ခွန်ဒုဇ်မြို့ကို ပြန်သိမ်းဖို့ တိုက်ပွဲတွေ ပြင်းထန်နေ

ဓာတ်ပုံ ရင်းမြစ်, Reuters
ရေးသားခဲ့သည်။
အာဖဂန် နစ္စတန် မြောက်ပိုင်းက ခွန်ဒုဇ် မြို့ကို အစိုးရ တပ်က ပြန်သိမ်း လိုက်နိုင်ပြီလို့ ပြောခဲ့ပေမယ့် အဲဒီမြို့ထဲမှာ အာဖဂန် တပ်တွေနဲ့ တာလီဘန်တွေ အကြား ပြင်းထန်တဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွား နေပါတယ်။
တာလီဘန် စစ်သွေးကြွတွေ မြို့လယ်ကို ပြန်ဆုတ် သွားရပြီး အုပ်ချုပ်ရေးမှူး ရုံးနေရာမှာ တိုက်ပွဲတွေ ပြင်းထန် နေတယ်လို့ မြို့ခံတွေက ဘီဘီစီကို ပြောခဲ့ပါတယ်။
ခွန်ဒုဇ် မြို့ကို အာဖဂန် အစိုးရတပ်တွေ ပြန်သိမ်းနိုင်ပြီ ဆိုတာကို တာလီဘန်တွေက ပယ်ချ ခဲ့ပါတယ်။
ခွန်ဒုဇ် မြို့ဟာ ၁၄ နှစ်အတွင်း တာလီဘန်တွေ လက်ထဲ ကျခဲ့တဲ့ ပထမဆုံး မြို့ကြီး ဖြစ်လာပါတယ်။
အဲဒီမြို့ကို သမ္မတ အက်ရှ်ရက် ဂါနီ ရာထူး သက်တမ်း တစ်နှစ် ပြည့်ချိန် တနင်္လာနေ့မှာ အသိမ်းခံခဲ့ရတာ ဖြစ်လို့ သူ့အစိုးရ အတွက် ကြီးလေးတဲ့ ထိုးနှက်ချက် တစ်ခု ဖြစ်ခဲ့ပါတယ်။




