ဇန်နဝါရီ ၆ ရက် ထိပ်တန်းသတင်းများ-အင်းလေးဒေသ ဘုရားနီးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်အကျအဆုံးရှိ
အင်းလေးဒေသ ဘုရားနီးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်အကျအဆုံးရှိ

ဓာတ်ပုံ ရင်းမြစ်, Ride Behind Kalaw
တိုက်ပွဲတွေဖြစ်လာနိုင်လို့ တောင်ကြီးညောင်ရွှေကလောတဝိုက် သတိပြုသွားလာကြဖို့ ရှမ်းတောင် PDF တွေ သတိပေး
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးကန်အနောက်ဘက်ခြမ်း၊ ညောင်ရွှေမြို့နယ်၊ သန်းထောင်ရွာနဲ့ ဘုရားနီရွာကြားမှာ ဇန်နဝါရီ ၃ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနှစ်ဖက်အကျအဆုံးရှိတယ်လို့ သတင်းရရှိပါတယ်။
ဇန်နဝါရီ ၃ ရက်နေ့လယ်ပိုင်းမှာ အင်းလေးဒေသ ဘုရားနီအနီး ပီဒီအက်ဖ်နဲ့ စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်အကျအဆုံးရှိတယ်လို့ ထောက်ပို့တပ်တစ်ခုဖြစ်တဲ့ Ride behind Kalaw က ဇန်နဝါရီ ၄ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၄ ရက်မှာလည်း ရှမ်းတောင် PDF တပ်ပေါင်းစုက ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ်စခန်း၊ တစ်ခါအောင်ပန်းတောင်ကြီးကြားက စစ်ဆေးရေးဂိတ်တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးရှိတယ်လို့ လည်းဖော်ပြထားပါတယ်။
ဒီတိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း တိုက်ပွဲဖြစ်ပွားကြောင်းအတည်ပြုပြီး PDF ငါးဦးခန့်နဲ့ ၇ မိနစ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားတာဖြစ်ပြီး လက်နက်တချို့ သိမ်းဆည်းရမိခဲ့သလို အဲဒီနောက်ပိုင်း တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ပြောပါတယ်။
စစ်ကောင်စီရဲ့သတင်းတွေကို ဖော်ပြလေ့ရှိတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဘုရားနီဒေသအနီးတိုက်ပွဲမှာ အင်းလေး ပီဒီအက်ဖ် ၃ ဦးကို အသေဖမ်းဆီးရမိပြီး တစ်ဦးကိုအရှင်ဖမ်းမိတယ်ဆိုပြီး လက်နက်ခဲယမ်းပုံတချို့နဲ့အတူ ရေးသားဖော်ပြနေတာတွေတွေ့နေရပြီး ဘီဘီစီအနေနဲ့ ဒါကို သီးခြားအတည်မပြုနိုင်သေးပါဘူး။
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသဟာ ခရီးသွားတွေလာရောက်လည်ပတ်လေ့ရှိတဲ့နေရာဖြစ်ပြီး တောင်ကြီး၊ ကလော စတဲ့ နာမည်ကြီးခရီးသွားလာရေးနေရာတွေနဲ့လည်း တစ်ဆက်တည်း လည်ပတ်ကြလေ့ရှိတဲ့ဒေသတွေလည်းဖြစ်ပါတယ်။
အခုအခါ တိုက်ပွဲတွေဖြစ်ပွားနေပြီး တောင်ကြီးညောင်ရွှေကလော ပတ်ဝန်းကျင်မှာ ပစ်ခတ်မှုတွေဖြစ်လာနိုင်လို့ ပြည်သူတွေအနေနဲ့ ဂရုစိုက်သွားလာကြဖို့ ရှမ်းတောင် PDF တပ်ရင်းတွေက သတိပေးထားတယ်လို့လည်း Ride Behind Kalaw အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အခုတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေက ပအို့ဝ်လက်နက်ကိုင်အဖွဲ့ PNO နဲ့ ဒေသအခေါ် ပျူစောထီးအဖွဲ့တွေက လမ်းပြတာဖြစ်တယ်လို့လည်း ထောက်ပို့တပ် Ride behind Kalaw အဖွဲ့က ပြောထားပါတယ်။
ပအို့ဝ်အဖွဲ့ပါဝင်တယ်ဆိုတဲ့ ပြောကြားချက်နဲ့ပတ်သက်လို့ ဒေသတွင်းစစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက ခုလိုပြောပါတယ်။
“ရှမ်းပြည်မှာ ဒီနွေဦးတော်လှန်ရေးအပြီးမှာ လက်နက်ကိုင်ကြိုကြားပေါ်လာပေမဲ့ စုစည်းလို့မရအောင် စစ်တပ်ဘက်က လက်ဦးမှုယူပြီးတိုက်တာမျိုးဖြစ်တယ်။ အခုတိုက်ပွဲဖြစ်တဲ့နေရာကတော့ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမပါပေမဲ့ ရှမ်းတောင်မှာရှိတဲ့ ညောင်ရွှေမှာအင်းလေး၊ အဲဒီကနေ တည့်တည့်ဆင်းလာရင် စကားအင်း၊ နောက်တောင်ဘက်က ကရင်နီက ဖယ်ခုံအင်း ဒီလို အင်းသုံးခုကို ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရက ခွပြီးရှိနေတဲ့အခြေအနေပေါ့။ အဲဒီတော့အဲဒီ သုံးအင်းကြားမှာ ပအို့ဝ်က ခွပြီးလုံခြုံရေးယူထားတဲ့အခြေအနေမှာတော့ရှိနိုင်တယ်”လို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ ပအို့ဝ်အဖွဲ့ကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
နွားထိုးကြီး မင်းရွာမှာ ဖမ်းဆီးခံရပြီး ဒဏ်ရာတွေနဲ့ စွန့်ပစ်ခံရသူ သုံးဦးအနက် အသက်မသေဘဲ ကျန်ရစ်သူတစ်ဦး ထပ်မံသေဆုံးသွား

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာ ဒီရက်ပိုင်း မင်းရွာဒေသခံသုံးဦး အသတ်ခံရပြီး လမ်းဘေးမှာ အလောင်းစွန့်ပစ် သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်၊
ဇန်နဝါရီ ၃ ရက် နေ့ခင်းပိုင်းမှာ မင်းရွာအတွင်းက ဘုန်းကြီးကျောင်းတစ်ကျာင်းမှာ ရှိနေတဲ့ အရပ်သား ၃ ဦးကို စစ်ယူနီဖောင်းဝတ်ဆင်ထားသူတွေက ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဖမ်းဆီးခံရသူ ၃ ဦးအနက် တစ်ဦးဟာ အဲဒီဘုန်းကြီးကျောင်းက သံဃာတစ်ပါးရဲ့ ညီဖြစ်ပြီး ကျန်နှစ်ဦးကတော့ အဖမ်းခံရမှာစိုးလို့ ရွာထဲက နေအိမ်ကနေ ဘုန်းကြီးကျောင်းမှာ လာရောက်တိမ်းရှောင် နေသူတွေဖြစ်ပါတယ်။
ဖမ်းဆီးခံရပြီးနောက်တစ်ရက်မှာ နွားထိုးကြီးမြို့နယ်၊ ဂွေးပင်ရိုးလမ်းခွဲမှာ လက်ကြိုးတုပ်ခံရပြီး ထိုးကြိတ်ဒဏ်ရာ၊ ဓားဒဏ်ရာ၊ သေနတ်ဒဏ်ရာတွေနဲ့ စွန့်ပစ်ထားတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခေါ်ဆောင်ခံရသူတွေဟာ အသက် ၄၅ နှစ်အရွယ် ကိုငြိမ်း၊ အသက် ၂၀ ကျော်အရွယ် ကိုသောင်းတန်နဲ့ ကိုဇော်ထွေးတို့ ဖြစ်ပါတယ်။
အဲဒီသုံးယောက်ထဲမှာ ကိုငြိမ်းနဲ့ ကိုသောင်းတန်က သတ်ဖြတ်ခံရလို့ သေဆုံးလျက်တွေ့ရပြီး ကိုဇော်ထွေးက သေနတ်ဒဏ်၊ ဓားထိုးဒဏ်ရာတွေနဲ့ ဆေးကုသမှု ခံယူနေစဥ် ဇန်နဝါရီလ ၅ ရက်မှာ ထပ်မံသေဆုံးသွားပြီလို့ သိရပါတယ်။
မင်းရွာသား သုံးယောက် အဖမ်းမခံရခင်မှာ နွားထိုးကြီးမြို့ပေါ်က သတင်းပေးလို့ နာမည်ကြီး နေသူ စစ်မှုထမ်းဟောင်းတစ်ဦး ပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အလောင်းစွန့်ပစ်ခံရတာ ခဏခဏပဲဗျ။ နွားထိုး မြင်းခြံဘက် စကစနဲ့ PDF တွေ တိုက်ပွဲဖြစ်လို့ စကစရှုံးနိမ့်တာဖြစ်ဖြစ် ပျူခေါင်းဆောင်တွေ ရှင်းခံရတာဖြစ်ဖြစ် ဘေးက မဆိုင်တဲ့ဒေသခံတွေ အသတ်လွတ် ဘာမှမဟုတ်ဘဲ နှိပ်စက်သတ်ဖြတ်ခံရတာပဲ။ သူတို့တွေ အမြဲလုပ်နေကျ။ အများစုက ပါတီဝင်ဆို တခါတည်းတန်းသတ်တာပဲ။ ၇၀ ရာခိုင်နှုန်းက ပါတီဝင်တွေပဲ။ ရည်ရွယ်ချက်ရှိရှိ သူတို့တွေ လုပ်နေကြတာ။ အင်မတန်မှ စိတ်မကောင်းစရာပါ” လို့ နွားထိုးကြီးမြို့မှာ ကျေးရွာဒေသခံတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာနဲ့ ပက်သက်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒေသခံတွေမကြာခဏ ဖမ်းဆီးသတ်ဖြတ်ခံရမှု အများဆုံးခံရတဲ့ မင်းရွာဟာ နွားထိုးကြီးမြို့နဲ့ ၇ မိုင်အကွာမှာ ရှိတာဖြစ်ပါတယ်။
အခုအခါ စစ်ကောင်စီနဲ့ အရပ်အခေါ်ပျူစောထီးအဖွဲ့တွေနဲ့နီးစပ်သူတွေသာ ကျေးရွာမှာ နေထိုင်ပြီး အသတ်ခံရသူတွေရဲ့ မိသားစုဝင်တွေနဲ့ ဒေသခံအများစုဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
“မင်းရွာက ရွာထဲကို လူကိုမရှိတော့ဘူး။ နေ့ခင်းပိုင်းတော့ ရွာထဲမှာ ကိုယ့်အလုပ်ကိုယ် နည်းနည်းပါးပါးလုပ်ပေါ့။ တောင်သူက ဒီအလယ်ပိုင်းတွေကျတော့ပဲစင်းငုံတို့ ထောပတ်ပဲတို့ ကုလားပဲ တို့လို သီးနှံသိမ်းချိန်ရောက်ပြီဆိုတော့ နေ့ခင်းပိုင်းတော့ အလုပ်ပြန်လုပ်ပေါ့။ နွားထိုးကြီးကတော့ နေ့ခင်းပိုင်းလောက်ဆိုရင်ကို လူအသွားအလာကိုမရှိတော့တာ။ နဂိုကဆို စျေးလေး ဘာလေးတွေရှိသေးတယ်။ ခုက နေ့လယ်ပိုင်းလောက်ကစပြီး ဘာမှမရှိတော့ဘူး။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့လပိုင်းတွေအတွင်း နွားထိုးကြီးမြို့ပေါ်နဲ့ ကျေးရွာတွေမှာ NLD ပါတီဝင်နဲ့ ဝန်းရံသူတွေ ဒေသခံတွေပါ ဖမ်းဆီးသတ်ဖြတ်ခံရပြီး အလောင်းစွန့်ပစ်ခံရတာ ငါးကြိမ်ထက်မနည်းရှိပြီဖြစ်ပါတယ်။ ဒါ့အပြင် ဒေသကာကွယ်ရေးတပ်ဖွဲ့က အဖွဲ့ဝင် ၆ဦးလည်း ပြီးခဲ့တဲ့လပိုင်းမှာ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။








