နီပေါ ငလျင်ကြောင့် သေဆုံးသူ ငါးထောင် ကျော်သွား

ဓာတ်ပုံ ရင်းမြစ်, AFP
နီပေါနိုင်ငံ မှာ စနေနေ့က လှုပ်ခဲ့တဲ့ မြေငလျင်ကြီးကြောင့် အခုချိန် အထိ သေဆုံးသူ ၅ ထောင် ကျော်သွားပြီ ဖြစ်ကာ အရေအတွက် တစ်သောင်းအထိ ရှိလာနိုင်တယ်လို့ အရာရှိတွေက ပြောပါတယ်။
ထိခိုက် ဒဏ်ရာရသူလည်း အခုချိန်အထိ တစ်သောင်း ကျော်သွားပြီလို့ နီပေါ အစိုးရက ပြောပါတယ်။
မြေငလျင် ဘေးဆိုးကြီးကြောင့် ထိခိုက် ပျက်စီးမှု ပမာဏ ကြီးမားတဲ့ အတွက် ကူညီ ကယ်ဆယ်ရေးတွေ မနိုင်မနင်း ဖြစ်နေတယ်လို့ နီပေါ အစိုးရက ပြောပါတယ်။
ဝေးလံ ခေါင်းပါးတဲ့ ဟိမဝန္တာ တောင်တန်း ကျေးရွာတွေက အစိုးရထံ အကူအညီ တောင်းခံတာတွေ အများအပြား ရှိနေပြီး သူတို့ အားလုံးကို အကူအညီ ပေးဖို့ ခက်ခဲ နေတယ်လို့ ဝန်ကြီးချုပ် Sushil Koirala က ပြောပါတယ်။
ဝေးလံတဲ့ ဒေသတွေက လူတွေ အတွက် ရွက်ဖျင်တဲတွေ၊ စားစရာနဲ့ ဆေးဝါးတွေကို ရဟတ်ယာဉ်တွေ ပေါ်ကနေ ချပေးခဲ့ကြပါတယ်။
ခတ္တမန္ဒူ မြို့မှာ ရွက်ဖျင်တဲတွေနဲ့ နေကြရတဲ့ အသက်ဘေး လွတ်ခဲ့သူ တချို့ကတော့ သူတို့မှာ ဘာအကူအညီမှ မရဘဲ ပစ်ပယ် ခံထားရတယ်လို့ ခံစားနေရကြောင်း ပြောကြပါတယ်။




