ဇူလိုင် ၁၈ ရက်သတင်းများအနှစ်ချုပ်- အမေရိကန်နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးတွေတက်မယ့် အာဆီယံဝန်ကြီးများအစည်းအဝေး မနီလာမှာ စတင်

၂၀၂၆ မေလ ၇ ရက် ကကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး(ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၆ မေလ ၇ ရက် ကကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး(ပုံဟောင်း)
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၈

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်နိုင်ငံမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးနဲ့ တခြားဆက်စပ်အစည်းအဝေးတွေကို မနီလာမြို့တော်မှာဒီကနေ့ ဇူလိုင် ၁၈ ရက်မှာစတင်ပြီဖြစ်ပါတယ်။

ဇူလိုင် ၂၄ ရက်အထိပြုလုပ်မယ့် အဲဒီအစည်းအဝေးမှာ မြန်မာကို နိုင်ငံရေးအရ ကိုယ်စားပြုခွင့်မပေးတဲ့ မူကို အာဆီယံက ဆက်လက် စွဲကိုင်ထားဆဲ ဖြစ်ပါတယ်။

ဒါကြောင့် ဘန်ကောက်မှာ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ အလွတ်သဘောတွေ့ဆုံခဲ့တဲ့ နေပြည်တော်ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ဟောင်း ဦးတင်မောင်ဆွေတော့ ဒီအစည်းအဝေးတွေမှာ တက်ရောက်ခွင့်မရှိဘဲ အမြဲတမ်းအတွင်းဝန်သာတက်ရောက်ရမှာဖြစ်ပါတယ်။

အခု ဆွေးနွေးပွဲတွေမှာ အရှေ့အာရှထိပ်သီးဆွေးနွေးပွဲရဲ့ အစိတ်အပိုင်း နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ တွေ့ဆုံပွဲလိုမျိုး၊ အာဆီယံ အပေါင်း ၃ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ တွေ့ဆုံပွဲလိုမျိုး အရေးပါတဲ့ ဆက်စပ် အစည်းအဝေးတွေပါ ဆက်တိုက် လုပ်ဆောင် ကြမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် တကယ်လို့သာ အခု မနီလာ အစည်းအဝေးတွေမှာ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီး ရှိနေမယ်ဆိုရင် အမေရိကန်၊ တရုတ်၊ ဗြိတိန်၊ ဂျပန်၊ သြစတြေးလျ၊ ကနေဒါနဲ့ရုရှားနိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ပါ တွေ့ဆုံနိုင်မှာ ဖြစ်ပေမယ့်၊ နေပြည်တော်အသွင်ပြောင်း အစိုးရကို အာဆီယံအနေနဲ့ အဲဒီလို အခွင့်အလမ်းမျိုး မပေးသေးပါဘူး။

"Navigating Our Future, Together" "အနာဂတ်ဆီသို့ အတူတကွ" ဆိုတဲ့ ခေါင်းစဥ်အောက်မှာ ပြုလုပ်တဲ့ အခု မနီလာမြို့တော်က တွေ့ဆုံပွဲတွေမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုတက်ရောက်ဖို့ရှိနေပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ရူဘီယိုရဲ့ ဒီခရီးစဉ်ဟာ "လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသ ကို ဖော်ဆောင်ရေးဆိုတဲ့ အမေရိကန်ရဲ့ အဓိကဦးစားပေးမူဝါဒကို ရှေ့ဆက်ဆောင်ရွက်တာ ဖြစ်ပြီး ဒေသတွင်းနဲ့ အမေရိကန်ပြည်သူတွေအတွက် ဘေးကင်းလုံခြုံမှု၊ လုံခြုံရေးနဲ့ သာယာဝပြောမှုကို ဆောင်ကြဉ်းပေးဖို့ ရည်ရွယ်ထားပါတယ်" လို့ဖော်ပြထားပါတယ်။

သတ္ထုတွင်းတွေမှာ ဖောက်ခွဲရေးနဲ့ ဓာတုပစ္စည်းတွေ အလွန်အကျွံမသုံးဖို့ UWSA သတိပေး

UWSA တာဝန်ရှိသူတွေနဲ့ လုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, WSTV

ဓာတ်ပုံ ပုံစာ, UWSA တာဝန်ရှိသူတွေနဲ့ လုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမြင်ကွင်း

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲက သတ္ထုတွင်းလုပ်ငန်းတွေမှာ ဖောက်ခွဲရေးပစ္စည်းနဲ့ ဓာတုပစ္စည်းတွေကို သတ်မှတ်ပမာဏထက် ပိုမသုံးကြဖို့ UWSA ထိပ်ပိုင်းတာဝန်ရှိသူတွေက သတိပေးလိုက်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရွှေ၊ သတ္ထုအမျိုးမျိုးနဲ့ သယံဇာတတူးဖော်တဲ့ လုပ်ငန်းတွေ ထိခိုက်နစ်နာတာ မရှိစေဖို့နဲ့ သတ်မှတ်ထားတဲ့ ပြဋ္ဌာန်းချက်တွေကို လိုက်နာဖို့ "ဝ" ပြည်သွေးစည်း ညီညွှတ်ရေးတပ် - UWSA တာဝန်ရှိသူတွေက စီးပွားရေး လုပ်ငန်းရှင်တွေကို တွေ့ဆုံအသိပေးခဲ့တယ်လို့ Wa News Land က ရေးထားပါတယ်။

"ဝ" ပြည်နယ် စက်မှုနဲ့ သတ္ထုဌာနက ပန်ဆန်းမြို့မှာ ကျင်းပတဲ့ အစည်းအဝေးမှာ UWSA အထွေထွေအတွင်းရေးမှူး ပေါက်အိုက်ခမ်းက အခုလို ပြောကြားခဲ့တာကို ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းက သတင်းတွေကို ဖော်ပြပေးနေတဲ့ Wa News Land သတင်းဌာနက ရေးထားပါတယ်။

ဒီအစည်းအဝေးကတော့ "ဝ" ထိန်းချုပ်နယ်မြေအတွင်း သတ္ထုတူးဖော်မှုတွေကြောင့် မြစ်ရေညစ်ညမ်းနေတယ်ဆိုတဲ့ စိုးရိမ်ချက်တွေနဲ့ ထိုင်းနိုင်ငံဘက်မှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

"ဝ" ဒေသမှာ သတ္ထုလုပ်ငန်းဆိုင်ရာ အစည်းအဝေးတွေ ရှိခဲ့ပေမဲ့ ဖောက်ခွဲရေးပစ္စည်းနဲ့ ဓာတုပစ္စည်း အသုံးပြုမှုကို အခုလို သီးသန့်အလေးပေး သတိပေးလာတာက မကြာသေးခင်က ပတ်ဝန်းကျင်နဲ့ လုပ်သားလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေ မြင့်တက်လာတဲ့ အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

သတ္ထုတူးဖော်ရေးလုပ်ငန်းတချို့မှာ သတ္ထု ပိုမိုရရှိဖို့အတွက် ဖောက်ခွဲရေးပစ္စည်းတွေ၊ ဓာတုပစ္စည်းတွေကို သတ်မှတ်ထားတာထက် ကျော်လွန်သုံးစွဲခဲ့တာကြောင့် အလုပ်သမားရေးရာ ပြဿနာတွေ၊ ကျန်းမာရေးထိခိုက်မှုတွေနဲ့ အသက်အန္တရာယ်ဆုံးရှုံးတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ UWSA အထွေထွေအတွင်းရေးမှူး ပေါက်အိုက်ခမ်းက ပြောထားပါတယ်။

လုပ်ငန်းဆောင်ရွက်နေစဉ်မှာ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာရင် သက်ဆိုင်ရာဌာနတွေကို အကြောင်းကြားရမှာဖြစ်ပြီး စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာသူတွေကို ဥပဒေအရ အရေးယူသွားမယ်လို့လည်း "ဝ" အာဏာပိုင်တွေက ပြောထားပါတယ်။

ဘယ်လိုအရေးယူတာတွေရှိမလဲဆိုတာကို "ဝ"တပ်ရဲ့ ပြောခွင့်ရသူ ဦးညီရမ်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

"ဝ" ထိန်းချုပ်နယ်မြေအတွင်း သတ္ထုတူးဖော်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မြေပြိုမှုတွေ၊ ဖောက်ခွဲရေးပစ္စည်းကြောင့် ထိခိုက်သေဆုံးမှုတွေ၊ လုပ်သားအခွင့်အရေးဆိုင်ရာ ပြဿနာတွေ ဖြစ်ပွားခဲ့ဖူးတယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားခဲ့ပါတယ်။

ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်း (SHRF) ရဲ့ မကြာသေးခင်က အစီရင်ခံစာတွေအရ "ဝ" ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ မိုင်းဆတ်နဲ့ မိုင်းပေါက်ဒေသတွေမှာ ကျောက်မီးသွေးစက်ရုံနဲ့ မြေရှားသတ္ထုတူးဖော်မှုတွေ တိုးချဲ့လာနေပြီး ရေထုနဲ့ မြေအောက်ရေအရင်းအမြစ်တွေ ညစ်ညမ်းလာနိုင်တယ်လို့ သတိပေးထားပါတယ်။

ဖားကန့်မှာမြေပြိုပြီး ၇ ဦးပျောက်ဆုံး

ဇူလိုင် ၁၈ ရက်မှာ ကူညီရှာဖွေရေး လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ဖားကန့် အဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ဖားကန့်

ဓာတ်ပုံ ပုံစာ, ဇူလိုင် ၁၈ ရက်မှာ ကူညီရှာဖွေရေး လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ဖားကန့် အဖွဲ့ဝင်တွေ

ကချင်ပြည်နယ်ထဲက မြန်မာ့ကျောက်စိမ်းဒေသဖြစ်တဲ့ ဖားကန့်မှာ ဇူလိုင် ၁၇ ရက်က မိုးများပြီး ညနေ ၃ နာရီလောက်မှာ မြေပြိုတာကြောင့် ကု‌ဋေမှော် လုပ်ကွက်ဟောင်းက ရေမဆေးကျောက်ရှာသမား ၇ ယောက် ပျောက်ဆုံးနေပါတယ်။

သူတို့ကို ဒီနေ့ညနေပိုင်းအထိ ရှာမတွေ့သေးဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။

မြေပြိုလို့ ပျောက်ဆုံးနေသူ ၇ ယောက်ထဲက ၃ ယောက်ရဲ့ အချက်အလက်ကိုသာ သိရှိထားပြီး သူတို့ဟာ အသက် ၂၀ ကနေ အသက် ၄၀ နှစ်အတွင်းမှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေဖြစ်တယ်လို့ မြို့ခံက ပြောပါတယ်။

ပရဟိတလူမှုကူညီရေး အဖွဲ့တွေက ရေငုပ်ဝတ်စုံတွေ၊ သက်ကယ်လှေတွေနဲ့ ရှာဖွေနေပေမဲ့လည်း မိုးဆက်တိုက်ရွာနေပြီး ကမ်းပါးကမြေတွေထပ်ပြိုနေတာကြောင့် ရှာဖွေရေးလုပ်ငန်းတွေမှာ အခက်အခဲဖြစ်နေတယ်လို့လည်း ဖားကန့်မြို့ခံတစ်‌ယောက်က ပြောပါတယ်။

ဒါ့အပြင် အဲဒီ ကုဋေမှော်မှာပဲ ဇူလိုင် ၁၆ ရက်က မြေပြိုကျခဲ့ပါသေးတယ်။

စစ်ဘေးရှောင်ရင်း ရေမဆေးကျောက်ရှာတဲ့ လူငယ်တစ်ယောက်က မြေပြိုတဲ့အထဲ ပါသွားပြီး ကျင်းတဝက်လောက်မှာရှိတဲ့ မြေသားအစွန်ပေါ်မှာ တင်ကျန်တာကြောင့် အသက်ရှင်ခဲ့ပေမဲ့ ခြေထောက်ကျိုးသွားတယ်လို့ မြို့ခံက ပြောပါတယ်။

အဲဒီမြေသားအစွန်မှာ ကုတ်တွယ်နေရင်း ဇူလိုင် ၁၇ ရက်ညပိုင်းမှ သူ့ကိုရှာဖွေသူတွေ တွေ့ရှိသွားတာကနေ ဒီနေ့မနက် ဇူလိုင် ၁၈ ရက်မနက်ပိုင်းမှ ကယ်ဆယ်လို့ရခဲ့တယ်လို့ သိရပါတယ်။

ဖားကန့်မြို့နယ်ထဲမှာ ရေကြီးရေလျှံတာတွေလည်း ရှိနေပြီး ဇူလိုင် ၁၇ ရက်က ကျောက်ဝိုင်းလမ်းပိုက်တလျှောက် အပါအဝင် ငှက်ပျောတော၊ မရှီကထောင်၊ အေးမြသာယာ၊ မှော်တောင်း၊ ဆန်းကြွယ်၊ ဖားပြင် အပါအဝင် ရပ်ကွက်တချို့မှာ ရေနစ်မြုပ်ခဲ့ပါတယ်။

ဒီနေ့မှာတော့ ရေကျသွားပေမဲ့ တချို့နေရာတွေမှာ ရေကျန်နေတုန်းပဲလို့ မြို့ခံတွေက ပြောပါတယ်။

ရန်ကုန်မြို့၊ အစိုးရကျောင်းတွေမှာ ကျောင်းပေါင်းစည်းရေး စီမံချက်စတင်

၂၀၂၂ ခုနှစ် မေ ၃၁ ရက်နေ့က ရန်ကုန်မြို့ရှိ ကျောင်းတစ်ကျောင်းတွင် ဇွန် ၂ ရက် စတင်မည့် စာသင်နှစ်သစ်အတွက် ၎င်းတို့၏သားသမီးများကို ကျောင်းအပ်နှံပြီးနောက် မိဘများ ကျောင်းဝင်းမှ ထွက်ခွာလာကြစဉ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၂ ခုနှစ် မေ ၃၁ ရက်နေ့က ရန်ကုန်မြို့ရှိ ကျောင်းတစ်ကျောင်းတွင် ဇွန် ၂ ရက် စတင်မည့် စာသင်နှစ်သစ်အတွက် ၎င်းတို့၏သားသမီးများကို ကျောင်းအပ်နှံပြီးနောက် မိဘများ ကျောင်းဝင်းမှ ထွက်ခွာလာကြစဉ်။

ရန်ကုန်မြို့က မြို့နယ်တချို့မှာ အစိုးရကျောင်းပေါင်းစည်းရေး စီမံချက် စတင်နေပြီလို့ ပညာရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။

အခု ရက်ပိုင်းထဲမှာ လှိုင်၊ ကြည့်မြင်တိုင်၊ အလုံ စတဲ့မြို့နယ်တွေက အထက်တန်းကျောင်းကို အလယ်တန်းအဆင့် လျှော့ချတာ၊ အလယ်တန်းကနေ မူလတန်းအဆင့်၊ မူလတန်းလွန်ကနေ မူလတန်းအဆင့် တွေကို လျှော့ချတာတွေ လုပ်နေတယ်လို့ ပညာရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

လျှော့ချတဲ့ ကျောင်းအရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး။

အစိုးရကျောင်းတွေမှာ ကျောင်းသားဦးရေ လျော့နည်းလာပြီး ဆရာ/ဆရာမဦးရေ များနေတာတွေကြောင့် ကျောင်းပေါင်းစည်းရေး စီမံချက် စတင်တာလို့ သိရပါတယ်။

"ကျောင်းသားနည်းတဲ့ အထက်တန်းကို အလယ်တန်းအဆင့်လျှော့ပြီး အဲဒီကျောင်းသားတွေကို ထွက်စာပေးတယ်၊ နီးစပ်တဲ့ ကျောင်းမှာ တက်ခွင့်ပေးတယ်။ အဲဒီကျောင်းက ပိုထွက်လာတဲ့ ဆရာ/ဆရာမတွေ တခြားလိုအပ်တဲ့ကျောင်းတွေကို ပို့တယ်"လို့ စီမံချက်မှာပါတဲ့ လုပ်ငန်းစဉ်ကို ပညာရေးဝန်ကြီးဌာနနဲ့ နီးစပ်သူက ပြောပါတယ်။

မြို့နယ်တိုင်းမှာလုပ်ဆောင်နေတာမဟုတ်ဘဲ ကျောင်းသားဦးရေနည်းတဲ့ မြို့နယ်တွေမှာ လုပ်နေတာလို့ မင်္ဂလာဒုံ ပညာရေးမှူးရုံးနဲ့ နီးစပ်သူက ဘီဘီစီကို ပြောပါတယ်။

လှိုင်မြို့နယ်မှာဆိုရင်လည်း မူလတန်းလွန် ကျောင်းကနေ တခြားမူလတန်းကျောင်းကို ပြောင်းရတာတွေ ဒီအပတ်ကစပြီး ရှိနေတယ်လို့လည်း မြို့ခံတွေဆီက သိရပါတယ်။

ဒီစီမံချက်က ရန်ကုန်တင်မကဘဲ မန္တလေးမှာလည်း ဖြစ်နေတာပါ။

ဒီစီမံချက်နဲ့ပတ်သက်လို့ နေပြည်တော် ပညာရေးဝန်ကြီးဌာန ၊ ရန်ကုန်တိုင်း ပညာရေးမှူးရုံး၊ မန္တလေးတိုင်း ပညာ‌ရေးမှူးရုံးတို့ကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ်မရခဲ့ပါဘူး။

ဘန်ကောက်မီးလောင်မှုတစ်ခုမှာ ကြောင်အကောင် ၃၀ ကျော်နဲ့ လူနှစ်ဦးသေဆုံး

အိမ်မီးလောင်မှုကြောင့် လူနှစ်ယောက်သေဆုံးတယ်လို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Rama 199

ဓာတ်ပုံ ပုံစာ, အိမ်မီးလောင်မှုကြောင့် လူနှစ်ယောက်သေဆုံးတယ်လို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

သုံးထပ်တိုက်နေအိမ် မီးလောင်မှုကြောင့် လူနှစ်ယောက်နဲ့ ကြောင်အကောင် ၃၀ ကျော် သေဆုံးတဲ့ဖြစ်စဉ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ ဒီမနက် ဖြစ်ပွါးခဲ့ပါတယ်။

ဘန်ကောက်မြို့တော် ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျှော့ချရေးဌာနရဲ့ Rama 199 ရေဒီယိုစင်တာအဆိုအရ မီးလောင်မှုဟာ ဇူလိုင် ၁၈ ရက် မနက် ၅ နာရီ ၅၀ မိနစ်လောက်က သွန်ဘူရီခရိုင်က ဆမ်ရဲရပ်ကွက်မှာ ဖြစ်ပွားခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

မီးငြှိမ်းသတ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ၊ မီးသတ်တပ်ဖွဲ့တွေနဲ့ စေတနာ့ဝန်ထမ်းတွေ ရောက်ရှိလာပြီးနောက် မီးကို ထိန်းချုပ်ခဲ့ပါတယ်။

ဒါပေမဲ့ အိမ်နှစ်လုံး ပျက်စီးသွားခဲ့ပြီး အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ Rama 199 က ထုတ်ပြန်ထားပါတယ်။

သေဆုံးသူတွေဟာ အသက် ၆၂ နှစ်အရွယ် အမျိုးသားနဲ့ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတို့ ဖြစ်ပြီး အိမ်ထဲမှာ မွေးမြူထားတဲ့ ကြောင် ၃၀ ကျော်လည်း မီးလောင်သေဆုံးခဲ့တယ်လို့ Matichon နဲ့ Khaosod သတင်းဌာနတွေက ရေးသားထားပါတယ်။

ဒါ့အပြင် ကြောင် ၁၃ ကောင်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

မီးလောင်ရတဲ့ အကြောင်းရင်းကို လျှပ်စစ်ရှော့ခ်ဖြစ်မှုကြောင့်လို့ ကနဦးခန့်မှန်းထားပေမဲ့ တာဝန်ရှိသူတွေက အတိအကျ မထုတ်ပြန်သေးဘဲမီးလောင်ရတဲ့အကြောင်းရင်းကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဒုဗိုလ်ချုပ်ကြီးဘောကျော်ဟဲ KNLA ရဲ့ စစ်ဦးစီးချုပ်ဖြစ်လာ

၇၉ ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နေ့ ဂုဏ်ပြုပွဲအခမ်းအနားအား ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ စစ်ဌာနချုပ်မှာ မိန့်ခွန်းပြောနေတဲ့ ဒုဗိုလ်ချုပ်ကြီးဘောကျော်ဟဲ

ဓာတ်ပုံ ရင်းမြစ်, KNU

ဓာတ်ပုံ ပုံစာ, ၇၉ ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နေ့ ဂုဏ်ပြုပွဲအခမ်းအနားအား ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ စစ်ဌာနချုပ်မှာ မိန့်ခွန်းပြောနေတဲ့ ဒုဗိုလ်ချုပ်ကြီးဘောကျော်ဟဲ

ကရင်အမျိုးသားအစည်းအရုံး- KNU ရဲ့ လက်နက်ကိုင်တပ်ဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA ရဲ့ စစ်ဦးစီးချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ဘောကျော်ဟဲကို ခန့်အပ်လိုက်တယ်လို့ ကရင်စစ်ရေးအရင်းအမြစ်တွေဆီက သိရပါတယ်။

ဇူလိုင် ၁၇ ရက်က ကျင်းပတဲ့ KNU ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ဒုဗိုလ်ချုပ်ကြီး ဘောကျော်ဟဲကို ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

KNLA ရဲ့ ဒုတိယစစ်ဦးစီးချုပ်အဖြစ် နှစ်ပေါင်း ၂၀ ကျော်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီး ဘောကျော်ဟဲဟာ ကရင်တိုင်းရင်းသား လူထုတွေအကြား လူကြိုက်များတဲ့ ခေါင်းဆောင်ဖြစ်သလို နိုင်ငံရေးအမြင် ပြတ်သားသူလည်းဖြစ်တယ်လို့ ကရင်စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီရဲ့ ကျန်းမာရေးအခြေအနေကြောင့် တာဝန်ဆက်မယူနိုင်တဲ့အတွက် အခုလို ခန့်အပ်တာလို့ သိရပါတယ်။

ဒုဗိုလ်ချုပ်ကြီး ဘောကျော်ဟဲဟာ အသက် ၆၂ နှစ်ရှိနေပြီး စစ်ရေးအတွေ့အကြုံ အနေနဲ့ နှစ်ပေါင်း ၄၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ၁၉၉၅ ခုနှစ်နောက်ပိုင်းမှာ KNLA တပ်မဟာ (၅) နယ်မြေဖြစ်တဲ့ ဖာပွန် (မူတြော်) ဒေသမှာ အဓိက တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ ကရင်စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

ဘောကျော်ဟဲဟာ ကရင်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီးမြရဲ့ လက်အောက်မှာ လေ့ကျင့်သင်ကြားခွင့်ရခဲ့တဲ့ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။

အဲဒီနောက် KNLA ဗဟိုဌာနချုပ် လက်အောက်ခံ တပ်ရင်း (၂) မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ကရင်ဒေသနဲ့ နယ်စပ်တစ်လျှောက် စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

၁၉၈၅ ခုနှစ်မှာ KNLA ရဲ့ ကွန်မန်ဒို အထူးစစ်ဆင်ရေးသင်တန်းကို တက်ရောက်ခဲ့ပြီး မာနယ်ပလောဒေသမှာ ဆက်လက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

တပ်မဟာ (၁)၊ (၂) နဲ့ (၃) တွေမှာ စစ်ဆင်ရေးအကြံပေးအဖြစ် ဆောင်ရွက်ခဲ့သလို တပ်မဟာ (၅) တပ်မှူးအဖြစ်လည်း အဆင့်ဆင့် တာဝန်ယူခဲ့ပါတယ်။

သူဦးဆောင်ခဲ့တဲ့ KNLA တပ်မဟာ (၅) ဟာ ဖာပွန် (မူတြော်) ဒေသမှာ စစ်တပ်ကို အကြီးအကျယ် ဖိအားပေးနိုင်ခဲ့တဲ့ တပ်ဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာ  ကယား (ကရင်နီ)ဒေသတွင် Starlink အင်တာနက် အသုံးပြုနိုင်ကြောင်း ဖော်ပြထားသည့် ဆိုင်းဘုတ်အနီး လမ်းဘေးစားသောက်ဆိုင်တစ်ခု၌ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် မိသားစုကို တွေ့ရစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာ ကယား (ကရင်နီ)ဒေသတွင် Starlink အင်တာနက် အသုံးပြုနိုင်ကြောင်း ဖော်ပြထားသည့် ဆိုင်းဘုတ်အနီး လမ်းဘေးစားသောက်ဆိုင်တစ်ခု၌ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် မိသားစုကို တွေ့ရစဉ်

ဆိုက်ဘာလိမ်လည်မှုဂိုဏ်းတွေကို နှိမ်နင်းဖို့ ရည်ရွယ်ပြီး Starlink ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုတွေကို ပိတ်ဆို့ထားတဲ့အတွက် မြန်မာနိုင်ငံထဲကအရပ်သားတွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေနဲ့ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေကိုပါ ထိခိုက်စေတယ်လို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၅၅ ဖွဲ့က ပြောလိုက်ပါတယ်။

အဲဒီအဖွဲ့အစည်းတွေက ဇူလိုင် ၁၇ ရက်မှာ ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်ထဲမှာ နယ်စပ်ဖြတ်ကျော် ဆိုက်ဘာလိမ်လည်မှုဂိုဏ်းတွေကို နှိမ်နင်းဖို့ နိုင်ငံတကာကြိုးပမ်းမှုတွေကို ထောက်ခံကြောင်း ပြောထားပါတယ်။

ဒါ့ပေမဲ့ Starlink စက်တွေကို ဒေသအလိုက် အလုံးစုံပိတ်ပင်တာမျိုးမလုပ်ဘဲ လိမ်လည်မှုစင်တာတွေနဲ့ ဆက်စပ်တဲ့နေရာတွေကိုသာ ပစ်မှတ်ထား အရေးယူဖို့ တောင်းဆိုထားပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ သုံးနေတဲ့စက်တွေကို ခွဲခြားဖို့အတွက်ကိုလည်း မြန်မာအရပ်ဘက် အဖွဲ့အစည်းတွေက ကူညီပေးနိုင်တယ်လို့လည်း Myanmar Internet Project ရဲ့ သတင်းပြန်ကြားရေး တာဝန်ရှိသူ ဦးသစ်ဉာဏ်က ပြောပါတယ်။

"အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက ငွေကြေးတောင့်တင်းတော့ စတားလင့်မသုံးရလည်း တခြားပြောင်းသုံးလို့ရတဲ့ နည်းလမ်းတွေ ရှာကြမှာပဲ။ ဒါပေမဲ့ စစ်အုပ်စုက ဖြတ်တောက်ထားလို့ အင်တာနက်ဆက်သွယ်ရေး ပြတ်တောက်နေတဲ့ ဒေသက လူသားချင်းစာနာမှုအကူအညီတွေမှာ အခက်အခဲတွေဖြစ်နေတယ်"လို့ ဦးသစ်ဉာဏ်က ပြောပါတယ်။

Myanmar Internet Project ဟာ စစ်တပ်ရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေး ချိုးဖောက်မှုတွေကို စောင့်ကြည့်နေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေနဲ့ ဆက်သွယ်ရေးဖြတ်တောက်မှုတွေကြောင့် မြို့နယ် ၃၃၀ အနက် ၈၀ ခန့်မှာ ပုံမှန်အင်တာနက်နဲ့ ဖုန်းလိုင်းဝန်ဆောင်မှုတွေ မရတော့ဘဲ လူဦးရေ ၁၃ သန်းကျော်ဟာ Starlink လို ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုအပေါ် မှီခိုနေရတယ်လို့ သိရပါတယ်။

ဒါကြောင့် Starlink ပိတ်သွားတဲ့အခါ အရေးပေါ်လူနာပို့ဆောင်ရေး၊ ဆေးဘက်ဆိုင်ရာ အကြံပြုကုသရေးဝန်ဆောင်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ် ကြိုတင်သတိပေးစနစ်တွေ၊ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေနဲ့ ပညာရေးလုပ်ငန်းတွေကို တိုက်ရိုက်ထိခိုက်စေတယ်လို့ အဆိုပါအဖွဲ့အစည်းတွေက ပြောပါတယ်။

အင်တာနက်လိုင်း ပြတ်တောက်သွားရင် စစ်ဘေးရှောင်စခန်းတွေဆီ အကူအညီရောက်ဖို့နဲ့ ဘာတွေလိုအပ်နေတယ်ဆိုတာတွေ သိရှိဖို့ ခက်ခဲသွားမယ်လို့ ကရင်ပြည်နယ်ထဲက စစ်ရေးအရင်းအမြစ်က ဘီဘီစီကို ပြောပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး Starlink ကုမ္ပဏီကို ပိုင်ဆိုင်တဲ့ SpaceX အနေနဲ့ အလုံးစုံပိတ်ပင်တာထက် ဆိုက်ဘာလိမ်လည်မှုစင်တာတွေရဲ့ တည်နေရာကိုသာ ပစ်မှတ်ထားပြီး ကန့်သတ်ဖို့၊ ပိတ်ထားတဲ့ ဝန်ဆောင်မှုတွေထဲက လိမ်လည်မှုလုပ်ငန်းတွေနဲ့ မသက်ဆိုင်တဲ့ စက်တွေကို ပြန်ဖွင့်ပေးဖို့နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းစိစစ်ရေး ယန္တရားတစ်ခု ဖန်တီးဖို့ တောင်းဆိုထားပါတယ်။

ထုတ်ပြန်ချက်မှာ SpaceX ဟာ ၂၀၂၅ ခုနှစ်အတွင်း ထိုင်း-မြန်မာနယ်စပ်က ဆိုက်ဘာလိမ်လည်မှုစင်တာတွေနဲ့ ဆက်စပ်တယ်လို့ သတ်မှတ်ထားတဲ့ စက်အလုံးပေါင်း ၂,၅၀၀ ကို ပိတ်သိမ်းခဲ့တယ်လို့ ရည်ညွှန်းထားပါတယ်။

မကြာသေးခင်က ပိတ်ပင်မှုတွေ ခံရတဲ့နေရာတွေဟာ လိမ်လည်မှုစင်တာတွေနဲ့ မနီးစပ်တဲ့ မကွေး၊ စစ်ကိုင်းနဲ့ ရခိုင်ဒေသတွေက စက်တွေပါ ပါဝင်ခဲ့တယ်လို့ ဆိုထားပါတယ်။

SpaceX ဘက်ကတော့ အဆိုပါပူးတွဲကြေညာချက်မှာ ပါဝင်တဲ့ စွပ်စွဲချက်တွေနဲ့ တောင်းဆိုချက်တွေအပေါ် လူသိရှင်ကြား တုံ့ပြန်ထားတာ မတွေ့ရသေးပါဘူး။

ဒီတောင်းဆိုချက်ကို အမေရိကန်အစိုးရနဲ့ လွှတ်တော်၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ Starlink ကုမ္ပဏီကို ပိုင်ဆိုင်တဲ့ SpaceX တို့ကို ချိတ်ဆက်တောင်းဆိုထားတယ်လို့လည်း Myanmar Internet Project ရဲ့ သတင်းပြန်ကြားရေး တာဝန်ရှိသူ ဦးသစ်ဉာဏ်က ပြောပါတယ်။

ထုတ်ပြန်ချက်ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေထဲမှာ ကျန်းမာရေး၊ ပညာရေး၊ လူ့အခွင့်အရေး၊ မီဒီယာနဲ့ လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ အများအပြား ပါဝင်နေပါတယ်။

ဒါ့အပြင် တိုင်းရင်းသားဒေသအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းကွန်ရက်တွေနဲ့ NUG လက်အောက်ခံ အဖွဲ့အစည်းတချို့လည်း ပါဝင်လက်မှတ်ရေးထိုးထားပါတယ်။

အဲဒီလို ကဏ္ဍပေါင်းစုံက အဖွဲ့အစည်းတွေ တစ်ပြိုင်နက်တည်း ထုတ်ဖော်ပြောဆိုလာတာက Starlink ဝန်ဆောင်မှု ပိတ်ဆို့ခံရခြင်းရဲ့ အကျိုးသက်ရောက်မှုဟာ အင်တာနက်အသုံးပြုသူတွေအပေါ်မှာတင် မဟုတ်ဘဲ ဆေးဝါးကုသရေး၊ ပညာရေးနဲ့ လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းတွေအထိ ကျယ်ကျယ်ပြန့်ပြန့် ရိုက်ခတ်နေတယ်ဆိုတာကို ပြသနေပါတယ်။