မူးယစ်သေဒဏ် အယူခံ အင်ဒို တရားရုံး ပယ်ချ

ဓာတ်ပုံ ရင်းမြစ်, Getty
မူးယစ်ဆေး မှောင်ခိုမှုနဲ့ သေဒဏ် စီရင်ချက် ချခံရတဲ့ ဩစတြေးလျနိုင်ငံသား ၂ ဦးရဲ့ အယူခံလွှာကို အင်ဒိုနီးရှား တရားရုံးက ဒီကနေ့ ပယ်ချ လိုက်ပါတယ်။
အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုရဲ့ လွတ်ငြိမ်း ချမ်းသာခွင့် မပေးဖို့ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက် အပေါ် သူတို့ ၂ ဦးက ပြစ်ဒဏ် လျှော့ပေါ့ ပေးရေး အတွက် လျှောက်ထားခဲ့ရာမှာ တရားရုံးက ပယ်ချခဲ့တာ ဖြစ်ပါတယ်။
တရားသူကြီးတွေက သမ္မတ ဆုံးဖြတ်ချက်ကို စောဒက တက်ဖို့ သူတို့မှာ အခွင့်အာဏာ မရှိဘူးလို့ ပြောပါတယ်။
ဩစတေးလျနိုင်ငံသား Andrew Chan နဲ့ Myuran Sukumaran တို့ဟာ ၂ဝဝ၅ ခုက အင်ဒိုနီးရှား ဘာလီကျွန်းမှာ ဘိန်းဖြူ တရားမဝင် ကုန်ကူးသူ ၉ ဦး အုပ်စုထဲမှာ ခေါင်းဆောင်အဖြစ် ပါဝင်သူများ ဖြစ်ပါတယ်။
သူတို့ကို နောက်ဆုံး ကွပ်မျက်မယ့် ကျွန်းကို ပို့ဆောင်ပြီး ဖြစ်ပေမယ့် နောက်ထပ် အယူခံ တင်ဦးမယ် လို့ သူတို့ရဲ့ ရှေ့နေက ပြောပါတယ်။




