အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ကျိုင်းတုံဆွေးနွေးပွဲစတင်တဲ့အကြောင်းအပါအဝင် စက်တင်ဘာ ၁၇ ရက်နေ့ မနက်ခင်းသိသင့်တဲ့သတင်းများ

ရေးသားခဲ့သည်။

(၁) အစိုးရနဲ့ မြောက်ပိုင်း ၄ ဖွဲ့ဆွေးနွေးပွဲ စတင်

ကချင်အဖွဲ့ KIO/KIA အပါအဝင် တအာင်း၊ ကိုးကန့် ၊ ရခိုင် စတဲ့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ ကျိုင်းတုံက Amazing Resort ဟိုတယ်မှာ ဒီကနေ့မနက် တွေ့ဆုံဆွေးနွေးနေပါတယ်။

ပထမအကြိမ်ကျိုင်းတုံဆွေးနွေးပွဲမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, NRPC

ဓာတ်ပုံ ပုံစာ, ပထမအကြိမ်ကျိုင်းတုံဆွေးနွေးပွဲမြင်ကွင်း

ဒီဆွေးနွေးပွဲမှာ တပ်မတော်ဘက်က ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်တဲ့ ကိုယ်စားလှယ် ၃ ဦးနဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်ဘက်က ရှေ့နေချုပ်ဦးထွန်းထွန်းဦး ဦးဆောင်တဲ့ ကိုယ်စားလှယ် ၄ ဦးတို့ တက်ရောက်နေပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ကိုတော့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က အထွေထွေအတွင်းရေးမှူး ဦးလနန်ဦးဆောင်ပြီး ကိုးကန့်၊ တအာင်းနဲ့ ရခိုင်အဖွဲ့က အဆင့်မြင့်ကိုယ်စားလှယ်တွေ တက်ရောက်နေပါတယ်။

ဒီနေ့ဆွေးနွေးပွဲမှာ တပ်မတော်ကိုယ်စားလှယ်တွေ ပါဝင်တဲ့အတွက် ပထမအကြိမ် ကျိုင်းတုံဆွေးနွေးပွဲထက် ပိုထူးခြားမယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ဦးမြင့်စိုးက ဘီဘီစီကို ပြောပါတယ်။

ဆွေးနွေးပွဲ ရလဒ်မကောင်းရင် အန္တရာယ်ရှိတယ်လို့ သမ္မတရုံးညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက ဆိုပါတယ်။ ဒါပေမဲ့ ရလဒ်ကောင်းတွေ မျှော်လင့်ထားပြီး လက်နက်ကိုင်လေးဖွဲ့စလုံးနဲ့ ပဏာမသဘောတူညီချက်တွေ လက်မှတ်ရေးထိုးနိုင်ဖို့ကို သူက မျှော်လင့်ပါတယ်။

တပ်မတော်ဘက်က အပစ်ရပ်စဲထားတဲ့ကာလ ထပ်တိုးမတိုးနဲ့ တိုက်ပွဲတွေလျှော့ချနိုင်ဖို့က ဒီကနေ့ ဆွေးနွေးပွဲပေါ်မူတည်နေပြီး အဆင်ပြေရင် ဆွေးနွေးပွဲရက်ထပ်တိုးနိုင်တယ်လို့ ဆွေးနွေးပွဲဖြစ်မြောက်ရေး ညှိနှိုင်းပေးတဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ပြောကြားထားပါတယ်။

အစိုးရနဲ့ မြောက်ပိုင်းလေးဖွဲ့ဟာ နှစ်ဖက်အပစ်ရပ်ရေးသဘောတူညီချက် ရဖို့ ဆွေးနွေးနေတာ ရှစ်လကြာခဲ့ပြီဖြစ်ပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို KIO က ဦးဆောင်တက်ရောက်မှာဖြစ်

ဓာတ်ပုံ ရင်းမြစ်, NRPC

ဓာတ်ပုံ ပုံစာ, မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို KIO က ဦးဆောင်တက်ရောက်မှာဖြစ်

ပြီးခဲ့တဲ့ သြဂုတ်လလယ်မှာတော့ ပြင်ဦးလွင်အပါအဝင် ရှမ်းမြောက်မှာ မြောက်ပိုင်းအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေ ဖြစ်လာခဲ့တဲ့နောက် တိုက်ပွဲတွေလျှော့ချဖို့ ဒီလေးဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်တွေ ကျိုင်းတုံမှာ ပထမအကြိမ် တွေ့ဆုံခဲ့ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမစခင် မနေ့က ညနေပိုင်းအထိ နမ့်ဆန်မှာ တပ်မတော်နဲ့ တအောင်းအဖွဲ့တို့ တိုက်ပွဲတွေပြင်းထန်နေပြီး မနေ့ကတိုက်ပွဲမှာ အရပ်သားကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်တာ ရက်ကြာလာနဲ့အမျှ စစ်ဘေးရှောင်အရေအတွက် တိုးလာနေပါတယ်။

ဒါ့အပြင် ရခိုင်မှာလည်း တပ်မတော်နဲ့ AA အဖွဲ့ကြား တိုက်ပွဲတွေဖြစ်နေပြီး စက်တင်ဘာ ၁၅ ရက်မှာ လက်နက်ကြီးထိမှန်တဲ့အရပ်သားတစ်ဦး သေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

(၂) ကုလညီလာခံကို မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဖို့ရှိ

ဒီကနေ့မှာ စတင်ကျင်းပဖို့ရှိတဲ့ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ ခေါင်းဆောင်တဲ့ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဖို့ရှိနေပါတယ်။

ညီလာခံကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ စက်တင်ဘာ ၁၇ ရက်မှာ ကျင်းပဖို့ရှိပြီး ဝန်ကြီးဦးကျော်တင့်ဆွေက မြန်မာ့အရေး မိန့်ခွန်းတစ်ရပ်ပြောကြားမှာဖြစ်ပါတယ်။

ဒီညီလာခံမတိုင်ခင် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်က မနေ့က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာခြောက်သိန်းလောက်ဟာ လူမျိုးတုံးသတ်ဖြတ်မှုအန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ သတိပေးထားပါတယ်။

ဒါကြောင့် ၂၀၁၇ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း တပ်မတော်က နယ်မြေရှင်းလင်းချိန် ဘင်္ဂလားဒေ့ရှ်ဘက်ကိုရောက်သွားတဲ့ ရိုဟင်ဂျာတစ်သန်းလောက် နေရပ်ပြန်လာဖို့မဖြစ်နိုင်ဘူးလို့ ကုလသမဂ္ဂက ပြောပါတယ်။

အရင်ထုတ်ပြန်ထားတဲ့ ကုလသမဂ္ဂအစီရင်ခံစာတွေမှာ ဘင်္ဂလားဒေ့ရှ်ဘက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေအကြောင်းသာ ဖော်ပြလေ့ရှိပေမယ့် အခုနောက်ဆုံးထုတ်ပြန်တဲ့စုံစမ်းစစ်ဆေးမှုမှာတော့ မြန်မာနိုင်ငံထဲ ကျန်ရှိနေသူတွေရဲ့အခြေအနေကို တင်ပြထားပါတယ်။

ဒါနဲ့ပတ်သက်လို့ မြန်မာဘက်က တာဝန်ရှိသူတွေကို ခေါ်ယူစစ်ဆေးဖို့ ကုလသမဂ္ဂက တိုက်တွန်းထားပါတယ်။

အခု တွေ့ရှိချက်ကိုတော့ တစ်ဖက်သက်ဆန်တဲ့စွပ်စွဲချက်ဖြစ်တယ်လို့ မြန်မာအစိုးရက ပယ်ချထာပြီး ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ပတ်သက်လို့ ညီလာခံမှာ ဆွေးနွေးမယ့်အစီအစဉ်ပါဝင်တယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။

(၃) မြဝတီမှာ တရားမဝင်နိုင်ငံခြားသားစိစစ်ရေးကော်မတီကို မြို့ခံတွေနဲ့ ဖွဲ့စည်း

မြဝတီမြို့မှာ တရုတ်အပါအဝင် တရားမဝင်နိုင်ငံခြားသားတွေ ဝင်ရောက်နေထိုင်မှုကို စိစစ်မယ့် ကော်မတီတစ်ရပ်ကို မြို့ခံတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒီရက်ပိုင်းမှာ ဖွဲ့စည်းလိုက်ပါတယ်။

မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့မှာ ပြီးခဲ့တဲ့စက်တင်ဘာ ၁၃ ရက်က တရုတ်နိုင်ငံသားတချို့ မူးယစ်ရမ်းကားပြီး လူမြင်ကွင်းမှာ မဖွယ်မရာပြုလုပ်တာကြောင့် ဒေသခံတွေ ဒေါသထွက်ပြီး ပဋိပက္ခဖြစ်မယ့်အခြေအနေ ဖြစ်ခဲ့ပါတယ်။

မြို့ခံတွေပါတဲ့ကော်မတီက တရားမဝင်နိုင်ငံခြားသားအဝင်အထွက်တွေကို စုံစမ်းစိစစ်မှာဖြစ်

ဓာတ်ပုံ ရင်းမြစ်, MYAT KO KO HLAING

ဓာတ်ပုံ ပုံစာ, မြို့ခံတွေပါတဲ့ကော်မတီက တရားမဝင်နိုင်ငံခြားသားအဝင်အထွက်တွေကို စုံစမ်းစိစစ်မှာဖြစ်

ဒီကော်မတီက မြို့တွင်းမှာ နိုင်ငံခြားသားတွေ ဥပဒေမဲ့လုပ်ကိုင်ဆောင်ရွက်တာတွေကို စုစည်းပြီး သက်ဆိုင်ရာအာဏာပိုင်တွေဆီ တင်ပြမှာဖြစ်ပါတယ်။ ဒါ့အပြင် မြို့တွင်းက တရုတ်စာတမ်းပါ ဆိုင်းဘုတ်တွဖြုတ်ချပေးဖို့ကိုလည်း မြို့ခံတွေက လိုလားနေပါတယ်။

ဒီကော်မတီဖွဲ့စည်းတာကိုကြိုဆိုပြီး မြို့ခံတွေပူးပေါင်းလာတာကြောင့် တရားမဝင်နိုင်ငံခြားသားတွေ မြို့ထဲဝင်နေထိုင်တဲ့ပြဿနာကို ဒီထက်ပိုထိထိရောက်ရောက်ဖြေရှင်းနိုင်မယ်လို့ ကရင်ပြည်နယ်လွှတ်တော်အမတ် ဦးသန့်ဇင်အောင်က ဘီဘီစီကို ပြောပါတယ်။

မြဝတီမြို့မှာရှိတဲ့ ဒေသတွင်းစီမံကိန်းတွေကြောင့် တရုတ်တွေဝင်ရောက်လာပြီး ပရမ်းပတာနေထိုင်မှုတွေအများကြီးရှိလာနေတယ်လို့လည်း သူက ဆိုပါတယ်။

(၄)အာဖဂန်မှာအရပ်သားသေဆုံးမှုနှုန်းမြင့်တက်

အာဖဂန်နစ္စတန်နိုင်ငံမှာ အရပ်သားတွေ သေဆုံးမှုနှုန်းဟာ အရင်က ထင်ထားတာတက် ပိုပြီး မြင့်မားနိုင်တယ်ဆိုတာကို ဘီဘီစီက ပြုလုပ်တဲ့ သုတေသနတစ်ခုမှာ ဖော်ပြပါတယ်။

ဘီဘီစီက သုတေသနအဖွဲ့ဟာ အာဖဂန်နိုင်ငံထဲက ပဋိပက္ခနဲ့ဆက်နွယ်တဲ့အကြမ်းဖက်မှုဖြစ်စဉ်တိုင်းကို သြဂုတ်လတစ်လလုံး မှတ်တမ်းတင်ခဲ့တာပါ။

အစိုးရဘက်ယိမ်းတဲ့တပ်ဖွဲ့တွေကြောင့် သေဆုံးတဲ့အရေအတွက် ပိုများတယ်ဆိုတာကို ဘီဘီစီသုတေသနအဖွဲက တွေ့ခဲ့ရ
ဓာတ်ပုံ ပုံစာ, အစိုးရဘက်ယိမ်းတဲ့တပ်ဖွဲ့တွေကြောင့် သေဆုံးတဲ့အရေအတွက် ပိုများတယ်ဆိုတာကို ဘီဘီစီသုတေသနအဖွဲက တွေ့ခဲ့ရ

ဒီအတောအတွင်း အရပ်သား ၄၇၃ ဦး သေဆုံးခဲ့တာဖြစ်လို့ ဒါဟာ ပြည်တွင်းစစ် ဖြစ်နေရာ ဆီးရီးယားနဲ့ ယီမင်နိုင်ငံတို့မှာ သြဂုတ်လအတွင်းသေဆုံးတဲ့နှုန်းထက် မြင့်တက်နေတာပါ။

တိကျတဲ့ အချက်အလက်ရရှိနိုင်ရေး ခက်ခဲတာကြောင့် အာဖဂန်နိုင်ငံအတွင်းက အကြမ်းဖက်မှု အတိုင်းအဆအမှန်ကို အပြည့်အဝရရှိဖို့ ခက်ခဲပါတယ်။ အစိုးရဘက်ယိမ်းတဲ့တပ်ဖွဲ့တွေကြောင့် သေဆုံးတဲ့ အရပ်သားအရေအတွက်ဟာ တာလီဘန်လက်နက်ကိုင်တွေကြောင့် သေဆုံးတဲ့အရေအတွက်ထက် ပိုများတယ်ဆိုတာကိုလည်း ဘီဘီစီသုတေသနအဖွဲက တွေ့ခဲ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ တာလီဘန် တိုက်ခိုက်ရေးသမားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် အယောက် ၁၈၀၀ နီးပါးသေဆုံးခဲ့ပါတယ်။

တစ်ဖက်မှာလည်း အမေရိကန် ပြည်ထောင်စုနဲ့ တာလီဘန်တို့ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြက်ပျယ်ခဲ့ပြီဖြစ်လို့ ၁၈ နှစ်ကြာပြည်တွင်းစစ် အဆုံးသတ်မယ့်မျှော်လင့်ချက်တွေ မှေးမှိန်နေပါတယ်။

(၅) ဆော်ဒီရေနံချက်စက်ရုံ တိုက်ခိုက်ခံရမှုနောက်မှာ အီရန်ရှိတယ်လို့ ထရမ့်ပြော

ရေနံဈေးနှုန်း အဆမတန်မြင့်တက်တဲ့အထိ ဖြစ်စေခဲ့တဲ့ ဆော်ဒီရေနံချက်စက်ရုံ ၂ ခု စနေနေ့တုန်းက တိုက်ခိုက်ခံရမှုနောက်ကွယ်မှာ အီရန်နိုင်ငံရှိနေတာ သေချာသလောက်ရှိတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။

ဘာလုပ်ရမယ်ဆိုတာ မဆုံးဖြတ်ခင်မှာ သက်သေခိုင်မာအောင် ရှာဖွေသွားမှာဖြစ်ပြီး စစ်မဖြစ်အောင် ရှောင်နိုင်ဖို့တော့ မျှော်လင့်တယ်လို့လည်း သမ္မတထရမ့်က ဆိုပါတယ်။

အီရန်ဘက်ကတော့ ဒီဖြစ်ရပ်မှာ မပါဝင်ဘူးလို့ ပြတ်ပြတ်သားသား ငြင်းဆိုထားပါတယ်။ တစ်ချိန်တည်းမှာပဲ မြောက်အတ္တလန္တိတ်စာချုပ် မဟာမိတ်အဖွဲ့ (NATO) အထွေထွေအတွင်းရေးမှူးချုပ် စတိုတန်ဘာ့ဂ်ကလည်း ဆော်ဒီရေနံချက်စက်ရုံတွေ မောင်းသူမဲ့ဒရုန်းလေယာဉ်သုံး တိုက်ခိုက်ခံရမှုအပြီး ပင်လယ် ကွေ့မှာ ဖြစ်နေတဲ့ တင်းမာမှုတွေ မြင့်တက်လာမှာကို စိုးရိမ်မိတယ်လို့ ပြင်သစ်သတင်းအေဂျင်စီ AFP နဲ့ တွေ့ဆုံချိန်မှာ ပြောထားပါတယ်။

ဒါ့ပြင် အီရန်နိုင်ငံဟာ ဒေသတွင်းကို မတည်ငြိမ်အောင် လုပ်နေတယ်လို့လည်း သူက စွပ်စွဲထားပါတယ်။