နီပေါ ငလျင် အတွက် အကူအညီတွေ တိုးမြှင့်

ဓာတ်ပုံ ရင်းမြစ်, AP
နီပေါ နိုင်ငံမှာ စနေနေ့က ပမာဏ ကြီးမားတဲ့ ငလျင် လှုပ်ခတ် ခဲ့ပြီးနောက် အခုချိန် အထိ သေဆုံးသူ ဦးရေ သုံးထောင့် ကိုးရာ ကျော်သွားပြီ ဖြစ်ကာ နိုင်ငံတကာက အကူအညီတွေ တိုးမြှင့် ရောက်ရှိ နေပါတယ်။
ဒဏ်ရာရသူ ဦးရေ ခုနစ်ထောင် ဝန်းကျင် ရှိပြီး ထောင်ပေါင်း များစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကာ ရွက်ဖျင်တဲ တွေမှာ နေထိုင် နေကြရပါတယ်။
ငလျင်ဒဏ်ကြောင့် အိမ်နီးချင်း တရုတ် နိုင်ငံနဲ့ အိန္ဒိယ နိုင်ငံတွေမှာလည်း ဒါဇင်နဲ့ချီ သေဆုံး ခဲ့ရတယ်လို့ ဆိုပါတယ်။
နီပေါ နိုင်ငံက စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အားလုံးဟာ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင် ဆောင်ရွက် နေတယ်လို့ နီပေါ အာဏာပိုင်တွေက ပြောပါတယ်။
ဧဝရက်တောင် တဝိုက်မှာ နှင်းတောင် ပြိုကျမှုကြောင့် ပိတ်မိနေတဲ့ တောင်တက်သမား အယောက် ၂၀၀ ကျော်ကိုလည်း ကယ်ဆယ် နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
သောက်သုံးရေ၊ အစားအစာနဲ့ လျှပ်စစ်မီးတွေ လိုအပ်နေဆဲ ဖြစ်ပြီး ကူးစက်ရောဂါ အန္တရာယ် အတွက်ပါ စိုးရိမ် နေရတယ်လို့ သိရပါတယ်။




