ဂျီ ဆဲဗင်း ဆွေးနွေးပွဲ စတင်

ဓာတ်ပုံ ရင်းမြစ်, AFP
ဂျပန် နိုင်ငံ အီဆေးရှီးမားမှာ ကျင်းပနေတဲ့ စက်မှုထိပ်သီး ညီလာခံ အတွင်း နှေးကွေး နေတဲ့ စီးပွားရေး ကို တိုးတက်အောင် လုပ်ဖို့ နည်းလမ်းတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
အိမ်ရှင်ဂျပန် ကတော့ တရုတ်နဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တောင်တရုတ် ပင်လယ်အရေး ကို ဆွေးနွေးချင်ပါတယ်။
ဒီပိုင်နက် ကိစ္စမှာ ဝင်မစွက်ဖို့ တရုတ် အစိုးရက စက်မှု အင်အားကြီး ၇ နိုင်ငံ အုပ်စုကို သတိပေးထားပါတယ်။
ဥရောပကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ်တုစ်ကလည်း ဒုက္ခသည် အကျပ်အတည်း ဖြေရှင်းရေးမှာ တကမ္ဘာလုံးက ကူညီပေးကြဖို့ ဂျီ ဆဲဗင်း အစည်းအဝေး မှာ ပန်ကြား လိုက်ပါတယ်။
ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ဝင်လာတဲ့အပေါ် ဥရောပ နိုင်ငံတွေရဲ့ တုံ့ပြန်မှုနဲ့ ပတ်သက်လို့ ဝေဖန်နေမယ့် အစား ဘယ်လို ပိုကူညီမလဲ ဆိုတာသာ စဉ်းစားသင့်တယ် လို့ သူက ပြောပါတယ်။
ဒီကိစ္စမှာ ပထဝီ အနေအထား အရ ဥရောပမှာ တာဝန် အများဆုံး ရှိပေမယ့် ဒုက္ခသည် လမ်းကြောင်းက တကမ္ဘာလုံးက လာတဲ့ လမ်းကြောင်း ဖြစ်နေပြီလို့ ဆိုပါတယ်။
ဂျီ ဆဲဗင်း နိုင်ငံတွေ အနေနဲ့ ဒုက္ခသည် နေရာချထားရေး အစီအစဉ်တွေကို ကမ္ဘာတဝှမ်း ဖြန့်ကျက် ဆောင်ရွက် လိုကြောင်းလည်း ပြောကြား ခဲ့ပါတယ်။




