ဆိုင်းနိုင်း လေယာဉ်ပျက်မှု၊ အကြမ်းဖက်မှု သဲလွန်စ မတွေ့ရ

ဓာတ်ပုံ ရင်းမြစ်, AFP
ဆိုင်းနိုင်း ကျွန်းဆွယ်မှာ အောက်တိုဘာ လတုန်းက ပျက်ကျခဲ့တဲ့ ရုရှား ခရီးသည်တင် လေယာဉ်ဟာ အကြမ်းဖက် ခံရလို့ ပျက်ကျတာ ဆိုတဲ့ အထောက်အထား မတွေ့ရဘူးလို့ အီဂျစ် စုံစမ်း စစ်ဆေးသူတွေက ပြောလိုက် ပါတယ်။
ရုရှား Metrojet လေကြောင်းပိုင် လေယာဉ်ဟာ အီဂျစ်နိုင်ငံ ရှားမ် အယ်လ် ရှိတ်ခ် အပန်းဖြေစခန်း ကနေ ရုရှားကို ပျံသန်းစဉ် ပျက်ကျ ခဲ့တာပါ။
IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့နဲ့ အဆက်အစပ် ရှိတဲ့ အီဂျစ် အခြေစိုက် အကြမ်းဖက် အဖွဲ့တစ်ခုကတော့ အဲဒီ လေယာဉ်ကို သူတို့ ဗုံးခွဲ ခဲ့တာလို့ ပြောခဲ့ပါတယ်။
ရုရှား ကလည်း လေယာဉ် အပျက်အစီး အပိုင်းအစတွေ ကြားမှာ ဖောက်ခွဲရေး ပစ္စည်း အစအနတွေ တွေ့ရတယ်လို့ ပြောခဲ့ပြီးသား ဖြစ်ပါတယ်။
အခုလို အီဂျစ် စုံစမ်းသူတွေရဲ့ ပြောဆိုချက်အပေါ် ရုရှားက တုံ့ပြန်ရာမှာလည်း ကရင်မလင် နန်းတော် ပြောခွင့်ရသူ Dmitry Peskov က ဒီကိစ္စကို အကြမ်းဖက် တိုက်ခိုက်မှု အဖြစ် ရုရှား ကျွမ်းကျင်သူတွေက ကောက်ချက် ချပြီးသား ဖြစ်တယ်လို့ ထပ်လောင်း ပြောသွားပါတယ်။
လေယာဉ် ပျက်ကျ ခဲ့ပြီးနောက် ရုရှားက အီဂျစ်ကို သွားရောက်တဲ့ လေယာဉ် ခရီးစဉ် အားလုံးကို ရပ်ဆိုင်းခဲ့သလို ယူကေ နိုင်ငံကလည်း ရှားမ် အယ်လ်ရှိတ်ခ်ကို သွားတဲ့ လေကြောင်း ခရီးစဉ်တွေ ရပ်ဆိုင်းခဲ့ပါတယ်။
ရုရှား လေယာဉ် ပျက်ကျမှုဟာ အီဂျစ်ရဲ့ အားထားရတဲ့ အပန်းဖြေ ခရီးသွားလုပ်ငန်း အပေါ် နောက်ထပ် ထိုးနှက်ချက် တစ်ခု ဖြစ်ခဲ့တာ ဖြစ်ပါတယ်။




