ရုရှားလေယာဉ် ပျက်ကျမှု ပြင်ပ ပယောဂကြောင့်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, AFP
စနေနေ့က အီဂျစ်နိုင်ငံ ဆိုင်နိုင်း ကျွန်းဆွယ်မှာ ၂၂၄ ယောက် သေဆုံး ခဲ့ရတဲ့ လေယာဉ် ပျက်ကျမှုဟာ ပြင်ပ ပယောဂကြောင့် ဖြစ်တယ်လို့ Kogalymavia လေကြောင်းလိုင်းက ပြောပါတယ်။
စက် ချို့ယွင်းမှုကြောင့် မဟုတ်သလို လေယာဉ်မှူး အမှားကြောင့်လည်း မဟုတ်ဘူးလို့ မော်စကိုမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ လေကြောင်းလိုင်း ဒုတိယ ညွှန်ကြားရေးမှူးက ပြောသွားတာပါ။
လေယာဉ် ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ Black box တွေက အချက်အလက်တွေနဲ့ ပြုလုပ်နေတဲ့ စုံစမ်း စစ်ဆေးမှုကတော့ အဖြေ တစုံတရာ မထွက်လာ သေးပါဘူး။
ကရင်မလင် နန်းတော် ပြောခွင့်ရသူကတော့ ထင်ကြေးနဲ့ ယူဆချက်တွေကို သတိပေး ပြောဆို လိုက်ပြီး၊ စုံစမ်း စစ်ဆေးရာမှာ ဘာကိုမှ မချန်လှပ်ဘဲ ဖြစ်နိုင်ခြေ အားလုံးကို ထည့်သွင်း စစ်ဆေး သွားရမှာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
အီဂျစ် အပန်းဖြေစခန်းမြို့ Sharm El-Sheikh ကနေ စိန့်ပီတာစဘာ့ဂ် မြို့ကို ပျံသန်းတဲ့ အဲဒီ လေယာဉ်ပေါ်မှာ ကလေး ၂၅ ဦး အပါအဝင် ခရီးသည် ၂၁၇ ယောက်နဲ့ လေယာဉ်အမှုထမ်း ၇ ယောက် လိုက်ပါခဲ့ပြီး အများစုက ရုရှားတွေ ဖြစ်ပါတယ်။




