တာလီဘန် လက်ချက်နဲ့ အစိုးရစစ်သား ရာဂဏာန်းနီးပါး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Reuters
အာဖဂန်နစ္စတန် နိုင်ငံ တောင်ပိုင်း ဟယ်လ်မန် နယ်ထဲမှာ ပြီးခဲ့တဲ့ နှစ်ရက် အတွင်း တာလီဘန် တွေနဲ့ တိုက်ခိုက် ပြီး သေဆုံးခဲ့ရတဲ့ အစိုးရ စစ်သား အနည်းဆုံး ၉၀ ရှိတယ် လို့ ဟယ်လ်မန် ပြည်နယ် ရဲ့ လက်ထောက် အုပ်ချုပ်ရေးမှုး က ဆိုပါတယ်။
အဲဒီ လက်ထောက် အုပ်ချုပ်ရေးမှုး Mohammad Jan Rasoulyar ဟာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် ကနေ အာဖဂန် သမ္မတ ဆီကို အိပ်ဖွင့် ပေးစာ ရေးခဲ့တာ ဖြစ်ပါတယ်။
စာထဲမှာ အာဖဂန် နယ် ၃ နယ် တာလီဘန် တွေ လက်ထဲ ကျရောက် သွားပြီ ဖြစ်ပြီး၊ ကျရောက်လု ဆဲဆဲ ဒေသ နှစ်ခုလည်း ရှိနေတယ် လို့ ဆိုထားပါတယ်။
မြို့တော် ကာဘူးလ် က အာဖဂန် ဗဟို အစိုးရ ဆီက ဘယ်လို အကူအညီမှ မရဘူး ဆိုပြီး မစ္စတာ Rasoulyar က ပြစ်တင် ထားသလို၊ နောက်ထပ် အသက်တွေ မဆုံးရှုံးရအောင် ချက်ခြင်း တာဝန်ယူ ဆောင်ရွက်မှုတွေ ပြုလုပ် ပါ ဆိုပြီး တော့လည်း သမ္မတ အာရှရတ်ဖ် ဂါနီ ကို တိုက်တွန်း ထားပါတယ်။




