မူဘာရက် ကို စွဲချက် တွေကို အီဂျစ် တရားရုံး ပယ်ဖျက်

ဓာတ်ပုံ ရင်းမြစ်, epa
၂ဝ၁၁ ခုနှစ် အာရပ်နွေဦး လှုပ်ရှားမှု အတွင်း ဆန္ဒပြသူ ရာနဲ့ချီ ပြီး ပစ်ခတ် သေဆုံးခဲ့မှု အတွက် အီဂျစ် သမ္မတဟောင်း မူဘာရက်ကို စွဲချက် တင်ထားတာတွေကို အီဂျစ် တရားရုံးက ပယ်ဖျက် လိုက်ပါတယ်။
မူဘာရက် ခေတ်က ထိပ်တန်း လုံခြုံရေး အရာရှိကြီး တွေကို စွဲဆို ထားတဲ့ အမှု တော်တော်များများ ကိုလည်း အီဂျစ် တရားရုံးက ပယ်ဖျက် လိုက်ပါတယ်။
အဲဒိ ဆန္ဒပြပွဲတွေ အတွင်း ပြုတ်ကျ သွားခဲ့တဲ့ သမ္မတဟောင်းကို လွန်ခဲ့တဲ့ ၂ နှစ်ထဲက ထောင်တသက် ချမှတ် ထားတာ ဖြစ်ပါတယ်။
မစ္စတာ မူဘာရက် နဲ့ သားတွေကို လာဘ်စားမှု နဲ့ စွဲဆို ထားတာ တွေကိုလည်း တရားရုံးက ဖယ်ရှား ပေးခဲ့ပါတယ်။
ဒါပေမဲ့ အလွဲသုံးစားမှု တွေ အတွက် နောက်ထပ် လ အနည်းငယ် ဆက်ပြီး မစ္စတာ မူဘာရက်ကို ထောင်ချ ထားအုံးမယ်လို့ ယူဆ ရပါတယ်။
ဒီလို အမှု ရုပ်သိမ်း ပေးတာကို မူဘာရက် ထောက်ခံသူ တွေက ကောင်းချီး သြဘာ ပေးခဲ့ကြပြီး လမ်းတွေ ပေါ်မှာ အော်ဟစ် ပျော်ရွှင် နေခဲ့ကြ ပါတယ်။
မူဘာရက်ကို သူတို့က အမျိုးသား သူရဲကောင်း လို့ ယူ ဆ ထားကြ တာပါ။
ဒါပေမဲ့ အဲဒီနားမှာပဲ ဆန္ဒပြပွဲ တွေ အတွင်း သေဆုံး ခဲ့ရသူ တွေရဲ့ ဆွေမျိုးတွေ စုဝေး ဟစ်အော် ခဲ့ကြ ပြန်ပါတယ်။
ဒီသေဆုံးရမှု တွေ အတွက် တရားမျှတမှု ရှိဖို့ လိုတယ်လို့ သူတို့က ပြောပါတယ်။








