မဲဆောက်မှာ မြန်မာမိသားတစုလုံး အသတ်ခံရ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က ထာ့ဆိုင်လူးဝါသ်ရပ်ကွက်က မြန်မာရွှေ့ပြောင်းအလုပ်သမား မိသားစုတစုလုံးဟာ သူတို့နေထိုင်တဲ့ တဲအိမ်လေးထဲ သေဆုံးနေတာကို ဒီဇင်ဘာလ ၁၆ ရက်နေ့က ထိုင်းရဲတွေက တွေ့ခဲ့ပါတယ်။
အသက် ၄၇ နှစ်အရွယ် ဦးအဒေါရယ်၊ အသက် ၅၄ နှစ်အရွယ် ဇနီးသည် ဒေါ်ခင်လှ နဲ့ ၄ လသားအရွယ် ကလေးငယ်တို့ကို တဲအိမ်လေးထဲမှာ ရိုက်သတ်ခံထားရတာဖြစ်နိုင်ပြီး အသက် ၄ နှစ်အရွယ် ကလေးကိုတော့ ရေအိုင်ထဲမှာ နှစ်သတ်ထားတာ တွေ့ရတယ်လို့ မဲဆောက်ရဲစခန်းအရာရှိတွေက ပြောပါတယ်။
ထိုင်းရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ သူတို့တွေအားလုံးဟာ မနက် ၃ နာရီလောက်ကတည်းက အသတ်ခံထားရဖွယ်ရှိတယ်လို့ ပြောပါတယ်။
တရပ်ကွက်ထဲ အတူနေသူတွေရဲ့ အပြောအရ အသတ်ခံရတဲ့ မိသားစုက ဦးအဒေါရယ် ဆိုသူဟာ ဘေးတဲမှာ နေထိုင်သူ ဦးဆွေ နဲ့ မကြာခဏ အရက်သောက်၊ ထိုးကြိတ် ရိုက်ပုတ်တာတွေ ရှိပြီး အခု သူတို့သေဆုံးချိန်မှာ ဘေးတဲက မိသား တစုလုံးလည်း ရှာမတွေ့တော့ဘူးလို့ ရပ်ကွက်တာဝန်ရှိသူတွေက ပြောပါတယ်။
မဲဆောက်ရဲစခန်းက အမှုလိုက်အရာရှိရဲဗိုလ်ကြီး ဆုမ်းကီယက် အင်ထားထမ်းကတော့ မဲဆောက်လူဝင်မှု ကြီးကြပ်ရေးကတဆင့် မြန်မာဘက် တာဝန်ရှိသူတွေကို ပျောက်ဆုံးနေသူတွေရဲ့ အချက်အလက်တွေကို ပေးပို့ပြီး ဖမ်းဖို့ မေတ္တာရပ်ခံ ထားတယ်လို့ ပြောပါတယ်။
' အများအားဖြင့် မဲဆောက်မှာ မြန်မာအလုပ်သမားတွေဟာ အရက်သောက်ရာကနေ ရန်ဖြစ်ရင်း တယောက်ကို တယောက် သတ်ပြေးတာတွေ ဖြစ်လေ့ရှိကြောင်း၊ မြန်မာအစိုးရ အုပ်ချုပ်မှု သက်ရောက်တဲ့ ဒေသတွေကို ထွက်ပြေး တိမ်းရှောင် လို့ မြန်မာအာဏာပိုင်တွေဘက်က ဖမ်းပေးအရေးယူပေးခဲ့ရတာတွေ ရှိကြောင်း၊ အစိုးရ လက်လှမ်းမမှီတဲ့နေရာတွေကို ထွက်ပြေးလို့ ဖမ်းဆီးအရေးမယူနိုင်ခဲ့တာတွေရှိကြောင်း' ကိုလည်း အမှုလိုက်အရာရှိရဲဗိုလ်ကြီးက ပြောပါတယ်။




