ဇွန် ၂၁ ရက်သတင်းများအနှစ်ချုပ်- အောင်မင်္ဂလာအဝေးပြေးမှာ လူခေါ်ပွဲစား ၉ ဦးကို ဓားတွေနဲ့ ဖမ်းမိ

တစ်ရက်ကို ခရီးသည်ပေါင်း ထောင်ချီသွားလာနေတဲ့ အောင်မင်္ဂလာအဝေးပြေး

ဓာတ်ပုံ ရင်းမြစ်, ပြန်ကြားရေး

ဓာတ်ပုံ ပုံစာ, တစ်ရက်ကို ခရီးသည်ပေါင်း ထောင်ချီသွားလာနေတဲ့ အောင်မင်္ဂလာအဝေးပြေး
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၈

ရန်ကုန်မြို့ကနေ နိုင်ငံအထက်ပိုင်း၊ တခြားတိုင်းနဲ့ပြည်နယ်တွေအထိ ပြေးဆွဲတဲ့ အဝေးပြေး ယာဥ်ရပ်နားကွင်း အောင်မင်္ဂလာဝင်းထဲမှာ လူခေါ်ပွဲစားလို့ဆိုသူ ၉ ဦးဟာ ဓားတွေနဲ့အတူ ဖမ်းဆီးခံလိုက်ရတယ်လို့ ကားဝင်းထဲက ယာဉ်မောင်းတချို့ဆီကနေ သိရပါတယ်။

လူခေါ်ပွဲစားဆိုသူ အမျိုးသားတစ်ဦးက ခရီးသည် အမျိုးသမီးတစ်ဦး ဆီကနေ ဖုန်းနဲ့ ကားခတွေ လိမ်ယူသွားတယ်ဆိုပြီး ပြီးခဲ့တဲ့အပတ်မှာ ရဲကို အသိပေးတိုင်ကြားခဲ့တာကနေ ဇွန် ၁၆ ရက်ကနေ ၁၉ ရက်အတွင်းမှာ ကွင်းဆက်အလိုက် ရဲတပ်ဖွဲ့က ဖမ်းဆီးတာလို့ အောင်မင်္ဂလာအဝေးပြေးကို နေ့စဉ်သွားလာနေတဲ့ ယာဉ်မောင်းတစ်ဦးဆီကနေ သိရပါတယ်။

အမျိုးသမီးခရီးသည်ဆီက ဖုန်းနဲ့ကားခတွေကို လိမ်ယူသွားတဲ့ ပွဲစားကို နေ့ချင်းဖမ်းမိတာဖြစ်ပြီး အဲဒီလူခေါ်ပွဲစားနဲ့ ဆက်စပ်နေတဲ့သူတွေကို မင်္ဂလာဒုံမြို့နယ်ထဲက သင်္ကန်းကျွန်းကြီးကျေးရွာ နဲ့ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်တို့ကနေ ဖမ်းမိတာလို့ အခြေအနေတွေကို သိရှိတဲ့အငှားယာဉ်မောင်းက ပြောပါတယ်။

"လူခေါ်ပွဲစားတွေက အုပ်စုလိုက် လုပ်ကြတာ၊ လက်နက်တွေလည်း အမြဲပါတယ်။ ခရီးသည်တွေကို အလုအယက်ခေါ်သလိုနဲ့ ပစ္စည်းလုသွားတာတွေက မကြာခဏဖြစ်တယ်၊ အခုရက်ပိုင်းတော့ သူတို့တွေ နည်းနည်းငြိမ်နေတယ်"လို့ လက်ရှိ အောင်မင်္ဂလာအဝေးပြေး အခြေအနေတွေကို အငှားယာဉ်မောင်းက ပြောပြပါတယ်။

အနယ်နယ်အရပ်ရပ်ကနေ အောင်မင်္ဂလာ အဝေးပြေးကို ဆိုက်ရောက်လာတဲ့ ခရီးသည်တွေနဲ့ အငှားကားယာဉ်မောင်းတွေကြားမှာ ဈေးနှုန်းတစ်ခုယူပြီး ချိတ်ဆက် လုပ်ကိုင်နေတဲ့ လူခေါ်ပွဲစားတွေ ဖြစ်ပါတယ်။

ခရီးသည်တွေ ဆီကနေ ကားခပိုတောင်းပြီး အငှားယာဉ်မောင်းတွေကိုတော့ ပုံမှန်ဈေးနှုန်းအတိုင်းသာ ပေးတာဖြစ်တဲ့အတွက် ကြားထဲမှာ ပိုတဲ့ငွေကို ပွဲစားက ရရှိတာဖြစ်ပါတယ်။

အောင်မင်္ဂလာအဝေးပြေးမှာ လူခေါ်ပွဲစားတွေက ခရီးသည်တွေကို အလုအယက် ခေါ်တာ၊ သူတို့ပြောတဲ့ဈေးနှုန်းအတိုင်း လက်မခံရင် ကြမ်းကြမ်းတမ်းတမ်း ပြောဆိုတာတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက မန္တလေးကနေ ရန်ကုန်ကို ပြန်လာတဲ့ ခရီးသည် အမျိုးသမီးက ပြောပါတယ်။

အောင်မင်္ဂလာ အဝေးပြေးကားကွင်းထဲမှာ အငှားယာဉ်မောင်းတွေနဲ့ ခရီးသည်တွေဆီကနေ ခြိမ်းခြောက်ငွေတောင်းနေတဲ့ လူခေါ်ပွဲစား ၂ ယောက်ကို မင်္ဂလာဒုံ အမှတ် ၃ လမ်းမမှာ မေ ၉ ရက်က ဖမ်းဆီးရမိတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး Eleven Media နဲ့ ပေါ်ပြူလာ သတင်းဌာနတို့က ရေးသားထားပါတယ်။

အဲဒီလူခေါ်ပွဲစား နှစ်ယောက်ကို စစ်ဆေးချက်အရ ကားဝင်းအတွင်းက အငှားယာဉ်တွေ၊ ဆိုင်ကယ်တွေဆီကနေ လစဉ်ငွေ ကောက်ခံသလို အဝေးပြေးကားပေါ်က ဆင်းလာတဲ့ ခရီးသည်တွေကိုလည်း ကားငှားဖို့ ဖိအားပေး ပြောဆိုတာတွေ တွေ့ရှိရတယ်လို့ ပြည်တွင်းသတင်းဌာန ရေးသားချက်တွေအရ သိရပါတယ်။

လူခေါ်ပွဲစားတချို့ကို ဓားတွေနဲ့အတူ ဖမ်းဆီးရမိတယ်ဆိုတာနဲ့ ပတ်သက်ပြီး မင်္ဂလာဒုံမြို့နယ် ရဲစခန်းကို ဘီဘီစီက ဆက်သွယ်ပေမဲ့ လတ်တလော မဖြေနိုင်သေးဘူးလို့ ပြောပါတယ်။

အောင်မင်္ဂလာ အဝေးပြေးဟာ မိုးတွင်းကာလမှာ တစ်ရက်ကို ခရီးသည် ၉,၀၀၀ ဝန်းကျင် သွားလာနေပြီး သင်္ကြန်လို ရုံးပိတ်ရက်ရှည်ကာလတွေမှာဆိုရင် တစ်ရက်ကို ၂၀,၀၀၀ ခန့် သွားလာကြတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာစစ်တပ်ကို လက်နက်မရောင်းဖို့ ကမ္ဘာ့နိုင်ငံတွေကို အီးယူ တိုက်တွန်း

ကုလအစည်းအဝေး တစ်ခုမှာ မြင်တွေ့ရတဲ့ အီးယူ သံအမတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြန်မာစစ်တပ်ဟာ ပြည်တွင်းမှာ မတွေးဝံ့စရာထိခိုက်ခံစားရမှုတွေဖြစ်အောင်လုပ်နေပြီး ထိတ်လန့်စရာချိုးဖောက်မှုတွေကို ဆက်လုပ်နေတာကြောင့် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်ကို လက်နက်မရောင်းကြဖို့ ကုလသမဂ္ဂဆိုင်ရာ ဥရောပသမဂ္ဂ(အီးယူ)သံအမတ်က တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာကုလအထူးကိုယ်စားလှယ် မစ္စ ဂျူလီဘစ်ရှော့က မြန်မာနဲ့ပတ်သက်ပြီး သူ့တွေ့ရှိမှုအခြေအနေကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဇွန်လ ၁၉ ရက်တုန်းက တက်ရောက်ရှင်းပြချိန် အီးယူသံအမတ် ဟတ်ဒါ ဆမ်ဆွန်က အခုလိုပြောလိုက်တာဖြစ်ပါတယ်။

နေပြည်တော်မှာ စစ်ခေါင်းဆောင်အစုအဖွဲ့ဟာ ရွေးကောက်ပွဲလုပ်ပြီး အရပ်သားအသွင်ပြောင်းလဲဖို့ ကြိုးပမ်းပေမဲ့ ပြည်တွင်းမှာ စစ်တပ်က စာသင်ကျောင်းနဲ့ဆေးရုံတွေကို ပစ်မှတ်ထား ဗုံးကြဲတာတွေ ဆက်ဖြစ်နေတယ်ဆိုတဲ့သတင်းတွေ တက်နေတာဟာ မနှစ်က အထူးကိုယ်စားလှယ် မြန်မာ့အရေးလာရှင်းပြတုန်းကလိုပဲ အခြေအနေမပြောင်းလဲဘူးလို့လည်း အီးယူ သံအမတ်က ပြောပါတယ်။

''နိုင်ငံတွေဟာ မြန်မာအုပ်စိုးသူအစုအဖွဲ့ကို လူသေစေလောက်တဲ့လက်နက်တွေ ထောက်ပံ့ပေးနေတာတွေ ရပ်တန်းက ရပ်သင့်ပါပြီ။ ဒီလိုရက်စက်မှုတွေကို နိုင်ငံတွေအနေနဲ့ ဟန့်တားဖို့ဆိုရင် စစ်တပ်က ကလပ်စတာ ခဲယမ်းမီးကျောက်တွေ၊ မြေမြှုပ်မိုင်းတွေအပါအဝင် စစ်ဘက်ပစ္စည်းတွေနဲ့ လက်နက်တွေ လက်လှမ်းမမီတော့တောင် ထိထိရောက်ရောက် လုပ်ဆောင်မှရပါမယ်။ … မြန်မာကို ကမ္ဘာလုံးဆိုင်ရာလက်နက်တင်ပို့မှု ပိတ်ပင်မှု လုပ်ဖို့ အီးယူဘက်က ထပ်မံတောင်းဆိုပါတယ်'' လို့ သံအမတ်က ဆွေးနွေးပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတစ်သန်းကျော်အရေးကိုလည်း သံအမတ်က သူ့ တိုက်တွန်းချက်ထဲ ထည့်ပြောပြီး ရိုဟင်ဂျာအကျပ်အတည်းကို ဖြေရှင်းမယ်ဆိုရင် ပြဿနာရင်းမြစ်ကို သိအောင်လုပ်ပြီး ရေရှည်တည်မြဲတဲ့ဖြေရှင်းချက်ဖြစ်ဖို့ လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။

မြန်မာလူထုရဲ့ဆန္ဒနဲ့ကိုက်ညီတဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီ၊ တည်ငြိမ် အေးချမ်းရေး လုပ်ဆောင်ဖို့ဆိုရင် အသက် ၈၁ နှစ်ပြည့်ပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အကြောင်းမဲ့ထိန်းသိမ်းခံထားရသူတွေကို ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့လိုအပ်တယ်လို့လည်း သံအမတ်က ကုလသမဂ္ဂမှာ ဆွေးနွေးသွားပါတယ်။

မြန်မာမှာ လူငယ်တွေကို အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းတာကိုလည်း အလွန်အမင်းစိုးရိမ်ကြောင်း အီးယူဘက်က ပြောပါတယ်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘစ်ရှော့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲကပဲ နေပြည်တော်ကို သွားရောက်ခဲ့ပြီး သူ့တွေ့ရှိချက်တွေကို အထွေထွေညီလာခံကို ပြီးခဲ့တဲ့ သောကြာနေ့က အလွတ်သဘော တင်ပြခဲ့ပါတယ်။

မိုးကောင်းနဲ့ ဖားကန့်မှာ ချောင်း ၃ ချောင်းရေလျှံလို့ လူဦးရေ ရာချီ ရေဘေးသင့်

မိုးကောင်းမြို့မှာ ရေကြီးရေလျှံတာကြောင့် ကူညီကယ်ဆယ်ရေး လုပ်နေကြရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နဲ့ ဖားကန့်မြို့မှာ မိုးဆက်တိုက် ရွာတာကြောင့် နန့်ရင်ချောင်း၊ နန့်ကောင်းချောင်း၊ ဥရုချောင်းရေတွေဟာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေအောင် ရေတက်နေတာကြောင့် ရပ်ကွက်အများစု မှာ ရေကြီးနေတယ်လို့ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။

ချောင်းရေလျှံနေတဲ့ မိုးကောင်းနဲ့ ဖားကန့်မြို့နှစ်ခုမှာ ရေဘေးသင့်သူ ၇၀၀ ဝန်းကျင်လောက် ရှိနိုင်တယ်လို့ ပရဟိတအဖွဲ့တွေက ခန့်မှန်းထားပါတယ်။

မိုးကောင်းမြို့မှာဆိုရင် မိုးများတာကြောင့် နန့်ရင်ချောင်းနဲ့ နန့်ကောင်းချောင်းရေ မြင့်တက်လာတဲ့အတွက် ဇွန် ၂၀ ရက် မနေ့ကစလို့ ကျေးရွာပေါင်း ၁၂ ရွာက ဒေသခံတွေ ရေလွတ်ရာ ရွှေ့ပြောင်းနေကြရတယ်လို့ ရေဘေးသင့်သူတွေကို ကူညီပေးနေတဲ့ မိုးကောင်းအခြေစိုက် ပရဟိတအဖွဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ရွှေ့ပြောင်းရတဲ့ ရပ်ကွက်တွေထဲမှာ မြို့ဦး၊ ရွာသစ်၊ ဈေးကုန်း၊ ကျွန်းတော၊ နမ့်အင်း၊ အောက်ချိုင့်၊ နတ်ကြီးကုန်းစတဲ့ ကျေးရွာတွေ ပါဝင်တယ်လို့ နောက်ထပ် မိုးကောင်းမြို့ခံက ပြောပါတယ်။

ဖားကန့်မြို့မှာလည်း ဥရုချောင်းဘေး မြေနိမ့်ပိုင်းမှာရှိတဲ့ မှော်ဝမ်းလေး၊ ကျောက်ဝိုင်း၊ ငှက်ပျောတော၊ မရှီကထောင် စတဲ့ ရပ်ကွက်တွေမှာ မနေ့ညကစပြီး ချောင်းရေမြင့်တက်လာတာကြောင့် ဒီနေ့မနက်မှာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို စလုပ်နေရပြီလို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့-ဖားကန့် က တာဝန်ရှိသူ ကိုကျော်ကျော်အောင်က ပြောပါတယ်။

တစ်ထပ်တိုက်နေအိမ်တွေလည်း တထပ်လုံးနီးပါး နစ်မြုပ်တဲ့အထိ ရေဝင်ရောက်နေတာလို့လည်း ပြောပါတယ်။

ဒါ့ကြောင့် ဖားကန့်မြို့မှာ ချောင်းရေတက်နေတဲ့ ရပ်ကွက်တွေထဲက သက်ကြီးရွယ်အို၊ ကလေး၊ မွေးလူနာ၊ ကိုယ်ဝန်ဆောင်၊ နာမကျန်းသူတွေကို ဦးစားပေး ရွှေ့ပြောင်းပေးနေရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ကျောက်စိမ်းမှော် တူးဖော်ရေးနေရာတွေမှာ ပိတ်မိနေတဲ့ သူတချို့ကိုလည်း ကူညီရွှေ့ပြောင်းပေးနေတယ်လို့လည်း ကိုကျော်ကျော်အောင်က ပြောပါတယ်။

မိုးကောင်းနဲ့ ဖားကန့်မြို့ရှိရာ ကချင်ပြည်နယ်သာမက ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့မှာ နောက်လာမယ့် ၈ ရက်ကနေ ၁၀ ရက်အထိ မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဇွန် ၂၁ ရက် မနက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

ဟော်မုဇ် ပိတ်လိုက်ပြီလို့ဆိုပေမဲ့ အီရန်နဲ့ အမေရိကန် ဆွစ်ဇာလန်မှာဆွေးနွေးဖို့ရှိ

ဆွစ်လာလန်ကို ထွက်ခွါဖို့ ပြင်နေတဲ့ အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်ကို လေယာဥ်ပေါ် မတက်ခင်မှာ မေရီလင်းပြည်နယ်မှာရှိတဲ့ Joint Base Andrews လေယာဥ်ကွင်းမှာ ဇွန်လ ၂၀ ရက်တုန်းက မြင်တရတာဖြစ်ပါတယ်။ နက်ပြာရောင် အနောက်တိုင်း ဝတ်စုံ၊ ရှပ်အင်္ကျီ အဖြူဝတ်ထားတဲ့ ဗန့်စ်ကို ကင်မညာ တစ်ဖက်ခြမ်းကို ကြည့် စကားပြောနေတဲ့ပုံစံ မြင်တွေ့ရ၊ လေတွေ တိုက်နေတဲ့အသွင် မြင်ရပြီး သူ့နောက်မှာ ကောင်းကင်ပြာကို မြင်ရ

ဓာတ်ပုံ ရင်းမြစ်, Reuters

လက်ဘနွန်တောင်ပိုင်းကို အစ္စရေးက တိုက်ခိုက်လို့ ဟော်မုဇ်ရေလက်ကြားကို ပြန်ပိတ်လိုက်ပြီလို့ အီရန်စစ်တပ်က ပြောနေပေမဲ့ အီရန်နဲ့ အမေရိကန်တို့ ဆွစ်ဇာလန်နိုင်ငံမှာ တိုက်ရိုက်ဆွေးနွေးကြဖို့ ရှိနေပါတယ်။

အမေရိကန်စစ်တပ်ဘက်ကတော့ ''ရေလက်ကြားမှာ သင်္ဘောတွ ဆက်ဖြတ်ဖို့ရှိ''တယ်လို့ အီရန်စစ်တပ်ဘက်က အပြောကို တုံ့ပြန်ပါတယ်။

လက်ဘနွန်တောင်ပိုင်း လေကြောင်းတိုက်ခိုက်ခံရတာဟာ အီရန်နဲ့အမေရိကန်ကြားရရှိထားတဲ့ သဘောတူညီချက်ကို ချိုးဖောက်တာလို့ ဆိုပြီး အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်တာလို့ ဆိုပါတယ်။

ဟော်မုဇ်ရေလက်ကြားဟာ အရေးပါတဲ့ကမ္ဘာ့ရေနံတင်ပို့လမ်းကြောင်းဖြစ်ပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလကုန်မှာ အီရန်ကို တိုက်ခိုက်တဲ့အခါ အီရန်က သူတို့ ထိန်းချုပ်တဲ့ ဟော်မုဇ် ရေလက်ကြားကို ပိတ်ဆို့ခဲ့တာကြောင့် ကမ္ဘာတလွှား စွမ်းအင်အကျပ်အတည်း ပေါ်ပေါက်ပြီး စျေးနှုန်းမြင့်တက်တာတွေ ဖြစ်ခဲ့တာပါ။

အီရန်စစ်ပွဲ အဆုံးသတ်ဖို့ အမေရိကန်နဲ့ အီရန်ကြား သဘောတူညီချက်ရခဲ့ပေမဲ့ လက်ဘနွန်မှာဖြစ်တဲ့အခြေအနေကြောင့် ရေလက်ကြား ပိတ်လိုက်ပြီဆိုတာမျိုးလို အခြေအနေပြန်ဖြစ်လာချိန် အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ် ဆွစ်ဇာလန်ကို ခရီးဆက်တာဖြစ်ပါတယ်။

အီရန်ဘက်ကတော့ လွှတ်တော်ဥက္ကဋ္ဌနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ ဆွစ်ဇာလန်ရောက်နေပါပြီ။

ပထမအကျော့ဆွေးနွေးညှိနှိုင်းတာတွေကို ဥရောပစံတော်ချိန် တနင်္ဂနွေနေ့မှာပြုလုပ်မှာဖြစ်လို့ မြန်မာစံတော်ချိန် ဒီနေ့ ညနေပိုင်းမှာ ပြုလုပ်ကြမှာဖြစ်ပါတယ်။

အမေရိကန်ဒုသမ္မတ ဗန့်စ်ကတော့ နျူကလီးယားအရေးနဲ့ လက်ဘနွန် အပစ်ရပ်ကိစ္စတွေမှာ တိုးတက်မှုရှိဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အစ္စရေးနဲ့ ဟတ်ဇ်ဘိုလာကြားက ထိတွေ့မှုတွေနဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါ ဗန့်စ်က ''အဲဒီမှာ အခြေအနေတွေ ပိုကောင်းလာပါပြီ။ ဒါပေမဲ့ တိုးတက်မှု နှေးတာတော့ရှိတာပေါ့လေ'' ဆိုပြီး လေယာဥ်ပေါ် မတက်ခင် သတင်းထောက်တွေကို ပြောပါတယ်။

''အစ္စရေးရော၊ လက်ဘနွန်ရော လုံခြုံဘေးကင်းအောင် လုပ်ရေး ကျွန်တော်တို့ ကြိုးပမ်းမှာပါ။ ဒါကပဲ အခြေခံရည်မှန်းချက်ဖြစ်ပါတယ်။ ဒေသတစ်ခုလုံး လုံခြုံ ဘေးကင်းဖို့ဖြစ်ပါတယ်'' လို့ သူက ဆက်ပြောပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ အစ္စမေ ဘာဟာအီ ကတော့ ''တစ်ဖက်က ကတိကဝတ်တွေ တည်ဖို့ကို အီရန်ဘက်က တောင်းဆိုသွားဖို့ရှိတယ်'' လို့ ပြောပါတယ်။

အဲဒီဆွေးနွေးပွဲကို ပါကစ္စတန် ဝန်ကြီးချုပ် ရှဘတ်ဇ် ရှာရစ်လည်း တက်ရောက်မယ်လို့ ဝန်ကြီးချုပ်ရုံးက ဘီဘီစီကို အတည်ပြုပါတယ်။ ပါကစ္စတန်ဟာ စစ်ပွဲမှာ ကြားဝင်ညှိနှိုင်းပေးသူအဖြစ်ပါဝင်နေတာဖြစ်ပြီး အမေရိကန်နဲ့ အီရန်တို့ကြားက အရင်ညှိနှိုင်းမှုတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့ပြီးဖြစ်ပါတယ်။

အခုသီတင်းပတ်အစောပိုင်းတုန်းကတော့ အမေရိကန်နဲ့ အီရန်သမ္မတ တို့ဟာ လက်ဘနွန်အရေးအပါအဝင် စစ်ပွဲအဆုံးသတ်ဖို့ရှည်ရွယ်တဲ့ ကနဦးသဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ကြပြီးဖြစ်ပါတယ်။

လာမယ့်ရက်ပေါင်း ၆၀ အတွင်း နောက်ဆုံးသဘောတူညီချက် ရရှိရေး လုပ်ဆောင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

ချင်းရိုင်မှာ ဆောက်လက်စ ရထားဥမင်ထဲ ငြမ်းပြိုကျလို့ မြန်မာ ၁ ဦးအပါ ၂ ဦးသေဆုံး

မတော်တဆမှုဖြစ်ခဲ့တဲ့ မြေအောက်လမ်းပိုင်းနေရာ

ဓာတ်ပုံ ရင်းမြစ်, ทีมพีอาร์การรถไฟแห่งประเทศไทย

ဓာတ်ပုံ ပုံစာ, မတော်တဆမှုဖြစ်ခဲ့တဲ့ မြေအောက်လမ်းပိုင်းနေရာ

ထိုင်းနိုင်ငံမြောက်ပိုင်းက ချင်းရိုင်ခရိုင်ထဲမှာ ဆောက်လက်စ ရထားလမ်း ဥမင်လိုဏ်ခေါင်း တစ်နေရာမှာ မနေ့က ငြမ်းပြိုကျခဲ့တာကြောင့် သေဆုံးတဲ့ အလုပ်သမား ၂ ဦးထဲမှာ ၁ ဦးက မြန်မာနိုင်ငံသားဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

ရထားဥမင်လိုဏ်ခေါင်းရဲ့ ငြမ်းပြိုကျခဲ့တဲ့နေရာဟာ လာအိုနယ်စပ်အထိဆက်မယ့် ဒန်ချိုင်-ချင်းရိုင်-ချန်ကိုင်း မီးရထားလမ်း အစိတ်အပိုင်းမှာဖြစ်ပွားခဲ့တာပါ။

ထိုင်းမီးရထားဌာနကတော့ သေဆုံးသူ မြန်မာနိုင်ငံသားဟာ အသက် ၂၉ နှစ်အရွယ် ကိုတူးဆိုသူဖြစ်ပြီး နောက်တစ်ဦးက ကန်ချနဘူရီခရိုင်မှာ နေထိုင်သူလို့ ပြောပါတယ်။

ထိုင်းသတင်းတွေမှာတော့ ရထားလမ်း ရေလုံအောင်လုပ်နေရင်း ငြမ်းပြိုကျခဲ့မှုမှာ နောက်ထပ် ဒဏ်ရသူ ၇ ဦးရှိပြီး အဲဒီထဲက ၃ ဦးဟာ စိုးရိမ်ရတဲ့အခြေအနေလို့ ဆိုပါတယ်။

သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေ၊ ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေက ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဒီဖြစ်စဉ်ကို မတော်တဆမှုအဖြစ် သတ်မှတ်ထားတယ်လို့လည်း ရေးသားဖော်ပြပါတယ်။

အခုတော့ အာဏာပိုင်တွေက ဒီဖြစ်စဥ်ကို စုံစမ်းဖို့ လုပ်ငန်းခွင်ကို ၂ ရက်ကြာ ပိတ်ထားခိုင်းလိုက်ပြီဖြစ်ပါတယ်။

ထိုင်းမီးရထားဌာနကတော့ အခုဖြစ်စဥ်မှာ ထိခိုက်သေဆုံးသူတွေအတွက် ဝမ်းနည်းကြောင်းပြောသလို ထိုင်းအာဏာပိုင်တွေကလည်း နစ်နာသူတွေအတွက် အကူအညီနဲ့ နစ်နာကြေးပေးဖို့ဖို့ရှိတယ်လို့ဆိုပြီး ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

ခမ်းပတ် မြို့ပေါ်မှာ စစ်တပ်နဲ့ PDF တိုက်ပွဲဆက်ရှိ

ခမ်းပတ်မြို့ကို NUG ကာကွယ်ရေတပ်တွေ သိမ်းပိုက်ချိန်က ထုတ်ပြန်တဲ့ ခမ်းပတ် စခန်းက ကျောက်တိုင်

ဓာတ်ပုံ ရင်းမြစ်, NUG/MOD

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ ကလေး-တမူးလမ်းပေါ်မှာရှိတဲ့ ခမ်းပတ်မြို့ကို စစ်တပ်က ထိန်းချုပ်လိုက်ပြီလို့ ထုတ်ပြန်လာပေမဲ့ မြို့ပေါ်မှာ တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ တမူးအခြေစိုက် တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။

ခမ်းပတ်မြို့ထဲက အမှတ် ၁ နဲ့ အမှတ် ၂ ရပ်ကွက်တွေထဲမှာ ထိတွေ့တိုက်ပွဲတွေဟာ ဒီနေ့မနက်ပိုင်းအထိ ဆက်ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

စစ်တပ်ကတော့ ခမ်းပတ်မြို့ကို မနေ့ ဇွန်လ ၂၀ ရက်ကတည်းက ပြန်သိမ်းလိုက်ပြီလို့ သတင်းထုတ်ပါတယ်။

ခမ်းပတ်မြို့ဟာ ကလေး–တမူး လမ်းကြောင်းပေါ်မှာရှိတဲ့ အရေးပါတဲ့ အချက်အချာမြို့တစ်ခုဖြစ်ပြီး အိန္ဒိယနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပြန်လည်အသုံးပြုနိုင်ရေးအတွက် ဗျူဟာမြောက် အရေးပါနေပါတယ်။

ခမ်းပတ်မြို့ကို အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) လက်အောက် ပြည်သူ့ကာကွယ်‌ရေးတပ်(PDF)နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ သိမ်းခဲ့တာပါ။

နေပြည်တော် သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံကို သွားရောက်တဲ့ခရီးစဉ်မှာ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ကုန်သွယ်ရေး လမ်းကြောင်းပြန်ဖွင့်ဖို့ လုပ်ဆောင်မယ့်အကြောင်း ပြောကြားခဲ့အပြီး အခု ဇွန်လဆန်းပိုင်းကစလို့ ကလေး-တမူးလမ်းကြောင်းကို ထိန်းချုပ်ဖို့အတွက် ကြိုးစားလာတာပါ။

စစ်တပ်ကတော့ ကလေး-တမူးလမ်းကြောင်းတလျှောက်က အရှေ့ခုံသာ၊ ၅၅မိုင်၊ ၅၆ မိုင်၊ ကျေးရွာတွေကို ကလေးမြို့က စစ်ကြောင်းက ထိန်းချုပ်ခဲ့သလို တမူးမြို့က စစ်ကြောင်းကလည်း နန်းမွတ်တားရွာ၊ ရန်လင်းပိုင်ရွာနဲ့ အိန္ဒိယ-မြန်မာနယ်စပ်က တော်လှန်ရေးစခန်းတို့ကိုလည်း ရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ရာဇဂြိုဟ်ရွာနဲ့ ရေလှောင်တမံ၊ ရန်မျိုးအောင်ရွာ၊ စော်ဘွားရေရှင်ရွာ၊ ကျွန်းတောရေရှင်ရွာ၊ ခွန်နိုင်း၊ နန်းခေါက်ခေါက်ရွာတို့ကို ရရှိခဲ့သလို ဇွန် ၂၀ ရက်မှာတော့ ခမ်းပါတ်မြို့ကို သိမ်းပိုက်ခဲ့တာလို့လည်း ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ဒေသတွင်းအခြေအနေသိရှိသူတဲ့တမူးဒေသခံ တစ်ဦးကတော့ စစ်တပ်က စစ်ကြောင်းထိုးတာတွေတင်မကဘဲ လေကြောင်းကနေပါ ဗုံးကြဲတာတွေ ရှိခဲ့တာကြောင့် အရပ်သား ၄ ယောက်ထက်မနည်း သေဆုံးတာတွေ ရှိခဲ့သလို ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ တစ်သောင်းကျော် စစ်ဘေးရှောင်နေရတယ်လို့ ပြောပါတယ်။

ခမ်းပတ်မြို့ကို စစ်တပ် ပြန်ထိန်းချုပ်တယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး ဘီဘီစီက ခမ်းပါတ်မြို့သိမ်း တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တမူးခရိုင် တပ်ရင်း ၂ ကို ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

စစ်တပ်ကတော့ နယ်စပ်ကုန်သွယ်‌ရေးအတွက် အရေးပါတဲ့ ကလေး-တမူးကားလမ်းကို စစ်တပ်က ထိန်းချုပ်သွားပြီးနောက် အမြန်ဆုံး ပြန်ဖွင့်ဖို့ ကြိုးစားနေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ခမ်းပါတ်မြို့ကို ထိန်းချုပ်လိုက်တယ်လို့ ဇွန် ၂၁ ရက်မှာ ထုတ်ပြန်လာတာပါ။

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

ဓာတ်ပုံ ပုံစာ, ခမ်းပါတ်မြို့ကို ထိန်းချုပ်လိုက်တယ်လို့ ဇွန် ၂၁ ရက်မှာ ထုတ်ပြန်လာတာပါ။