မြဝတီမှာ တရုတ်နိုင်ငံသားတွေရဲ့ ပရမ်းပတာ နေထိုင်မှုတွေ ရှိနေတယ်လို့ လွှတ်တော်အမတ်ပြော

နိုင်ငံတော်သီချင်း

ဓာတ်ပုံ ရင်းမြစ်, Myat Ko Ko Hlaing

ဓာတ်ပုံ ပုံစာ, နိုင်ငံတော်သီချင်း တစ်ရက်နှစ်ကြိမ် လွှင့်ပြီးတစ်မြို့လုံး အလေးပြုတဲ့ မြို့ဖြစ်ပါတယ်
ရေးသားခဲ့သည်။

မြဝတီမြို့မှာ တရုတ်နိုင်ငံသားတွေ ဝင်ရောက်နေထိုင်မှုကို စိစစ်ပြီး ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူပေးဖို့ မြို့ခံတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

မြန်မာ ထိုင်း နယ်စပ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်က တရုတ်နိုင်ငံသားတချို့ မူးယစ်ရမ်းကားပြီး လူမြင်ကွင်းမှာ မဖွယ်မရာ ပြုလုပ်တဲ့ ဖြစ်စဉ်ကြောင့် လူစုလူဝေး ဖြစ်ပွားခဲ့ပြီး ဒေသခံတွေနဲ့ ပဋိပက္ခ ဖြစ်မယ့် အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒီရမ်းကားမှုမှာ ပါဝင်ခဲ့တဲ့ တရုတ်နိုင်ငံသား ၅ ဦးကို ဖမ်းဆီးထားပြီး ဒီဖြစ်စဉ်အပြီးမှာ မြို့ခံ တက်ကြွ လှုပ်ရှားသူတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ ပါဝင်တဲ့ဆွေးနွေးပွဲကို စက်တင်ဘာ ၁၅ ရက်မှာ ပြုလုပ်ပြီး ခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

လူဦးရေ နှစ်ရာကျော် တက်ရောက်ခဲ့တဲ့ ဒီဆွေးနွေးပွဲက ထွက်ပေါ်လာတဲ့ ရလဒ်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေထံ တင်ပြသွားမှာဖြစ်ပြီး စိစစ် ဆောင်ရွက်မှုတွေ မရှိရင် ဒေသခံတွေအနေနဲ့ ဆန္ဒဖော်ထုတ်ဖို့အထိ ဆုံးဖြတ်ထားတယ်လို့ ဆွေးနွေးပွဲ ဦးဆောင်ကျင်းပသူတွေက ပြောပါတယ်။

မြို့တွင်းမှာ နိုင်ငံခြားသားတွေ ဥပဒေမဲ့ လုပ်ကိုင် ဆောင်ရွက်တာတွေကို စုစည်းပြီး သက်ဆိုင် ရာအာဏာပိုင်တွေကို တင်ပြနိုင်မယ့် အရပ်ဘက် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းဖို့၊ နိုင်ငံခြားသားမှန်သမျှ မြန်မာနိုင်ငံရဲ့ လက်ရှိဥပဒေအရ အိမ်ငှားရမ်းနေထိုင်တာ၊ ဈေးဆိုင်ဖွင့်တာတွေကို ခွင့်မပြုဘဲ ဥပဒေနဲ့အညီ ဟိုတယ်တွေမှာသာ နေထိုင်ကြဖို့ စတဲ့ အချက်တွေ ပါဝင်တဲ့ ကြေညာချက်ကို ဒီဆွေးနွေးပွဲမှာ သဘောတူခဲ့ပါတယ်။

တရုတ်တွေဖုန်းဆိုင်ရှေ့လူမြင်ကွင်းအပေါ့သွားရာကနေလူစုလူဝေး ဖြစ်

ဓာတ်ပုံ ရင်းမြစ်, Myat Ko Ko Hlaing

ဓာတ်ပုံ ပုံစာ, တရုတ်တွေဖုန်းဆိုင်ရှေ့လူမြင်ကွင်းအပေါ့သွားရာကနေလူစုလူဝေး ဖြစ်

ဒါတွေကို စုစည်း လက်မှတ်ထိုးပြီး ခရိုင်အုပ်ချုပ်ရေးမှူး အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်နယ်အစိုးရနဲ့ ရဲတပ်ဖွဲ့တို့ထံ ပေးပို့သွားဖို့ စီစဉ်နေပါတယ်။

ဒါ့အပြင် မြဝတီမြို့တွင်းမှာ လက်ရှိ ဖွင့်လှစ်ထားတဲ့ တရုတ်စာတမ်းပါ ဆိုင်းဘုတ်တွေကို ဖြုတ်ချပေးဖို့နဲ့ တကယ်လို့ ဒီဆိုင်တွေက ဥပဒေနဲ့ညီလို့ ခွင့်ပြုထားတာ ဖြစ်တယ်ဆိုရင် မြန်မာစာတမ်းနဲ့သာ ဖွင့်လှစ် ခွင့်ပြုပေးဖို့ တင်ပြ တောင်းဆိုမယ်လို့လည်း သိရပါတယ်။

အဲဒီအချက်တွေ ဖြစ်မလာရင် ဆန္ဒဖော်ထုတ်ဖို့အထိ စဉ်းစားထားတယ်လို့ ဆွေးနွေးပွဲ ပါဝင်သူတွေက ဆိုပါတယ်။

တရုတ်နိုင်ငံသားတွေ ငှားရမ်း နေထိုင်တဲ့ မြဝတီမြို့ ရပ်ကွက် (၄) မှာရှိတဲ့ အိမ်တစ်အိမ်မှာ စက်တင်ဘာ ၁၃ ရက် ညပိုင်းက တရုတ်နိုင်ငံသား အချင်းချင်း စကားများ ရန်ဖြစ်ခဲ့ပြီး သူတို့ထဲက တစ်ဦးက ဒေသခံတစ်ဦးပိုင် ဖုန်းဆိုင်ရှေ့မှာ အော်ဟစ်ဆဲဆိုကာ အပေါ့သွားခဲ့တယ်လို့ မြဝတီမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘီဘီစီကို ပြောပါတယ်။

မြဝတီမြို့မှာ တရုတ်နိုင်ငံသားတွေက သူတို့ရဲ့ စီမံကိန်းလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဝင်ရောက် နေထိုင်မှုတွေရှိပြီး ပရမ်းပတာ နေထိုင်မှုတွေ အများကြီး ဖြစ်လာတာကို စိစစ် အရေးယူဖို့ လုပ်ရမယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာ မြဝတီမြို့ရဲ့ နိုင်ငံခြားသား အဝင်အထွက်တွေကို စိစစ်နေပြီး ခုလို အရပ်ဘက် အဖွဲ့အစည်းတွေ၊ မြို့ခံတွေ ပူးပေါင်းပါဝင်လာတဲ့အတွက် ပိုအားကောင်းလာမယ်လို့ သူက မျှော်လင့်ပါတယ်။

"ဒီကိစ္စ ဖြစ်ပြီးတော့ မြဝတီမြို့၊ ရပ်ကွက် ၁၊ ၂ ၊ ၃၊ ၄၊ ၅ က မြို့ပေါ် ရပ်ကွက်တွေမှာ နေထိုင်တဲ့ တရားမဝင် နေထိုင်မှုတွေကို ပြန်လည် စိစစ်တဲ့အခါ တချို့ကတော့ ဗီဇာနဲ့နေပြီး တချို့ကတော့ ဘာစာရွက်စာတမ်းမှ မရှိဘဲ နေထိုင်နေတာတွေ တွေ့ရတယ်။ စာရွက်စာတမ်း မရှိတဲ့သူတွေကို ငှားထားတဲ့ အိမ်ရှင်တွေကိုလည်း လဝက ပုဒ်မနဲ့ အရေးယူတာတွေ ရှိပါတယ်" လို့ ဦးသန့်ဇင်အောင်က မြဝတီမြို့ရဲ့လတ်တလော အခြေအနေ ကို ပြောပါတယ်။

ပြည်နယ် လဝက ၀န်ကြီးကတစ်ဆင့် နယ်စပ်ပြဿနာတွေကို အရေးယူ ဆောင်ရွက်ပေးဖို့လည်း လွှတ်တော်ဘက်က အကြံပြုထားပြီး ပြည်နယ် အစိုးရဘက်ကလည်း စုံစမ်းစစ်ဆေးမှုတွေ၊ ရှောင်တစ်ခင် စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ဆိုပါတယ်။

တရားမဝင် နေထိုင်သူတွေနဲ့ ပတ်သက်လို့ ဒီထက် အခြေအနေ ဆိုးလာရင်တော့ နှစ်နိုင်ငံ အစိုးရချင်း ပြန်ပြီး ဆွေးနွေးရတာမျိုးတွေ လုပ်ဖို့ လိုလာနိုင်တယ်လို့ သူက ဆိုပါတယ်။