တရုတ်-မြန်မာနယ်စပ်က မြန်မာ့ပိုင်နက်ထဲ တရုတ်မြေဝင်တူး အပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ ရင်းမြစ်, SNDP, Nam Kham
မြန်မာ့ပိုင်နက်ထဲ တရုတ်မြေဝင်တူး
တရုတ်- မြန်မာနယ်စပ်မှာရှိတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲက မြန်မာပိုင်နက် နယ်မြေထဲကို တရုတ်ဘက်က ကျူးကျော်ဝင်ရောက်မြေတူးတယ်ဆိုကာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အပါအဝင် ဒေသဆိုင်ရာလူမှု အဖွဲ့အစည်းတွေက ကန့်ကွက်ခဲ့ပါတယ်။
ဒါ့အပြင် ပြည်ထောင်စု အစိုးရကိုလည်း ကိုင်တွယ်ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။
တရုတ်-မြန်မာနယ်စပ် မြန်မာပိုင်နက်ထဲက နမ့်ခမ်းမြို့နယ်၊ နောင်ခမ်းကျေးရွာထဲမှာ အောက်တိုဘာ ၉ ရက်နေ့ ညပိုင်းက တရုတ်ဘက်က မြေတူးစက်နဲ့ ဝင်ရောက်မြေတူးတာတွေ လုပ်ခဲ့တာဖြစ်ပါတယ်။
အရပ်ဝတ်ဝတ်ထားတဲ့ တရုတ် ၄ဦးက မြန်မာပိုင်နက်ထဲကို ပေ ၆၀ လောက် ကျော်လွန်ဝင်ရောက်ပြီး မြေတူးခဲ့တာလို့ ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီရဲ့ နမ့်ခမ်းမြို့နယ် ဥက္ကဋ္ဌ ဒေါက်တာစိုင်းကျော်အုန်းက ပြောပါတယ်။
မြေတူးတာကို ရပ်ဖို့ နောင်ခမ်းကျေးရွာအုပ်ချုပ်ရေးမှူးက တရုတ်နယ်စပ်မြို့ နောင်တောင်းက တရုတ်အာဏာပိုင်တွေဆီ အကြောင်းကြားပြီး တောင်းဆိုခဲ့ရတယ်ဆိုပြီးတော့လည်း ဒေါက်တာ စိုင်းကျော်အုန်း က ပြောပါတယ်။
နမ့်ခမ်းအပါအဝင် တရုတ်-မြန်မာနယ်စပ်မြို့တချို့ဖြစ်တဲ့ မူဆယ်၊ ချင်းရွှေဟော်၊ ပန်ဆန်း ကျူကုတ်စတဲ့ နေရာတွေမှာ နယ်နိမိတ်ပိုင်နက်နဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ အရင်ကဖြစ်ခဲ့ဖူးပြီး မြန်မာဘက်က သံတမန်ရေးနည်းလမ်းအရ ညှိနှိုင်းဖြေရှင်းရတာတွေလည်း ရှိခဲ့ပါတယ်။
ထိုင်းဘတ် သန်း၄၅၀ မူးယစ်ဆေးဝါးဖမ်းမိ
ထိုင်းနိုင်ငံ မဲဆောက်ကနေ ဘန်ကောက်သွားမယ့် အီစူးဇူးအမျိုးအစား ကုန်ကားအလွတ်ကို ဟွေ့ယအုဂိ်တ်မှာ စစ်ဆေးရင်း တရုတ်စာနဲ့ အင်္ဂလိပ်စာတန်း ပါ လဘက်ခြောက်ထုပ်တွေထဲက ယာအိုက်စ် လို့ခေါ်တဲ့ မူးယစ်ဆေးဝါး ကီလို ၁၅၀ဝ ကို ထိုင်းမူးယစ်နှိမ်နင်းရေး အဖွဲ့က အောက်တိုဘာ ၁၈ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေဟာ တန်ဖိုးအားဖြင့် ထိုင်းဘတ် သန်း ၄၅၀ ဖိုးရှိတယ်လို့ ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေး တပ်ဖွဲ့ ရာဖြတ် အရာရှိတွေက ဆိုပါတယ်။
ယာအိုက်စ်၊ ယာဘတွေကို အရင်တုန်းက ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းရိုင်၊ ချင်းမိုင်၊ ထိုင်း-လာအို နယ်စပ်တွေဖက်မှာပဲ မကြာခဏ ဖမ်းဆီးရမိတာတွေရှိပေမယ့် အခုနောက်ပိုင်း ၃နှစ်လောက်မှာတော့ မဲဆောက်ကနေ ဘန်ကောက်သွားတဲ့ လမ်းကြောင်းမှာ မကြာခဏ ဖမ်းဆီးရမိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
စပိန်နိုင်ငံ ကတ်တလိုနီးယားမှာ လူငါးသိန်းဆန္ဒပြ
ကတ်တလန်ခွဲထွက်ရေး ခေါင်းဆောင်တွေကို ထောင်ဒဏ်နှစ်ရှည်ချလိုက်တာကို မကျေနပ်တာကြောင့် စပိန်နိုင်ငံ ကတ်တလိုနီးယားမှာ လူငါးသိန်းခန့်ဟာ လမ်းပေါ်ထွက်ပြီး ဆန္ဒပြဆူပူခဲ့ကြပါတယ်။
ဆန္ဒပြသူတွေထဲက လူငယ် တချို့ကတော့ဟန့်တား ပိတ်ဆို့ထားတဲ့ အတားအဆီးတွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရဲတွေက မျက်ရည်ယိုဗုံးအသုံးပြု နှိမ်နင်းခဲ့တာကြောင့် ညအချိန်မှာ မီးခိုးလုံးတွေနဲ့ မှောင်မည်းနေပါတယ်။
ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ အကြမ်းဖက်မှုနဲ့ ပတ်သက်မှုအတွက် အပြစ်ရှိသူတွေကို ထောင်ဒဏ် ခြောက်နှစ်အထိ ချမှတ်မယ်လို့ စပိန်ပြည်ထဲရေးဝန်ကြီး ဖာနန်ဒိုက သတိပေး ပြောဆိုပါတယ်။
ကတ်တလန်အုပ်ချုပ်ရေးခေါင်းဆောင် ကင်းတိုရာကတော့ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြသူတွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး သူတို့ အနေနဲ့ တဆင့်ချင်းတဆင့်ချင်းအောင်မြင်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဂျပန်ဧကရာဇ် နန်းတက် စီတန်းလှည့်လည်ပွဲ မုန်တိုင်း ကြောင့် ရက်ရွှေ့
လွန်ခဲ့တဲ့အပတ်က ဂျပန်နိုင်ငံကို ဝင်ရောက်ခဲ့တဲ့ အင်အားပြင်းတိုင်ဖွန်း မုန်တိုင်းကြောင့် ဂျပန်ပြည်သူတွေ ထိခိုက်ခံစားတာကို စာနာတဲ့အနေနဲ့ ဂျပန်ဧကရာဇ်အသစ်ရဲ့ နန်းတက်စီတန်းလှည့်လည်ပွဲကို နိုဝင်ဘာ ၁၀ ရက်နေ့ထိ ရွှေ့ဆိုင်းလိုက်ပါတယ်။
ဒီလို ရက်ရွှေ့ပြောင်းမယ့်ကိစ္စနဲ့ ပတ်သက်လို့ အောက်တိုဘာ ၁၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့အစည်း အစည်းအဝေးပွဲမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
နန်းတက်စီတန်းပွဲကို မူလက အောက်တိုဘာ ၂၂ ရက်နေ့မှာ ဧကရာဇ်နန်းတော် မှ အာကာဆာနန်းတော်အထိ ငါးကီလိုမီတာခန့် စီတန်းလှည့်လည်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
နန်းတက်ပွဲအခမ်းအနားနဲ့ ဂုဏ်ပြုညစာစားပွဲကိုတော့ မူလသတ်မှတ်ထားတဲ့ အောက်တိုဘာ ၂၂ ရက်နေ့မှာပဲ ပြုလုပ်သွားမှာဖြစ်ပါတယ်။









