလစာအနေနဲ့ တစ်လကို တရုတ်ယွမ်ငွေ အနိမ့်ဆုံး သုံးထောင်ကနေ ငါးထောင်အထိ ပေးပြီး မြန်မာကျပ် ငွေနဲ့ဆိုရင် ငွေဈေးပေါ်မူတည်ကာ ငွေကျပ် ၁၀သိန်းကျော်ကနေ သိန်း၂၀ကျော်အထိ ရရှိတယ်လို့ သိရပါတယ်။








