မုံရွာက ဘဏ်အချို့ ထုတ်ငွေ ပမာဏ ကန့်သတ်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အရင်က ကြိုက်သလောက်ပမာဏ ငွေထုတ်လို့ရတဲ့ Special Account တွေကနေ လူတစ်ဦးကို သိန်း ၅၀ ကျပ်နဲ့ ကန့်သတ်ပြီး မုံရွာမြို့ရှိ ပုဂ္ဂလိက ဘဏ်အချို့ မှာ အခုရက်ပိုင်း ကန့်သတ်ပြီးထုတ်ပေးနေတယ်လို့ မုံရွာကုန်စည်ဒိုင်က ပွဲစားကုန်သည်တစ်ဦးက ပြောပါတယ်။
အခုလို အကန့်အသတ်နဲ့ထုတ်ပေးနေတဲ့ ဘဏ်တွေက CB ဘဏ် ၊ မြန်မာ့ရှေ့ဆောင်ဘဏ် နဲ့ ရိုးမဘဏ်တို့ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်ခန့်က စပြီး အခုလို ကန့်သတ်လိုက်တာလို့ သူတို့ကပြောပါတယ်။
မုံရွာကုန်စည်ဒိုင်ဟာ မြန်မာနိုင်ငံထွက် ပဲမျိုးစုံ အဓိက ရောင်းဝယ်တဲ့ ဒိုင်ကြီးဖြစ်ပြီး အိန္ဒိယက အဝယ်များတဲ့ ပဲစဥ်းငုံ ပေါ်ချိန်မှာ အခုလို ကန့်သတ်လိုက်တဲ့အတွက် ကုန်သည်ပွဲစားနဲ့တောင်သူတွေ ရဲ့ ငွေပေးချေမှုနဲ့ ဝယ်ရောင်းလုပ်ငန်းတွေ အပေါ်မှာ ထိခိုက်မှုတွေရှိနေတယ်လို့ သူကပြောပါတယ်။
ပြည်ပကုန်သွယ်မှုနဲ့ နယ်စပ်ကုန်သွယ်မှုတွေကို မုံရွာက တိုက်ရိုက်လုပ်ကိုင်ရတာဖြစ်ပြီးတော့ အခုလို ကန့်သတ်မှုကြောင့် ကုန်သည်ပွဲစားတွေဟာ ရန်ကုန် မန္တလေးနဲ့ ချိတ်ဆက်ရောင်းဝယ်မှုတွေမှာ ဟွန်ဒီ ငွေလွှဲကိုပဲ ပြန်လည်အသုံးပြုနေရကြောင်း သူတို့က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
Special Account ဆိုတာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ဘဏ်တွေမှာငွေထုတ်ယူဖို့ အခက်အခဲတွေရှိလာချိန်မှာ ကြိုက်သလောက်ငွေ အသွင်းအထုတ်လုပ်လို့ရမယ့် အကောင့်ဆိုပြီး ဘဏ်တွေက မိတ်ဆက်လာတဲ့ အကောင့်ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးကာစ ဘဏ်တွေကနေ ငွေထုတ်ယူမှုတွေ များလာတဲ့အတွက် စစ်ကောင်စီက ငွေထုတ်ယူမှုတွေကို ကန့်သတ်ခဲ့တာရှိပါတယ်။
၂၀၂၁ ခုနှစ် ဧပြီလနောက်ဆုံးရက်မှာတော့ လူတစ်ဦးကို စာအုပ်ကနေ တစ်ပတ်ကို ကျပ်ငါးသိန်းခန့် နဲ့ အေတီအမ်ကနေ တစ်ရက် ကျပ်နှစ်သိန်း၊ တစ်ပတ်ကို ကျပ် ၅ သိန်းခန့်သာ ထုတ်လို့ရတဲ့ အခြေအနေ ဖြစ်ခဲ့တယ်လို့လည်း ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
အဲဒီနောက်Special Account ဆိုပြီး ကြိုက်သလောက်ငွေသွင်းအထုတ်လုပ်လို့ရတဲ့ အကောင့်တွေကို ဘဏ်တွေက စတင်လာခဲ့ပါတယ်။
ငွေပမာဏအကန့်အသတ်မရှိ အလွယ်တကူ ထုတ်ယူနိုင်တဲ့ အပြင် အတိုးရရှိနိုင်မယ့် Deposit Account အမျိုးအစားဖြစ်တဲ့ special Account ဖွင့်လှစ်တာကို လူပုဂ္ဂိုလ်တစ်ဦးချင်းဖြစ်စေ ဖြစ်စေ၊ Joint Account ဖြစ်စေ၊ Corporate Account (ကုမ္ပဏီ) ဖြစ်စေ Special Account အဖြစ် စာရင်းဖွင့်လှစ်နိုင်ပြီး အကန့်အသတ်မရှိ ငွေသားပေးသွင်းနိုင်တယ်လို့ ဘဏ်တွေဘက်က ထုတ်ပြန်ချက်အရသိရပါတယ်။
အခု ငွေ လိုသလောက် ထုတ်လို့မရဖြစ်တဲ့ အကောင့်တွေဟာ ဘဏ်တွေက အသစ်မိတ်ဆက်ခဲ့တဲ့ Special Account တွေဖြစ်တယ်လို့ မုံရွာက ကုန်သည် ပွဲစားတစ်ဦးကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မုံရွာကုန်စည်ဒိုင်မှာ အခုရက်ပိုင်း ပဲစဥ်းငုံတစ်တင်းကို ကျပ် ၅ သောင်းခန့်စျေးပေါက်နေပြီး ဘဏ်တွေကနေ ကျပ်သိန်း ၅၀ ခန့်သာ ငွေထုတ်ရတဲ့ အတွက် စျေးကွက်အတွင်းမှာ ကုန်သည်ပွဲစားတစ်ဦးဟာ တင်း ၁၀၀ ၊အိတ်နဲ့တွက်ရင် အိတ် ၇၀ လောက်သာ ရောင်းဝယ်နိုင်တဲ့ အခြေအနေကိုရောက်သွားတယ်လို့ ပွဲစားကုန်သည်တွေက ပြောပါတယ်။
ပဲစဥ်းငုံတွေဟာ ဒီဇင်ဘာလဆန်းက စလို့ မုံရွာကုန်စည်ဒိုင် ကို အိတ်ရေထောင်ချီ ဝင်ရောက်နေတာဖြစ်ပြီး မုံရွာဘဏ်တွေက ငွေထုတ်ကန့်သတ်လိုက်တဲ့အတွက် ကုန်ရောင်းကုန်ဝယ်မှာ အကန့်အသတ်တွေရှိလာတယ်လို့ပြောပါတယ်။
တကယ်တမ်း အရောင်းအဝယ်လုပ်ကြတဲ့ အခါ ပွဲစားကုန်သည်တွေဟာ ရန်ကုန် နဲ့မန္တလေးမြို့က ကုန်သည်တွေနဲ့ သိန်းထောင်ချီပြီး လုပ်ကိုင်လေ့ရှိတယ်လို့ ဆိုပါတယ်။
“တောင်သူက ပွဲရုံကုန်လာအပ်ပြီး ကုန်စည်ဒိုင်မှာ ကုန်ရောင်းတယ် နေ့လယ် တစ်နာရီဆိုစျေးပြတ်ပြီး ငွေရှင်းကြတယ်၊ငွေကြပ်လာတဲ့အတွက် တောင်သူတွေနဲ့ အရောင်းအဝယ်မှာလည်း အကန့်အသတ်ဖြစ်လာတယ်”လို့ သူတို့ကရှင်းပြပါတယ်။
မုံရွာက ပဲတွေကို ရန်ကုန် မန္တလေးတို့က ကုန်စည်ဒိုင်က ကုန်သည်တွေနဲ့ ချိတ်ပြီးဝယ်ကြတာဖြစ်တဲ့အတွက် မုံရွာမြို့ဟာ ငွေအထုတ်များတယ်လို့ လည်း ဆိုပါတယ်။
"တောင်သူက ပွဲရုံအပ် ပွဲရုံက ဒိုင်မှာရောင်း နေ့လယ်ငွေရှင်း ပြီးရင် တောင်သူတွေက စျေးဝယ်ပြီးပြန်ကြတာ အခုလိုငွေကြပ်တော့ ကျန်တဲ့ စီးပွားရေးတွေပါလာထိတယ်"လို့ မုံရွာမြို့ခံတစ်ဦးကပြောပါတယ်။
အခုလိုပုဂ္ဂလိက ဘဏ်တွေက Special Account ငွေထုတ်ငွေသွင်းကန့်သတ်ရတာနဲ့ ပတ်သက်လို့ ဘဏ်တွေဘက်ကို ဆက်သွယ်မေးမြန်းလို့ မရပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းကစလို့ မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေနဲ့ မန္တလေးမြို့ကို ဆက်သွယ်ထားတဲ့ မုံရွာ မန္တလေးလမ်းမကြီးပေါ်မှာ သွားလာနေတဲ့ ကားတွေကိုတားပြီး လက်နက်ပြ ခြိမ်းခြောက် ငွေတောင်း တွေပိုများလာနေတယ်လို့ ကိုယ်တွေကြုံရတဲ့ မုံရွာဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ငွေတောင်း တဲ့အဖွဲ့တွေဟာ မုံရွာ မန္တလေးလမ်းပေါ်က မြင်းမူမြို့အနီးတစ်ဝိုက်မှာ ငွေတောင်းတာတွေ ပြုလုပ်နေတာဖြစ်ပြီး ဒီဇင်ဘာလဆန်းကစလို့ အခုရက်ပိုင်း ငွေတောင်းခံရတာတွေ ခပ်စိပ်စိပ်ဖြစ်လာနေတယ်လို့ လည်း မုံရွာဒေသခံတွေက ဆိုပါတယ်။
မုံရွာမြို့က ငွေအထုတ်များတဲ့မြို့ဖြစ်ပြီး မုံရွာကငွေတွေကို မန္တလေးက နေ အသယ်အပို့ အလုပ်နေတာဖြစ်ကြောင်းနဲ့ လမ်းပန်းဆက်သွယ်ရေး မကောင်းတာကြောင့် အခုလို အခက်အခဲဖြစ်နိုင်ကြောင်း ဘဏ်လုပ်ငန်းနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းပဋိပက္ခတွေကြောင့် မန္တလေး မုံရွာကားလမ်းဟာ အရင်လို ငွေသယ်တဲ့ ကားတွေ လုံခြုံရေးကြောင့် သွားလာဖို့ အခက်အခဲရှိလာနေတာဖြစ်ပြီး ဒါကြောင့် အခုလို ငွေထုတ်ယူမှာ ကန့်သတ်တာတွေရှိလာတာဖြစ်တယ်လို့ လည်း မုံရွာ မြို့ခံစီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။








