
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, အီရန်နဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့တွေ အပြန်အလှန်နှုတ်ဆက်နေကြအမေရိကန်နဲ့ အီရန်ကြား စစ်ပွဲအဆုံးသတ်ရေးနောက်ဆုံးသဘောတူညီချက်ရဖို့ ပထမအကျော့bညှိနှိုင်းမှုတွေဟာ တိုးတက်မှုရှိတယ်လို့ စေ့စပ်ညှိနှိုင်းရာမှာ ပါဝင်နေတဲ့ ကာတာနဲ့ ပါကစ္စတန်နိုင်ငံတို့က ပြောပါတယ်။
အမေရိကန်နဲ့ အီရန်တို့ နှစ်နိုင်ငံကြား ကနဦးသဘောတူညီချက်ရပြီးတဲ့နောက်မှာ လူချင်းတွေ့ ဆွေးနွေးတာကို ဆွစ်ဇာလန်မှာ တနင်္ဂနွေနေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်ဘက်က ဒုတိယ သမ္မတ ဂျေဒီဗန့်စ် ဦးဆောင်ပြီး အီရန်ဘက်က လွှတ်တော်ဥက္ကဋ္ဌနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့က ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တက်ရောက်ပါတယ်။
ကာတာနဲ့ ပါကစ္စတန်တို့ ဒီနေ့ထုတ်ပြန်တဲ့ပူးတွဲကြေညာချက်မှာတော့ အဆင့်မြင့်ကော်မတီဟာ ရက်ပေါင်း ၆၀ အတွင်း နောက်ဆုံးသဘောတူညီချက်ရအောင် လုပ်ဖို့ လမ်းပြမြေပုံတစ်ခုကို သဘောတူလိုက်ပြီဖြစ်ပြီး အဲဒီနောက် အသေးစိတ် ဆွေးနွေးတာတွေကို တစ်ပတ်လုံး ဆက်လုပ်သွားမယ်လို့ဆိုပါတယ်။
အမေရိကန်သံတမန်တစ်ဦးကတော့ ညှိနှိုင်းဆွေးနွေးမှုတွေမှာ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ဖို့နဲ့ လက်ဘနွန်မှာ အပစ်ရပ်ရေးနဲ့ပတ်သက်ပြီး အီရန်ဘက်က ပါးတဲ့သတင်းစကားမှာ မရှင်းလင်းတာတွေကို ရှင်းလင်းရေးကို အဓိက လုပ်ခဲ့တယ်လို့ အစောပိုင်းမှာ ဘီဘီစီကို ပြောပါတယ်။
ကာတာနဲ့ ပါကစ္စတန်တို့ ပူးတွဲကြေညာချက်မှာတော့ ဟော်မုဇ်ရေလက်ကြားကို ကုန်သွယ်သင်္ဘောတွေ ဘေးကင်းကင်းဖြတ်သန်းနိုင်အောင် နားလည်မှုမလွဲအောင်နဲ့ မတော်တဆဖြစ်တာတွေ မဖြစ်အောင် သတင်းအချိတ်အဆက်ရှိဖို့ ဆက်သွယ်ရေးလိုင်း တစ်ခုကို ပြုလုပ်ထားပြီး ဖြစ်တယ်လို့လည်း ပြောပါတယ်။
နျူကလီးယားသဘောတူညီချက်ရရှိရေး အကြောင်းအရာတွေအပေါ်မှာလည်း အာရုံထားဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်သံတမန်က ပြောပါတယ်။
လက်ဘနွန်အပါအဝင် စစ်မျက်နှာအားလုံးမှာ တိုက်ပွဲအဆုံးသတ်ဖို့၊ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ဖို့နဲ့ ရက်ပေါင်း ၆၀ အတွင်း နောက်ဆုံးသဘောတူညီချက်ရဖို့ အမေရိကန်နဲ့ အီရန်ကြား ပြီးခဲ့တဲ့တစ်ပတ်မှာ ကနဦးသဘောတူညီချက် ရခဲ့ပြီးဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီကတည်းက လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာ ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ အစ္စရေးတပ်ဖွဲ့တို့ တိုက်ပွဲတွေပြန်ဖြစ်ခဲ့ပြီး အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွင်း လက်ဘနွန်နိုင်ငံသား ဒါဇင်နဲ့ချီတဲ့လူတွေသေဆုံးခဲ့တယ်လို့ လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီတင်းမာမှုကြောင့် အမေရိကန်ဟာ ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးတို့ အပစ်ရပ်အသစ် တစ်ခု ပြုလုပ်တယ်လို့ သောကြာနေ့မှာ ဝင်ကြေညာတဲ့အထိဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပစ်ခတ်တာတွေ ဆက်ဖြစ်နေတလို့ ဟော်မုဇ် ရေလက်ကြားကို ပိတ်မယ်လို့ဆိုပြီး အီရန်ဘက်က စနေနေ့မှာ ကြေညာခဲ့ပါတယ်။
ကာတာနဲ့ ပါကစ္စတန်တို့ ပူးတွဲကြေညာချက်မှာတော့ ‘‘လက်ဘနွန်မှာ စစ်ဆင်ရေးအဆုံးသတ် သေချာစေဖို့ လက်ဘနွန်သမ္မတနိုင်ငံ၊ ညှိနှိုင်းရေးအဖွဲ့တွေနဲ့ဆက်စပ်အဖွဲ့တွေအပါအဝင် သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေကြား ပဋိပက္ခလျှော့ချရေး ဖုန်းလိုင်းတစ်ခုကို ဖန်တီးဖို့လည်း သဘောတူထားကြပါတယ်’’ လို့ ဆိုပါတယ်။
ဆွစ်ဇာလန်မှာ အမေရိကန်နဲ့ အီရန်ကိုယ်စားလှယ်တွေ အစောပိုင်းညှိနှိုင်းတာတွေ လုပ်နေချိန်တုန်းကတော့ ထရမ့်က အီရန်အနေနဲ့ ‘‘လက်ဘနွန်မှာ သူတို့ အကြီးအကျယ်ထောက်ပံ့ထားတဲ့အစွယ်အပွားတွေကို ပြဿနာရှာတာ ချက်ချင်းရပ်ခိုင်းမှဖြစ်မယ်’’ လို့ ထရုသ် လူမှုကွန်ရက်မှာရေးပြီး မလုပ်ဘူးဆိုရင် ‘‘အီရန်ကို တိုက်ခိုက်မှုပြင်းပြင်းထန်ထန်လုပ်မယ်’’ လို့ ရေးပါတယ်။