အင်ဒို ကွပ်မျက်မှု၊ သြစတြေးလျ သံအမတ် ရုပ်သိမ်း

သြစတြေးလျ နိုင်ငံသား နှစ်ယောက်ကို ၂၀၀၆ ခုနှစ်မှာ သေဒဏ် ချမှတ်ခဲ့။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, သြစတြေးလျ နိုင်ငံသား နှစ်ယောက်ကို ၂၀၀၆ ခုနှစ်မှာ သေဒဏ် ချမှတ်ခဲ့။
ရေးသားခဲ့သည်။

အင်ဒိုနီးရှား နိုင်ငံမှာ မူးယစ်ဆေး မှောင်ခိုမှုနဲ့ သြစတြေးလျ နိုင်ငံသား ၂ ဦး အပါအဝင် လူ ၈ ဦးကို သေဒဏ် ကွပ်မျက် ခဲ့ပြီးနောက် သြစတြေးလျ နိုင်ငံက သူ့ရဲ့ သံအမတ်ကို အင်ဒိုနီးရှား ကနေ ပြန်လည် ခေါ်ယူ လိုက်ပါတယ်။

သြစတြေးလျ နိုင်ငံသား ၂ ဦး ဖြစ်တဲ့ Andrew Chan နဲ့ Myuran Sukumaran တို့ အပါအဝင် နိုင်ငံခြားသား ၈ ဦးကို အင်ဒိုနီးရှားက နူစာခမ်ဘန်ဂန် ကျွန်းမှာရှိတဲ့ အကျဉ်းထောင်မှာ ဗုဒ္ဓဟူးနေ့ မနက် လင်းအားကြီး အချိန်က ပစ်ခတ် ကွပ်မျက်ခဲ့တာ ဖြစ်ပါတယ်။

ကွပ်မျက် ခံရသူတွေမှာ ပါတဲ့ ဘရာဇီး နိုင်ငံသား တစ်ဦးအတွက်လည်း ဘရာဇီး အစိုးရက အလွန် တုန်လှုပ် ချောက်ချားရကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

၉ ယောက်မြောက် တရားခံဖြစ်သူ ဖိလစ်ပိုင် အမျိုးသမီးကိုတော့ ကွပ်မျက်ခါနီး ကလေးမှာ အချိန် ရွှေ့ဆိုင်း ထားခဲ့ပါတယ်။

သြစတြေးလျ ဝန်ကြီးချုပ် Tony Abbott ကတော့ ဒီကွပ်မျက်မှုဟာ မလိုအပ်ဘဲ လုပ်ခဲ့တဲ့ ရက်စက် ကြမ်းကြုတ်မှု ဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး Andrew Chan နဲ့ Myuran Sukumaran တို့ဟာ ထောင်ထဲမှာ ထိန်းသိမ်း ခံနေရစဉ် ကာလအတွင်း လူသစ် စိတ်သစ် ပြောင်းလဲ သွားခဲ့ကြပါပြီ လို့ ပြောခဲ့ပါတယ်။

အင်ဒိုနီးရှား ရှေ့နေချုပ် ဖြစ်သူ Muhammad Prasetyo ကတော့ အင်ဒိုနီးရှားဟာ မူးယစ်ဆေး တိုက်ဖျက်ရေး အတွက် တိုက်ပွဲ ဆင်နေတာ ဖြစ်တယ်လို့ အခုလို ကွပ်မျက်မှုကို ကာကွယ် ပြောဆိုခဲ့ပါတယ်။