အသက်လုပြေးနေရတဲ့ ပဲသိမ်းချိန်

ဓာတ်ပုံ ရင်းမြစ်, cj
ပဲစိုက်ပျိုးမှုများတဲ့ မကွေးတိုင်းထဲက တချို့မြို့နယ်တွေမှာဆိုရင် အခုချိန်က ပဲရိတ်သိမ်းတဲ့ကာလ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ အထွက်များပြီး စျေးရတဲ့ ဆီထွက်သီးနှံမြေပဲတွေကို ဒီလိုအချိန် အခင်းထဲက ရိတ်ရတဲ့ကာလလည်း ဖြစ်ပါတယ်၊
မကွေးတိုင်း ၊ မြိုင်မြို့နယ်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်ကစပြီး စစ်ကြောင်းထိုးခံနေရတဲ့ နှောပင်ကျေးရွာအပါဝင် ကျေးရွာ ၇ ရွာလောက် ထွက်ပြေးတိမ်းရှောင်နေကြရတာကြောင့် ရိတ်သိမ်းချိန်ရောက်နေတဲ့ ပဲတွေ မရိတ်သိမ်းနိုင်ကြသေးပါဘူး။
“အခင်းထဲက အပင်တွေက ရင့်ပြီးအောက်ကို ပြန်ကုန်ပြီ ၊နုတ်လက်စ တန်းလန်းတွေလဲ ထားပစ်ခဲ့ရတယ်၊ အသက်ဘေးလုပြေးနေရတဲ့ အချိန်မှာ သီးနှံတွေ ဘယ်လောက်ဆုံးရှုံးတယ်ဆိုတာထက် ကွဲသွားတဲ့လူတွေစုံကြရဲ့လား ဆိုတာ အဓိကဖြစ်နေတယ်” လို့ နှောပင်ဒေသခံတစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cj
ဒီဒေသထဲ မကြာခဏ စစ်ကြောင်းထိုးခံနေရတဲ့ကြားကပဲ ပြီးခဲ့တဲ့ မေလလောက် ကစပြီး အန္တရာယ်တွေကြားကနေ စိုက်ပျိုးထားခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီနှစ် စိုက်ပျိုးရာသီမှာ စိုက်ပျိုးစရိတ်တွေ၊ အခြားသွင်းအားစု ကုန်ကျစရိတ်တွေ မြင့်တက်ခဲ့တာကြောင့် ပြီးခဲ့တဲ့ နှစ်တွေထက် နှစ်ဆ ပိုကုန်ခဲ့ကြတယ်လို့ တောင်သူတွေက ပြောပါတယ်။
ဒီနှစ်က မြေပဲက စပေါ်ပေါ်ခြင်း တပိဿကို ကျပ် ၆၀၀၀ လောက်ရပေမဲ့ အခုရက်ပိုင်းမှာတော့ စျေးတွေငြိမ်နေတယ်လို့ ပဲစိုက်တောင်သူတွေက ပြောပါတယ်။
လာမယ့် လပိုင်းတွေအတွင်းမှာ ပဲစဥ်းငုံနဲ့ အခြားပဲတွေ ရိတ်သိမ်းမယ့် ရာသီကို ရောက်လာမှာဖြစ်ပြီးတော့ အဲဒီကာလမှာလည်း စစ်ကြောင်းထိုးတာတွေကြောင့် ရိတ်သိမ်းဖို့ အခက်အခဲတွေရှိနိုင်တယ်လို့ ကန့်ဘလူမြို့ကဒေသခံတစ်ဦးက ရှင်းပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မြန်မာနိုင်ငံမှာ ပဲမျိုးစုံ အဓိကတင်ပို့ရောင်းချရာ ကုန်စည်ဒိုင်တစ်ခုဖြစ်တဲ့ မုံရွာ ကုန်စည်ဒိုင်မှာလည်း အရောင်းအဝယ်တွေအေးနေတယ်လို့ ကုန်သည်ပွဲစား တစ်ဦးကပြောပါတယ်။
တိုက်ပွဲဖြစ်တဲ့ နေရာတွေဖြစ်နေပြီး မဖြစ်တဲ့နေရာတွေကတော့ မုံရွာမြို့ပေါ်ကို မရ ရတဲ့နည်းနဲ့ ရောက်လာကြပြီး ရောင်းချကြတယ်လို့ မုံရွာမြို့ခံ ကုန်သည်ပွဲစားတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေက ဒေါ်လာစျေး အပြောင်းအလဲ၊ နိုင်ငံရေး အခြေအနေနဲ့ ပို့ကုန်မူဝါဒတွေကြောင့် ကုန်စည်ဒိုင်မှာ ပဲစျေးတွေ အပြောင်းအလဲမြန်ခဲ့ပေမယ့် အခုရက်ပိုင်းတော့ သိပ်မပြောင်းဘူးလို့ဆိုပါတယ်။
“ အခုရက်ပိုင်း မုံရွာကို မြေပဲဆံ တွေဝင်တယ် အောက်တိုဘာ ၂၉ ရက် ကုန်စည်ဒိုင်စျေးက တပိဿကို ၄၉၀၀ ကျပ်ပေါက်တယ်၊ အောက်တိုဘာ ၃၀ နဲ့ ၃၁ ရက်က ဒိုင်ပိတ်လို့ စျေးမဖွင့်ဘူးလို့ ကုန်သည်ပွဲစားတစ်ဦးက ပြောပါတယ်။
ပဲမျိုးစုံ စျေးတွေဟာပြီးခဲ့တဲ့ နှစ်ကထက်စာရင် ဒီနှစ်စျေးတွေပိုရတယ်လို့ ဆိုပေမဲ့ ဒီဇယ် ဓာတ်မြေသြဇာအပါအဝင် သွင်းအားစုတွေ စျေးမြင့်တက်လာတာနဲ့ ငွေကြေးဖောင်းပွမှုတွေ မြင့်လာတာကြောင့် စျေးရပေမယ့်လည်းတောင်သူအတွက် အကျိုးမများလှဘူး လို့ဆိုပါတယ်။
အခုလို အကျိုးမများရတဲ့ကြားထဲ ပဲမရိတ်ရဘဲ ထွက်ပြေးနေရလို့ ငွေအား လူအား နဲ့စိုက်သမျှ အကုန်ဆုံးရှုံးရတယ်လို့ တောင်သူတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
မြေပဲသာမက မြန်မာနိုင်ငံရဲ့ ပြည်ပပို့ကုန်ထဲအဓိကဖြစ်တဲ့ ပဲစဉ်းငုံနဲ့ ကုလားပဲတွေကို မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ စိုက်ပျိုးတာဖြစ်တဲ့အတွက် လက်ရှိနိုင်ငံရေးအခြေအနေတွေအရ ပဲမျိုးစုံ စိုက်ပျိုးဧက လျော့နည်းပြီး အထွက်နှုန်းလျော့နည်းနိုင်တယ်ဆိုတဲ့ခန့်မှန်းချက်တွေရှိနေပါတယ်။
မြိုင်မြို့နယ် အရှေ့ပိုင်းကျေးရွာတွေကနေ စိုက်ပျိူးတဲ့ ပဲအပါဝင် ယာထွက်သီးနှံတွေဟာ စစ်အာဏာမသိမ်းခင်က ရန်ကုန်၊ မန္တလေး၊ မုံရွာ စတဲ့ မြို့တွေကိုပါ တင်ပို့ရောင်းချနိုင်ခဲ့ပေမဲ့ အခုချိန်မှာတော့ လမ်းကြောပိတ်ဆို့တာတွေကြောင့် တင်ပို့နိုင်တဲ့အခြေအနေလည်း မရှိနိုင်တော့ဘူးလို့ တောင်သူတွေက ပြောကြပါတယ်။
မကွေးနဲ့ကပ်နေတဲ့ စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းတိုင်းထဲမှာလည်း စပါးနဲ့ ပဲခင်းတွေလည်း ရိတ်သိမ်းဖို့ အချိန်က နီးကပ်နေပါပြီ။
ရိတ်သိမ်းဖို့ခက်နေတဲ့ ဒီအခြေအနေမှာ နဂိုသိမ်းထားတဲ့ သီးနှံတွေကလည်း လုံခြုံမှုမရှိတော့ဘူးလို့ ကန့်ဘလူဒေသခံတွေကပြောကြပါတယ်။
စစ်ကြောင်းထပ်ထိုးလာရင် သီးနှံတွေရိတ်သိမ်းခွင့် မရမှာကို စိုးရိမ်သလို ရိတ်သိမ်းပြီးရင်လည်း စစ်ကြောင်း က မီးရှို့တာ၊ သယ်ယူတာတွေရှိတာကြောင့်လည်း ဆုံးရှုံးမှာ စိတ်ပူနေရတယ်လို့ကန့်ဘလူမြို့နယ်၊ရှမ်းကက်ကျေးရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။
အခုလို အခက်အခဲတွေတောင်သူတွေဘက်မှာ ရှိနေပေမဲ့ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းတာဝန်ရှိသူအချို့ကတော့ အထွက်နှုန်းကျနိုင်ပေမဲ့ ပြည်ပပို့ကုန်အတွက် ကြီးမားတဲ့ သက်ရောက်မှုမျိုး မရှိနိုင်ဘူးလို့ သုံးသပ်နေကြပါတယ်။








