မူးယစ်ဆေး မှောင်ခိုမှုနဲ့ လူ၈ဦးကို အင်ဒိုနီးရှား ကွပ်မျက်

ဓာတ်ပုံ ရင်းမြစ်, AP
အင်ဒိုနီးရှားနိုင်ငံမှာ မူးယစ်ဆေး မှောင်ခိုသူတွေအဖြစ် ပြစ်မှုထင်ရှားခဲ့သူ ၈ဦးကို ဒီကနေ့ ဗုဒ္ဓဟူးနေ့ မနက် လင်းအားကြီး အချိန်က နူစာခမ်ဘန်ဂန် ကျွန်းမှာရှိတဲ့ ဘက်စိ အကျဉ်းထောင်မှာ လက်ဖြောင့် တပ်သားတွေက ကွပ်မျက် စီရင်လိုက်ပြီ ဖြစ်ပါတယ်။
ကွပ်မျက်ခံ ခဲ့ရသူတွေထဲမှာ သြစတြေးလျ နိုင်ငံသားတွေ ဖြစ်တဲ့ Andrew Chan နဲ့ Myuran Sukumaran တို့ ပါဝင်ပါတယ်။
သူတို့ကို နောက်သြစတြေးလျ နိုင်ငံသား ၇ဦးနဲ့အတူ ၂၀၀၅ခုနှစ်တုန်းက အင်ဒိုနီးရှားနိုင်ငံကနေ သြစတြေးလျနိုင်ငံထဲ ဘိန်းဖြူ ၈ကီလိုကျော် ခိုးသွင်းဖို့ ကြိုးစားခဲ့မှုနဲ့ ဘာလီကျွန်းမှာ ဖမ်းဆီးခဲ့တာပါ။
နောက်ပိုင်းမှာ သူတို့ နှစ်ဦးဟာ အဲဒီအုပ်စုရဲ့ ခေါင်းဆောင်တွေ ဖြစ်တယ်ဆိုတာ ဖေါ်ထုတ် တွေ့ရှိခဲ့ပြီး သေဒဏ် ချမှတ်ခဲ့တာပါ။ ကျန်တဲ့ ၇ဦးကတော့ လောလောဆယ် တသက်တကျွန်း ဒါမှမဟုတ် ထောင်ဒဏ် အနှစ်၂၀ ကျခံနေရပါတယ်။
သူတို့ရဲ့ အမှုကို အရေးယူ အပြစ်ပေးရာမှာ ချို့ယွင်းမှုတွေ ရှိတယ်ဆိုပြီး ကွပ်မျက် စီရင်မှုကို အချိန်ရွှေ့ဆိုင်းပေးဖို့ အင်ဒိုနီးရှား အစိုးရကို သြစတြေးလျ အစိုးရက ပန်ကြားထားခဲ့တာပါ။
အခုလို သြစတြေးလျ နိုင်ငံသား နှစ်ဦးကို ကွပ်မျက် စီရင် ခဲ့တာဟာ မလိုအပ်ပဲ လုပ်ခဲ့တဲ့ အတော်လေး ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ ဖြစ်တယ်လို့ သြစတြေးလျ ဝန်ကြီးချုပ် Tony Abbot က ပြောသွားပါတယ်။
အခု ကွပ်မျက်ခံရသူတွေထဲမှာ ဘရာဇီးနိုင်ငံသား တဦး၊ အင်ဒိုနီးရှား နိုင်ငံသား တဦးနဲ့ နိုင်ဂျီးရီးယား နိုင်ငံသားတွေလည်း ပါပါတယ်။
ဖိလစ်ပိုင် အမျိုးသမီး Mary Jane Fiesta Veloso ကိုတော့ ကွပ်မျက်ခါနီးလေးမှာတင် ဖိလစ်ပိုင် သမ္မတရဲ့ မေတ္တာရပ်ခံချက်နဲ့ အချိန်ရွှေ့ဆိုင်းလိုက်တယ်လို့ အင်ဒိုနီးရှား အစိုးရ ရှေ့နေချုပ်ရုံးရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဘီဘီစီကို ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံထဲ ဘိန်းဖြူ ခိုးသွင်းဖို့ Veloso ကို ထောင်ချောက်ဆင်ခဲ့သူလို့ ယူဆရသူတဦးက ဖိလစ်ပိုင်ရဲတွေဆီ လာအဖမ်းခံခဲ့အပြီးမှာ ဖိလစ်ပိုင် သမ္မတက အခုလို မေတ္တာ ရပ်ခံခဲ့တာလို့ ဆိုပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ရုံးတင် စစ်ဆေးမယ့် တရားခွင်မှာ Veloso ကို သက်သေအဖြစ် ထွက်ဆိုဖို့ အင်ဒိုနီးရှား အစိုးရက ခွင့်ပြုမယ်လို့လည်း အဲဒီ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ မူးယစ်ဆေး ပြဿနာ ကြီးမားနေတာကြောင့် အစိုးရအနေနဲ့ တင်းတင်းကြပ်ကြပ် ကိုင်တွယ် အရေးယူတာ ဖြစ်တယ်လို့ အင်ဒိုနီးရှားအစိုးရက ပြောပါတယ်။
အင်ဒိုနီးရှား မူးယစ်ဆေး တိုက်ဖျက်ရေး အေဂျင်စီ ရဲ့ ကိန်းဂဏန်းတွေအရ အင်ဒိုနီးရှားနိုင်ငံမှာ မူးယစ်ဆေးကြောင့် တနေ့ကို အင်ဒိုနီးရှားလူမျိုး ၃၃ဦး သေဆုံးနေရတယ်လို့ သိရပါတယ်။








