G7 ဒုတိယနေ့ ရာသီဥတု အရေး အဓိကထား

ဓာတ်ပုံ ရင်းမြစ်, AP
ဂျာမနီမှာ ကျင်းပနေတဲ့ စက်မှု အင်အားကြီး ၇ နိုင်ငံ G7 ရဲ့ ထိပ်သီး ဆွေးနွေးပွဲ ဒုတိယနေ့မှာ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးတွေ အကြောင်းကို အဓိကထား ဆွေးနွေး ခဲ့ကြပါတယ်။
ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ပတ်သက်တဲ့ ကိစ္စမှာ စက်မှုခေတ် မတိုင်ခင်က အပူချိန်ထက် ၂ ဒီဂရီ အတွင်းမှာပဲ ရှိအောင် ထိန်းထားဖို့ကို G7 အဖွဲ့ဝင်တွေ သဘောတူကြဖို့ အိမ်ရှင် ဂျာမနီရဲ့ ဝန်ကြီးချုပ် အန်ဂျလာ မာ့ကဲလ်က လိုလား ပါတယ်။
ဒါ့အပြင် ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှု အကျိုးဆက်ကြောင့် ဆိုးကျိုးတွေ ကြုံတွေ့ နေရတဲ့ နိုင်ငံတွေ အတွက်လည်း G7 နိုင်ငံတွေက ရန်ပုံငွေ ထောက်ပံ့ဖို့ အန်ဂျလာ မာ့ကဲလ်က တောင်းဆို နေပါတယ်။
ထိပ်သီး ဆွေးနွေးပွဲမှာ နိုင်ဂျီးရီးယား၊ တူနီးရှား၊ အီရတ် ခေါင်းဆောင်တွေနဲ့လည်း အစွန်းရောက် အကြမ်းဖက်မှု အန္တရာယ်နဲ့ ပတ်သက်ပြီး သီးခြား ဆွေးနွေး ခဲ့ကြပါတယ်။
ဂျာမနီ ဝန်ကြီးချုပ် မစ္စက် မာ့ကဲလ် လက်ခံ ကျင်းပတဲ့ G7 ထိပ်သီး ဆွေးနွေးပွဲကို အဖွဲ့ဝင်တွေ ဖြစ်တဲ့ အမေရိကန်၊ ယူကေ၊ ဂျပန်၊ ပြင်သစ်၊ ကနေဒါနဲ့ အီတလီ နိုင်ငံတွေက ခေါင်းဆောင်တွေ တက်ရောက် နေကြပါတယ်။




