တရုတ်-မြန်မာနယ်စပ်မှာ မြေတူးတာနဲ့ ပတ်သက်လို့ ပိုင်နက်အငြင်းပွား

ဓာတ်ပုံ ရင်းမြစ်, SNDP, Nam Kham
တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲက မြန်မာပိုင်နက် နယ်မြေထဲကို တရုတ်ဘက်က ကျုးကျော်ဝင်ရောက် မြေတူးတယ်ဆိုကာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အပါအဝင် ဒေသဆိုင်ရာလူမှု အဖွဲ့အစည်းတွေက ကန့်ကွက်ခဲ့ပါတယ်။
ဒါ့အပြင် ပြည်ထောင်စု အစိုးရကိုလည်း ကိုင်တွယ်ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။
တရုတ်-မြန်မာနယ်စပ် မြန်မာပိုင်နက်ထဲက နမ့်ခမ်းမြို့နယ်၊ နောင်ခမ်းကျေးရွာထဲမှာ အောက်တိုဘာ ၉ ရက်နေ့ ညပိုင်းက တရုတ်ဘက်က မြေတူးစက်နဲ့ ဝင်ရောက်မြေတူးတာတွေ လုပ်ခဲ့တာဖြစ်ပါတယ်။
အရပ်ဝတ်ဝတ်ထားတဲ့ တရုတ် ၄ဦးက မြန်မာပိုင်နက်ထဲကို ပေ ၆၀ လောက် ကျော်လွန်ဝင်ရောက်ပြီး မြေတူးခဲ့တာလို့ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီရဲ့ နမ့်ခမ်းမြို့နယ် ဥက္ကဋ္ဌ ဒေါက်တာစိုင်းကျော်အုန်းက ပြောပါတယ်။
မြေတူးတာကို ရပ်ဖို့ နောင်ခမ်းကျေးရွာ အုပ်ချုပ်ရေးမှူးက တရုတ်နယ်စပ်မြို့ နောင်တောင်းက တရုတ်အာဏာပိုင်တွေဆီ အကြောင်းကြားပြီး တောင်းဆိုခဲ့ရတယ် ဆိုပြီးတော့လည်း ဒေါက်တာ စိုင်းကျော်အုန်းက ပြောပါတယ်။
" သူတို့လာကြည့်တယ်ဗျ။ နောင်တောင်းက တာဝန်ရှိတဲ့သူက အတိအကျမသိဘူးတဲ့။ကျူးကျော်လား မကျုးကျော်လားပေါ့။ ကျွန်တော်တို့ဘက်ကတော့ ခဏရပ်ပေးပါ သက်ဆိုင်ရာအထက်ကို တင်ပြပြီးမှ ပြောတာပေါ့လို့ ပြောထားတယ် " ဟု ဒေါက်တာ စိုင်းကျော်အုန်းက ဆိုပါတယ်။
နမ့်ခမ်းအပါအဝင် တရုတ်-မြန်မာ နယ်စပ်မြို့တချို့ ဖြစ်တဲ့ မူဆယ်၊ ချင်းရွှေဟော်၊ ပန်ဆန်း ကျူကုတ် စတဲ့ နေရာတွေမှာ နယ်နိမိတ်ပိုင်နက်နဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ အရင်က ဖြစ်ခဲ့ဖူးပြီး မြန်မာဘက်က သံတမန်နည်းလမ်းအရ ညှိနှိုင်း ဖြေရှင်းရတာတွေလည်း ရှိခဲ့ပါတယ်။
အခုနမ့်ခမ်းက မြန်မာပိုင်နက်ထဲကို တရုတ်ဘက်က ဝင်ရောက်မြေတူးတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ မြန်မာအစိုးရ ဘက်က နိုင်ငံခြားရေးဝန်ကြီးဌာန နယ်နိမိတ်ရေးရာဌာနရဲ့ ညွှန်ကြားရေးမှူး ဦးသိန်းမင်းထွန်းက " ဒါမျိုးဖြစ်တယ်ဆို မှန်မမှန် အတည်ပြုဖို့လိုတာပေါ့နော်။ နယ်နိမိတ်ကြောင်းက ဘယ်လိုသွယ်တန်းတာတုန်း ဘယ်နေရာတုန်းဆိုတာ တိတိကျကျ သိဖို့လိုတယ် ။ လေ့လာမယ် ဟုတ်လားမဟုတ်လား ။ ဟုတ်တယ်ဆိုရင် ကန့်ကွက်မယ် " လို့ပြောပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနဲ့ ရှမ်းအခြေစိုက်လူမှုအဖွဲ့တွေကတော့ နမ့်ခမ်းအပါအဝင် တရုတ်-မြန်မာနယ်စပ် ရွှေလီချိုင့်ဝှမ်းတလျှောက်မှာ တရုတ်ဘက်က မြန်မာပိုင်နက်ထဲကို ဝင်ရောက် ကျူးကျော်မှုတွေ မကြာခဏဖြစ်လေ့ရှိလို့ ပြည်ထောင်စုအစိုးရက ကိုင်တွယ် ဆောင်ရွက်ပေးပါ ဆိုပြီးတော့လည်း တိုက်တွန်းထားတဲ့စာကို နိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင် အစိုးရရုံးတွေကို ပေးပို့ထားပါတယ်။










