နီပေါငလျင်ကြောင့် လူတစ်ထောင့်ရှစ်ရာ အနည်းဆုံး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Ministry Of Defence
နီပေါ နိုင်ငံ မှာ အင်အား ပြင်းထန် တဲ့ မြေငလျင် လှုပ်ခတ်ခဲ့မှု ကြောင့် အနည်းဆုံး လူ တစ်ထောင့်ရှစ်ရာ အသက် ဆုံးရှုံး သွားတယ် ဆိုပြီး နီပေါ အစိုးရ က ပြောပါတယ်။
အဆောက်အဦ အပြိုအပျက်တွေ အောက်မှာ ပိတ်မိ နေကြဆဲ လူ အများအပြား ရှိနေတယ် လို့ ယူဆ ရတာကြောင့်၊ လာမယ့် ၂၄ နာရီ အတွင်း မှာ သေဆုံး စာရင်းဟာ ၃ ဆ မက လည်း ဖြစ်သွား နိုင်တယ် လို့ နီပေါ ပြန်ကြားရေး ဝန်ကြီး မနိန္ဒြာ ရီဂျားလ် က ဘီဘီစီ ကို ပြောပါတယ်။
ခတ္တမန္ဒူ မြို့တော် မှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက် က နောက်ထပ် မြေငလျင် လှုပ်လာမှာ ကို စိုးလို့ လူတွေ ဟာ အဆောက်အဦ ထဲ မှာ မနေရဲ ပဲ အပြင်ဘက် ကွက်လပ် တွေ မှာ ထွက်ပြီး အိပ် ခဲ့ကြတယ် လို့ ဆိုပါတယ်။
အခုဆိုရင် နိုင်ငံတကာ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့ရဲ့ ပထမ အသုတ်လည်း နီပေါ ကို ရောက်လာ ပါပြီ။
အိန္ဒိယ နိုင်ငံကလည်း လေယာဉ်တွေ အများအပြား စေလွှတ်ပြီး ထောက်ပံ့ရေး ပစ္စည်းတွေ၊ လှည့်လည် ဆေးကုသ ပေးနိုင်တဲ့ ယာဉ် တွေ၊ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်း အတွက် လေ့ကျင့် ပေးထား တဲ့ ခွေးတွေ ကိုလည်း တင်ပေး လိုက် ပါတယ်။
အမေရိကန်၊ ဥရောပ သမဂ္ဂ နဲ့ ဗြိတိန် တို့ကလည်း ကယ်ဆယ်ရေး ရေး အဖွဲ့တွေ စေလွှတ် ထားပါတယ်။
တခါ၊ နီပေါ မြေငလျင်ကြောင့် ဟိမ၀န္တာ တောင်တန်း ပေါ်မှာ နှင်းခဲ ပြိုကျမှု တွေ ဖြစ်ခဲ့တဲ့ အတွက် ဧဝရတ် တောင်တက် သမား တချို့ သေဆုံး ခဲ့ရပါတယ်။
ဒီ မြေငလျင် ဒဏ်ကို အိန္ဒိယ နိုင်ငံ မြောက်ပိုင်း မှာလည်း ခံရပြီး အဆောက်အဦ တွေ ပြိုပျက် ကာ လူ ၄၀ ကျော် သေဆုံး ခဲ့ရပါတယ်။
တိဘက်မှာ လူ ၆ ဦး နဲ့ ဘင်္ဂလားဒေ့ရှ် မှာ တော့ ၁ ဦး သေဆုံး ခဲ့ပါတယ်။








