ဇွန် ၂၀ ရက် သတင်းများအနှစ်ချုပ်- ထင်ရှားတဲ့ ပို့စ်မော်ဒန် စာရေးဆရာ မင်းခိုက်စိုးစန်ကွယ်လွန်

ဓာတ်ပုံ ရင်းမြစ်, မင်းခိုက်စိုးစန်ပေ့ချ်
ပို့စ်မော်ဒန် စာပေနဲ့ လူသိများထင်ရှားတဲ့ စာရေးဆရာ၊ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာ မင်းခိုက်စိုးစန် (ခ) ဒေါက်တာကျော်စိုး ဟာ ဒီကနေ့ ဇွန် ၂၀ ရက်မနက်ပိုင်းက အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စ္စကိုမြို့မှာ ကွယ်လွန်ခဲ့တယ်လို့ စာပေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတချို့ ဆီက သိရှိရပါတယ်။
'သုည' ဝတ္တုနဲ့ လူကြိုက်များထင်ရှားခဲ့တဲ့ သူဟာ ကွယ်လွန်ချိန်မှာ အသက် ၅၄ နှစ်ရှိပါပြီ။
ပို့စ်မော်ဒန် စာပေနဲ့ အတွေးအခေါ်တွေကို မြန်မာစာဖတ်ပရိသတ်ဆီကို ကျယ်ကျယ်ပြန့်ပြန့် ယူဆောင်ပေးခဲ့တဲ့ စာရေးဆရာတွေထဲက တစ်ဦးအဖြစ် ထင်ရှားပါတယ်။ ဒါ့အပြင် သူဘာသာပြန်ခဲ့တဲ့ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲတွေဟာလည်း ဘာသာပြန်စာပေကို နှစ်ခြိုက်ကြတဲ့ မြန်မာပရိသတ်တွေနဲ့ ဟယ်ရီပေါ်တာ ပရိသတ်တွေကြား ထင်ရှားခဲ့ပါတယ်။
သူရေးသားခဲ့တဲ့အထဲ ပို့စ်မော်ဒန်လူငယ်၊ ဂျစ်ပစီတစ်ယောက်ရဲ့ ရင်ကွဲပက်လက်လမ်းဆုံ၊ လွမ်းလို့ သေသွားတဲ့သစ်ပင်၊ ချစ်သူရဲ့ပါးတစ်ဖက်ကို ခိုးဝှက်သွားတဲ့တစ္ဆေ၊ မနက်ဖြန် အစီအစဉ်၊ အကယ်၍သာ၊ သုည နဲ့ ဟယ်ရီပေါ်တာနှင့် ဝိညာဉ်နုတ်အကျဉ်းသား စာအုပ်တွေက ထင်ရှားပါတယ်။
ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာအဖြစ် ဇာတ်ကားတွေကိုယ်တိုင်ရိုက်ကူးခဲ့သူလည်း ဖြစ်ပါတယ်။
၁၉၉၀ နှောင်းပိုင်း စာရေးဆရာ တာရာမင်းဝေ နောက်ပိုင်းမှာ လူငယ်စာရေးဆရာထဲမှာ အောင်မြင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ မဟေသီမဂ္ဂဇင်းမှာပါတဲ့ "နေရောင် ခြည်သည်ရောဂါပိုးများကို သေစေ၏" ဝတ္ထုတို နဲ့ စာပေလောကထဲကို စတင်ဝင်ရောက်ခဲ့ပါတယ်။
ပထမဆုံးသူ့ရဲ့ လုံးချင်းဝတ္ထုက "လွမ်းလို့ သေသွားတဲ့ သစ်ပင်" ဖြစ်ပြီး လုံးချင်းဝတ္ထု အုပ်၂၀ လောက်ရေးခဲ့ပါတယ်။ "သုည" စာအုပ်က လူကြိုက်အများဆုံးနဲ့ အအောင်မြင်ဆုံးစာအုပ်ဖြစ်ခဲ့ပါတယ်။
ဘာသာပြန် အနေနဲ့ ကမ္ဘာ့သရဲတစ္ဆေ ဝတ္ထုတိုများ အတွဲ ၁/၂ နဲ့ ဟယ်ရီပေါ်တာစီးရီး စသဖြင့် ၇ အုပ်လောက် ထုတ်ဝေခဲ့ပါတယ်။ ဒါ့အပြင် ကလောင်ခွဲ သတိုးတေဇ၊ ဇော်နိုင်ငံစိုး ကလောင်ခွဲတွေနဲ့လည်း စာပေတွေရေးသားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံထားရသရွေ့ မြန်မာ့အရေး ရှေ့မရောက်နိုင် - ဂျူလီဘစ်ရှော့

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံထားရသရွေ့ မြန်မာရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေက အရှေ့ကို ရောက်မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ ဂျူလီဘစ်ရှော့ က ပြောကြားလာပါတယ်။
ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့လည်း သူကတောင်းဆိုပါတယ်။
ဇွန်လ ၁၉ ရက်က ကျင်းပတဲ့ ကုလအထွေထွေညီလာခံရဲ့ အလွတ်သဘောအစည်းအဝေးမှာ ဂျူလီဘစ်ရှော့က အဲဒီလို တောင်းဆိုခဲ့တာဖြစ်ပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေတွေ နဲ့ ပတ်သက်လို့ လွတ်လွတ်လပ်လပ် အတည်ပြုထားတဲ့ အစီရင်ခံစာတွေ အခုချိန်အထိ မရှိသေးပါဘူး။ အခုကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက်မွေးနေ့ မှာ သူ့ လွတ်မြောက်ရေး အတွက် ကျွန်မနဲ့ အတူတောင်းဆိုပေးကြဖို့ တိုက်တွန်းလိုပါတယ်" လို့ ဂျူလီဘစ်ရှော့က ပြောပါတယ်။
သူဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲကပဲ နေပြည်တော်ကို သွားရောက်ခဲ့ပြီး သူသွားရောက်တဲ့အခါတိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေတွေကို အကြိမ်ကြိမ် မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုပွဲတွေကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေက ပြုလုပ်ခဲ့ကြပါတယ်။
သားငယ်ဖြစ်သူ ကင်မ်အဲရစ်ကတော့ မိခင်ဖြစ်သူ နဲ့ မျက်နှာချင်းဆိုင်ပြီး မွေးနေ့ဆုတောင်းခွင့်မရခဲ့တာ အခုဆို ၆ ကြိမ်တိုင်တိုင်ရှိလာပြီလို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ငါးနှစ်ကျော်ကြာ ပြင်ပလောက နဲ့ အဆက်အသွယ်ပြတ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်အဖြစ် သတ်မှတ်နေရာတစ်ခုကို ရွေ့ပြောင်းလိုက်တယ်လို့ ဧပြီ ၃၀ ရက်နေ့မှာ နေပြည်တော်က ကြေညာပါတယ်။ ဒါပေမဲ့ နေရာအတိအကျကိုတော့ ထည့်သွင်းမဖော်ပြခဲ့ပါဘူး။
လိပ်ကျွန်း အမှုနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ မြန်မာနိုင်ငံသား ဝင်းနဲ့ဇော် အမှု ဘာဆက်ဖြစ်နေလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်းနိုင်ငံ၊ လိပ်ကျွန်းမှာ ဗြိတိသျှနိုင်ငံသားစုံတွဲနှစ်ဦး အသတ်ခံရမှုနဲ့ စွပ်စွဲတရားစွဲဆိုခံရပြီးနောက် ထောင်တသက်ပြစ်ဒဏ်ကျခံနေရတဲ့ မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း (ဝင်းနဲ့ဇော်) တို့ကို ဇွန်လနောက်ဆုံးပတ်အတွင်း ထောင်ဝင်စာတွေ့ဖို့ရှိတယ်လို့ ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ဘီဘီစီကို ပြောပါတယ်။
ထောင်ဝင်စာတွေ့ဖို့အတွက် ဘန်ကောက်မြို့ မြန်မာသံရုံးဘက်က ဆောင်ရွက်နေပြီး ဝင်းနဲ့ဇော်တို့ ကို ထောင်ဝင်စာတွေ့ချင်သူတွေကိုဆက်သွယ်နေကြောင်း ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ရဲ့ ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။
တဖက်မှာလည်း ဦးထူးချစ်နဲ့ မြန်မာနိုင်ငံသားတွေအရေးလှုပ်ရှားသူတချို့ဟာ ဝင်းနဲ့ဇော် အမှုစတင်ကတည်းက တစ်လျှောက်လုံးကူညီခဲ့သူတွေဖြစ်ပါတယ်။
"သံရုံးက သူတို့အစည်းအဝေးလုပ်ပြီးတော့ အဲဒီကိုသွားဖို့ ပြောတယ်။ ကျွန်တော်တို့ကိုလည်း လှမ်းမေးပါတယ်။ ကျွန်တော်တို့ တော့ မသွားဖြစ်ဘူးပေါ့။ သွားမယ့်သူတွေကိုတော့ အဓိကမေးပါတယ်" လို့ ဦးထူးချစ်က ပြောပါတယ်။
၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံတောင်ပိုင်းက လိပ်ကျွန်းမှာ နိုင်ငံခြားသားစုံတွဲ အသတ်ခံရမှု နဲ့ ထိုင်းတရားရုံးက ဝင်း နဲ့ ဇော်တို့ကို ၂၀၁၅ ခုနှစ်မှာ သေဒဏ်ချမှတ်ခဲ့တာပါ။
မြန်မာဘက်က အဆင့်ဆင့် အယူခံတက်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘဲ ၂၀၂၀ ခုနှစ်မှာတော့ ထိုင်းဘုရင်ရဲ့ ပြစ်ဒဏ်လျှော့ပေါ့ခွင့်နဲ့ သေဒဏ်ကနေ ထောင်ဒဏ်တသက်တကျွန်းအဖြစ် ပြောင်းလဲသတ်မှတ်ပေးခဲ့ပါတယ်။
လက်ရှိ ဝင်းနဲ့ဇော်တို့ နှစ်ဦး လွတ်ရက်စေ့တော့မလား ဒါမှမဟုတ် လက်ကျန်ထောင်ဒဏ်တွေ ကျန်သေးလားဆိုတာတော့ အတိအကျမသိရသေးဘူးလို့ ဦးထူးချစ်က ပြောပါတယ်။
"ပထမက သေဒဏ်။ သေဒဏ်ကနေ တသက်တကျွန်း၊ တသက်တကျွန်းကနေ နှစ်ရှည်ထောင်ဒဏ်ပြောင်းသွားတယ်။ ဘယ်လောက်လဲဆိုတာတော့ မသိရဘူး။ ၂၀၁၄ ကတည်းကဆိုတော့ အခုဆို ၁၂ နှစ်ရှိပြီ။ တသက်တကျွန်းက နှစ် ၂၀ နဲ့ ညီမျှတယ်ဆိုတော့ ကျွန်တော်တို့ က ရှေ့နေကို မေးတယ်။ လွတ်ဖို့ အတိအကျတော့ ပြောဖို့ ခက်တယ်။ ကျွန်တော်တို့ ရှေ့နေ ကို မေးထားတယ်" လို့ ဦးထူးချစ်က ပြောပါတယ်။
ရှေ့နေဦးအောင်မျိုးသန့်ဘက်က အပြောအရ ဝင်း နဲ့ ဇော်တို့ရဲ့ လက်ကျန်ထောင်ဒဏ်တွေကို ထောင်ဝင်စာ တွေ့ပြီးတော့မှ သိရမယ်လို့ ပြောပါတယ်။
ဝင်း နဲ့ ဇော်တို့ဟာ ကိုဗစ်ကပ်ဘေး နဲ့ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကြောင့် သူတို့မိသားစုနဲ့ တွေ့ဆုံခွင့်မရှိ ၆ နှစ်ကျော်ရှိလာပါပြီ။
သူတို့ရဲ့ မိသားစုတွေဟာ လက်ရှိမှာ စစ်ရှောင်နေတာကြောင့်အဆက်အသွယ်ရဖို့ ခက်ခဲနေတယ်လို့ ဦးထူးချစ်ကပြောပါတယ်။
သူတို့မိသားစုဝင်တွေကို ထိုင်းနိုင်ငံကိုခေါ်ကာ ထောင်ဝင်စာတွေ့နိုင်ဖို့ကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေ နဲ့ ကြိုးစားနေတယ်လို့ သူက ပြောပါတယ်။
မြန်မာ-တရုတ်ပေါင်းပြီး ဂြိုဟ်တုငယ်တစ်လုံး လွှတ်မယ်လို့ ဦးမင်းအောင်လှိုင်ပြော

ဓာတ်ပုံ ရင်းမြစ်, MOI
မြန်မာနဲ့ တရုတ်ပေါင်းပြီး ဂြိုဟ်တုအငယ်တစ်လုံး လွှတ်တင်သွားဖို့ ရှိတယ်လို့ ဇွန်လ ၁၇ ရက်က တရုတ်သတင်းဌာန CCTV နဲ့ အင်တာဗျူးမှာ နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောလိုက်ပါတယ်။ တရုတ် နဲ့ မြန်မာ ပူးပေါင်းဆောင်ရွက်မယ့် ဂြိုဟ်တုစီမံကိန်းဖြစ်တယ်လို့ ဆိုပါတယ်။
ဒါဟာ ဦးမင်းအောင်လှိုင် အရင်စစ်ခေါင်းဆောင်ရာထူး နဲ့ အခု သူ သမ္မတရာထူးယူထားတဲ့ အချိန်မှာ ပထမဆုံးလွှင့်တင်မယ့် ဂြိုဟ်တုငယ်တစ်လုံးဖြစ်လာနိုင်ပေမဲ့ ဘယ်လိုလုပ်သွားမယ်ဆိုတဲ့ အစီအစဥ်ကိုတော့ တိတိကျကျထုတ်ပြော မသွားပါဘူး။
အရင် NLD အစိုးရလက်ထက်တုန်းကတော့ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် နဲ့ ဂျပန်နိုင်ငံ၊ Hokkaido တက္ကသိုလ် တို့ ပူးပေါင်းပြီး MMSAT-1 (Lawkanat-1) ဆိုတဲ့ ဂြိုဟ်တုကို ၂၀၂၁ ခုနှစ်၊ မတ်လတုန်းက လွှတ်တင်ခဲ့ဖူးပါတယ်။
သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးကတော့ "မကြာခင်မှာ ဂြိုဟ်တုတစ်လုံး လွှတ်တင်ဖို့အတွက်ကိုလည်း ကျွန်မတို့ ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒါဟာဆိုရင် မြန်မာနိုင်ငံရဲ့ အာကာသကို ခြေလှမ်းသစ်စတင်တဲ့ ခရီးစဉ်တစ်ခုလို့လည်း ပြောနိုင်ပါတယ်" လို့ တရုတ်ခရီးစဉ်အပြီးမှာ သတင်းဌာနတွေကို ဖြေကြားတာတွေ့ရပါတယ်။
နေပြည်တော်ဟာ အာကာသနည်းပညာ ရရှိရေးအတွက် တရုတ်၊ ရုရှား၊ ဘယ်လာရုစ်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း ရန်ကုန်မြို့က အရင် နက္ခတာရာပြခန်းကို အဆင့်မြှင့်တင်ထားတဲ့ အာကာသပြတိုက်(ရန်ကုန်) ကို ဦးမင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။
သိမ်းဆည်းလိုက်တဲ့ ဓာတ်မှန်စက်နဲ့ ဆက်စပ်ဆေးပစ္စည်းတွေကို စိစစ်နေ - ဗိုလ်မှူးကြီးနော်ဘူ ( KIA ပြန်ကြားရေးတာဝန်ခံ)

ဓာတ်ပုံ ရင်းမြစ်, KIA/KIO
မြစ်ကြီးနား - ပူတာအိုလမ်းပိုင်းမှာ KIA/PDF ပူးပေါင်းတပ်တွေက သိမ်းဆည်းလိုက်တဲ့ ဓာတ်မှန်စက်နဲ့ ဓာတ်မှန်ဆက်စပ်ပစ္စည်းဆေးဝါးတွေကို ဘယ်အတွက်သုံးမယ်ဆိုတာ တိတိကျကျသိရဖို့ စစ်ဆေးမှုတွေလုပ်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ဘီဘီစီ ကို ပြောပါတယ်။
''ပြည်သူ့လူထုကို အရေးကြီးတဲ့ပစ္စည်းသယ်ဖို့ရှိရင်အကြောင်းကြားဖို့ အမြဲတမ်းပြောထားရှိပါတယ်။ ဒီတစ်ခါ အကြောင်းကြားတာမရှိပါဘူး။ စစ်တပ်က အိမ်စီးကားတွေကိုသုံးပြီး စစ်တပ်ရဲ့ ပစ္စည်းတွေသယ်ဆောင်ဖို့ အစည်းအဝေးပြုလုပ်တာတွေရှိတယ်။ ပူတာအို- ခေါင်လန်ဖူး ဘက်ကို စစ်အင်အား၊ စားနပ်ရိက္ခာ စုဆောင်းပြင်ဆင်မှုတွေပြုလုပ်နေတယ်။ ဒါကြောင့် ဓာတ်မှန်စက်နဲ့ပတ်သက်ပြီး စစ်ဆေးနေဆဲဖြစ်ပါတယ်။ စစ်ဆေးပြီး ပြည်သူဟာမှန်ရင် ပြန်ပေးဖို့ စစ်ဆေးနေပါတယ်''လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။
နေပြည်တော်ခန့် ကချင်ပြည်နယ်၊ လီဆူတိုင်းရင်းသားရေးရာ၀န်ကြီး ဦးလီပေါ် ကတော့ ဇွန်လ ၁၈ ရက်က ပူတာအိုမြို့ ပြည်သူ့ဆေးရုံအတွက် သယ်ဆောင်လာတဲ့ ဓာတ်မှန်စက်နဲ့ ဓာတ်မှန်ဆက်စပ်ပစ္စည်း ဆေးဝါးတွေကို စစ်တပ်ပိုင်ပစ္စည်းဆိုတဲ့ စွပ်စွဲချက်နဲ့ KIA/PDF ပူးပေါင်းတပ်ဖွဲ့တွေက လမ်းမှာသိမ်းဆည်းလိုက်တယ်လို့ ပြောပါတယ်။
ဒါကြောင့် ဒီပစ္စည်းတွေကို ပြန်လည်ပေးလာဖို့ အတွက် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အတူမေတ္တာရပ်ခံဖို့ ရှိတယ်လို့ သူကဆက်ပြောပါတယ်။
''ပူတာအိုဆေရုံးမှာ ဓာတ်မှန်စက်မရှိတာ ကြာနေပြီဖြစ်တာကြောင့် ကချင်ပြည်နယ်၀န်ကြီးချုပ် ပူတာအို ခရီးစဥ်လာရောက်ချိန် ပူတာအိုက ရပ်မိရပ်ဖတွေက တောင်းဆိုထားတဲ့ ဓာတ်မှန် စက်ဖြစ်ပါတယ်'' ကချင်ပြည်နယ် လီဆူတိုင်းရင်းသားလူမျိုးရေးရာ၀န်ကြီး ဦးလီပေါ်ရဲ့က ပြောပါတယ်။
ဒေသခံအချို့ရဲ့အပြောအရ ပူတာအိုဆေးရုံဟာ ပူတာအိုခရိုင်မှာပါတဲ့ မြို့နယ် ၅ ခုအတွက် ဒေသခံတွေအားထားရာဖြစ်လို့ ဒီဓာတ်မှန်စက်ဟာ အရေးကြီးတယ်လို့ ဆိုပါတယ်၊၊
လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ပူတာအို မြို့နယ်အတွင်းမှာ ဂျိမ်ဖော့၊ လီဆူ၊ရ၀မ်နဲ့ တိုင်းခန္တီ တိုင်းရင်းသားတွေ အများစု နေထိုင်ကြပြီး ပူတာအို ခရိုင်တစ်ခုလုံး က ပူတာအိုဆေရုံးကိုသာ အားကိုးကြရတယ်လို့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင် က ဆိုပါတယ်။
မြစ်ကြီးနာ-ပူတာအို လမ်းမှာရှိတဲ့ ဆွမ်ပရာဘွမ် မြို့ကို KIA/PDF ပူးပေါင်းတပ်က ၂၀၂၄ ခုနှစ် မေလက သိမ်းယူထားတာဖြစ်ပါတယ်။ ဒါကြောင့် လမ်းကြောတလျှောက်မှာ နှစ်ဖက် လက်နက်ကိုင်တွေရှိနေတာဖြစ်ပါတယ်။
ရန်ကုန်၊ တောင်ကြီး နဲ့ မုံရွာမှာ နှင်းဆီပန်းပန်သူ၊ ဘုရားပန်းကပ်သူတွေကို စစ်တပ်ဖမ်းဆီး

ဓာတ်ပုံ ရင်းမြစ်, GSCB
မနေ့ ဇွန်လ ၁၉ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ မှာ နှင်းဆီပန်းပန်သူတွေ၊ ပန်းရောင်းသူတွေ၊ ဘုရားပန်းအိုးမှာ နှင်းဆီပန်းကပ်ထားသူတချို့ ဖမ်းဆီးစစ်မေးခံရတယ်လို့ တောင်ကြီး၊ မုံရွာ နဲ့ ရန်ကုန်မြို့ခံ တချို့ဆီက သိရှိရပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် ရပ်ကွက်တချို့မှာ ဈေးတွေမှာ နှင်းဆီပန်းရောင်းသူတွေ၊ ဘုရားစင်မှာ ပန်းကပ်ထားတဲ့ သူတွေအပါအဝင် ၅ ဦးထက်မနည်း ဖမ်းဆီးခံရတယ်လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။
"မုံရွာမှာ မနေ့တုန်းက ဖမ်းခံရတဲ့ သူတွေအများကြီးပဲ။ ဈေးတွေမှာလည်း ပန်းရောင်းတဲ့သူတွေကို နှင်းဆီပန်းရောင်းလို့ ဖမ်းသွားတယ်။ အောင်ချမ်းသာ ရပ်ကွက်ထဲမှာလည်း ပုံးထဲမှာ နှင်းဆီပန်းထည့်ရောင်းတာကို ဖမ်းသွားတယ်။ အဲဒီ ဈေးသည်ကို အမှတ် (၁) ရဲစခန်းထဲခေါ်သွားတယ်။ ကွမ်းယာဆိုင်မှာ ဘုရားပန်းအိုးထဲမှာ နှင်းဆီပန်းတစ်ပွင့်ထိုးထားလို့ ဖမ်းခံရတဲ့သူတွေလည်း ရှိတယ်" လို့ မုံရွာမြို့ခံက ပြောပါတယ်။
ဘယ်လိုပြစ်မှုနဲ့ အကြောင်းပြခေါ်ယူ စစ်မေးဖမ်းဆီးလဲဆိုတာကို မသိရဘူးလို့ မြို့ခံက ပြောပါတယ်။
ရန်ကုန်မြို့၊ မင်္ဂလာဒုံဈေးရဲ့ အသားငါးဈေးတန်းက ဈေးသည်တစ်ဦးကိုလည်း ဇွန်လ ၁၉ရက်နေ့က ဖမ်းဆီးသွားတယ်လို့ ဈေးသည်တစ်ဦးက ပြောပါတယ်။
"နှင်းဆီပန်းပန်လို့ ဖမ်းသွားတယ်လို့ကြားတယ်။ ဖမ်းခံရတာတော့ သေချာတယ်" လို့ သူက ပြောပါတယ်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် နှင်းဆီပန်းကိုင်ပြီး Tik Tok မှာ ရုပ်သံဗီဒီယို တင်ခဲ့သူ မနွယ်နွယ် ဆိုတဲ့ အမျိုးသမီးတစ်ဦးကိုလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နဲ့ ဖမ်းဆီးထိန်းသိမ်းပြီး အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ဇွန် ၁၉ ရက်က နှင်းဆီလှုပ်ရှားမှုနဲ့ဆက်နွယ်ကာ ဖမ်းဆီးခံရမှုတွေရှိတယ်ဆိုတာနဲ့ ပတ်သက်လို့ နေပြည်တော်ဘက်က သတင်းတစုံတရာထုတ်ပြန်တာမတွေ့ရသေးပါဘူး။
လူမှုကွန်ရက်ပေါ်မှာ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာတွေ၊ သတင်းတု၊ သတင်းမှားတင်တာတွေနဲ့ မဖွယ်မရာတွေတင်တာတွေကို ၂၄ နာရီစောင့်ကြည့်နေတယ်လို့ နေပြည်တော် အသွင်ပြောင်းအစိုးရရဲ့ ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ က ဇွန်လ ၁၈ ရက်ကကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောထားပါတယ်။
ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူရဲ့ အပြောအရ ၂၀၂၄ ကနေ ၂၀၂၆ မေလအထိ ၂ နှစ်ခွဲခန့်ကာလအတွင်းမှာ ပုဒ်မ ၅၀၊ ၅၂ နဲ့ လူ ၁၄,၀၀၀ နီးပါးကို အရေးယူဖမ်းဆီးခဲ့တယ်လို့ဆိုပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ ၂ နှစ်ခွဲခန့်ကာလအတွင်းမှာ လူဦးရေ ၂,၀၀၀ နီးပါးအရေးယူထားတယ်လို့ နားလည်ရပါတယ်။
အရှုံးမပေးတဲ့ စိတ်ဓာတ်နဲ့အောင်ပွဲဆီကို မရောက်ရောက်အောင် သွားကြမယ် - AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်

ဓာတ်ပုံ ရင်းမြစ်, SG
အာရက္ခတပ်တော် (AA) ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့မှာ သားဖြစ်သူ ကင်မ်အဲရစ်ကို ပေးပို့တဲ့စာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တော်လှန်ရေးအင်အားစုတွေကို အမှတ်တရသတင်းစကားပါးခဲ့ပါတယ်။
ဒေါက်တာညိုထွန်းအောင် ပေးပို့လိုက်တဲ့စာထဲမှာ ကင်မ်အနေနဲ့ ကျန်းမာ၊ ပျော်ရွှင်ပြီး အစစအရာရာ အဆင်ပြေပါစေကြောင်းနဲ့ သားအမိနှစ်ယောက်လည်း အမြန်ဆုံး ပြန်ဆုံတွေ့ကြပါစေကြောင်း ဆုမွန်တောင်းထားပါတယ်။
ဒီစာကိုလက်ခံရရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ မှာ ပြန်လည်မျှဝေခဲ့ပါတယ်။
ကင်မ်အဲရစ်ကို ပေးတဲ့စာထဲမှာ ဒေါက်တာ ညိုထွန်းအောင်က "ညီအစ်ကိုတို့ရေ... အားတင်းထားကြပါ။ စည်းလုံးညီညွတ်စွာနဲ့ လိုရာခရီးပန်းတိုင်ကို နောက်မဆုတ်တဲ့စိတ်၊ ဘယ်တော့မှ အရှုံးမပေးတဲ့ စိတ်ဓာတ်တွေနဲ့အတူ အောင်ပွဲဆီသို့ မရောက်ရောက်အောင် သွားကြရအောင်" လို့ ကင်မ်ကိုပေးတဲ့ စာထဲမှာ ရေးထားပါတယ်။
ပြီးခဲ့တဲ့ ၇ လ က ကင်မ်အဲရစ် က သူ့ကိုပေးခဲ့တဲ့ သတင်းထောက် Alan Clements ရဲ့ "CONVERSATION WITH A DICTATOR" စာအုပ် နဲ့ စာတစ်စောင်ကို လက်ခံရရှိခဲ့ပြီး အခု ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့မှာ ကင်မ်ဆီကို စာပြန်ခဲ့တာပါ။
ဒေါက်တာညိုထွန်းအောင်က သူလက်ခံရရှိတဲ့အထဲ ကင်မ်ကိုယ်တိုင် လက်ရေးနဲ့ ရေးထားတဲ့ "IN THE MEANTIME STAY STRONG AND UNITED WE WILL WIN" ဆိုတဲ့ စာသားဟာ သူ့အတွက်သာမကပဲ နွေဦးတော်လှန်ရေးက တော်လှန်ပြည်သူတစ်ရပ်လုံးအတွက်ရည်ညွှန်းတယ်လို့ ခံယူတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ဒေါက်တာညိုထွန်းအောင်က ကင်မ်ဆီရေးတဲ့စာထဲမှာ ဒီစာသားကို ပြန်ကိုးကားပြီး အားပေးစကားပါးခဲ့တာပါ။
နောက်ပြီး ဒေါက်တာညိုထွန်းအောင်က "လူကြီးမင်းရဲ့ မိခင်ကြီးကို ချစ်ခင်မြတ်နိုးကြတဲ့ မြန်မာပြည်သူပြည်သားတွေနဲ့အတူ သံမဏိနှင်းဆီ ဖြစ်တဲ့ သူ့ရဲ့ မွေးနေ့အပြီးမှာ လူကြီးမင်းရဲ့ အဖြစ်ချင်ဆုံး ဆန္ဒတွေ ပြည့်ဝပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်" လို့ ရေးသားပါတယ်။
ကင်မ်အနေနဲ့ သူ့ကို မိတ်ဆွေစစ်တစ်ယောက်အနေနဲ့ အမြဲတမ်း မှတ်ယူထားလို့ ရကြောင်း နဲ့ ငြိမ်းချမ်းသွားတဲ့တစ်နေ့ကျရင် အာရက္ခမြေရဲ့ အလှဆုံးတစ်နေရာမှာ တွေ့ဆုံကြမယ်လို့ ဒေါက်တာညိုထွန်းအောင်က အဲဒီစာထဲမှာ ရေးသားထားပါတယ်။








