ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်း စစ်ပွဲ - ဘက်မုမြို့က ရုရှားနဲ့ ယူကရိန်း နှစ်ဖက်လုံးအတွက် ဘာ့ကြောင့် အရေးပါနေတာလဲ
- ရေးသားသူ, ဂျိမ်းစ် လန်ဒဲလ်
- ရာထူးတာဝန်, ကိယက်ဗ်မှာရောက်နေတဲ့ သံတမန်ရေးရာ သတင်းထောက်
- ရေးသားခဲ့သည်။
ဘက်မုဟာ အပျက်အစီးပုံတွေနဲ့ ပြားပြားဝပ်နေပါပြီ။
ယူကရိန်းအရှေ့ပိုင်းမှာရှိပြီး စက်မှုကုန်ထုတ်လုပ်ငန်းတွေထွန်းကားရာ ဒီမြို့လေးကို ရုရှားတပ်က ပြီးခဲ့တဲ့ ၇ လလုံးလုံး အမြောက်နဲ့ ထုနေခဲ့တာပါ။
မြို့ထဲမှာ အရပ်သားတွေ ထောင်ဂဏန်း နည်းနည်းလောက်သာ မြေအောက်က ခိုလှုံရာ နေရာတချို့မှာ ကျန်ခဲ့ပြီး ရေတို့၊ ဓာတ်ငွေ့တို့၊ လျှပ်စစ်မီးတို့မရှိဘဲ ကျန်နေရစ်ကြတာလို့ ဒုတိယ မြို့တော်ဝန် အိုလက်ဆန်ဒရာ မတ်ချင်ကိုက ဆိုပါတယ်။
"မြို့မှာ အားလုံး နီးပါး ပျက်စီးသွားပြီ" လို့ သူက ဘီဘီစီကို ပြောပါတယ်။
"စစ်ပွဲကြောင့် မထိခိုက်ဘဲ ကျန်ခဲ့တဲ့ အဆောက်အဦ တလုံးမှ မရှိပါဘူး။"
ဘာ့ကြောင့် ရုရှားနဲ့ ယူကရိန်းက ဒီ အပျက်အစီးပုံတွေနဲ့ မြို့ကို ရဖို့ ကျားကုတ်ကျားခဲ တိုက်နေခဲ့ကြတာပါလဲ။ ဒီစစ်ပွဲအတွင်း တခြားတိုက်ပွဲတွေနဲ့ နှိုင်းရင် ဒီမြို့တိုက်ပွဲက အကြာရှည်ဆုံးဖြစ်ပြီး ဒီမြို့ကို ရဖို့၊ ဒီမြို့ကို ကာကွယ်ဖို့ ဘက်နှစ်ဖက်လုံးက ဘာ့ကြောင့် သူတို့ စစ်သားတွေ အများအပြားကို အရင်းအနှီးပေးပြီး တိုက်ခဲ့ကြတာပါလဲ။
ဘက်မုဟာ သေနင်္ဂဗျူဟာအရ တန်ဖိုးနည်းနည်းသာရှိတာပါလို့ စစ်ရေး သုံးသပ်သူတွေက ပြောပါတယ်။ ဒီမြို့ဟာ စစ်စခန်းတွေ အခြေစိုက်ရာမြို့မဟုတ်သလို၊ လမ်းဆုံမြို့ လည်းမဟုတ်၊ လူဦးရေ အများကြီး ရှိတဲ့မြို့လည်း မဟုတ်ပါဘူး။ ကျူးကျော်စစ် မစခင်က ဒီမြို့မှာ လူ ၇ သောင်းလောက်သာ နေကြတာပါ။ ဒီမြို့ကနေ ဆားရယ်၊ ဂေါဒန်ကျောက်ရယ်၊ ဝိုင်ရယ် ထွက်တယ်လို့သာ နာမည်ကျော်ပါတယ်။ ပထဝီ အရ ဒီမြို့က ထူးထူးခြားခြား အရေးမပါပါဘူး။
အနောက်နိုင်ငံတခုက အရာရှိ တယောက် ရဲ့ စကားကို ယူပြောရရင် ဘက်မုဟာ "ကီလိုမီတာ ၁,၂၀၀ ရှည်တဲ့ ရှေ့တန်း တကြော မှာ နည်းဗျူဟာ အဖြစ်အပျက် အသေးလေးတခု" တဲ့။
ဒါပေမယ့်လည်း ရုရှားက ဒီမြို့ကို သိမ်းနိုင်ဖို့ စစ်ရေးဆိုင်ရာ အရင်းအမြစ်များစွာကို သုံးခဲ့ပါတယ်။ ဘက်မုမြို့ထဲနဲ့ တဝိုက်မှာ ရုရှားတပ်ဖွဲ့ဝင် ၂၀,၀၀၀ နဲ့ ၃၀,၀၀၀ ကြား သေဆုံး ဒါမှမဟုတ် ဒဏ်ရာရခဲ့တယ်လို့ အနောက်နိုင်ငံ အရာရှိ တွေက ခန့်မှန်းထား ပါတယ်။
ရုရှားက သင်္ကေတဆောင်တဲ့ အောင်ပွဲတခုခု ဖြစ်ဖြစ်၊ အောင်ပွဲတခုခုကို ရဖို့ လိုနေ ပါတယ်။ ဆယ်ဗာရာဒွန်ညက် နဲ့ လက်စလေ ချန့် တို့လို မြို့တွေကို ရုရှားက သိမ်းနိုင်တဲ့ ပြီးခဲ့တဲ့နှစ်နွေရာသီကတည်းက သူတို့အောင်ပွဲရချင်တာ ကြာလှပါပြီ။ အဲဒီအချိန် ကတည်းက သူတို့နယ်မြေစိုးမိုးနိုင်တာ၊ သိမ်းနိုင်တာ နှေးကွေးနေတာပါ။
ရုရှားဟာ သူ့နိုင်ငံက ကရင်မလင် ထောက်ခံတဲ့ ဝါဒဖြန့်သူတွေကို ရောင်းဖို့ အောင်မြင်မှုတခု လိုနေတာပါ။ ယူကရိန်းလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး စင်တာ ဥက္ကဋ္ဌ ဆာဟီ ကုဇန်က "သူတို့က နိုင်ငံရေး ရည်မှန်းချက် တခုအရ တိုက်တဲ့ပွဲပါ၊ စစ်ရေးချည်းအတွက် သက်သက်မဟုတ်ပါဘူး။ ရုရှားဟာ သူတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ အောင်မြင်ဖို့ ထောင်နဲ့ချီတဲ့ လူတွေကို ဆက်ပြီး စတေးဦးမှာပါ" လို့ ဘီဘီစီကို ပြောပါတယ်။
ရုရှား စစ်တပ် တပ်မှူးတွေက ဘက်မုကို စစ်ရေးလိုအပ်ချက်အရလည်း သိမ်းချင်ပါတယ်။ အဲဒီမြို့ကတဆင့် တခြားနယ်မြေတွေကို သိမ်းနိုင်မယ်လို့ သူတို့မျှော်လင့် ထားနိုင်ပါတယ်။ ဒီဇင်ဘာလအတွင်းမှာ ဗြိတိန်ကာကွယ်ရေးဌာနက ပြောတာကို ကြည့်ရင် ဒီမြို့ကို သိမ်းလိုက်နိုင်တာကနေ " ကရာမာတော့စ် နဲ့ စလိုဗန့်မြို့တို့လို ပိုကြီးတဲ့ မြို့တွေကို ခြိမ်းခြောက်နိုင်ဖို့ ရုရှားတွေ အခွင့်အလမ်းရသွားနိုင်တယ်" ဆိုတာကို တွေ့ရပါတယ်။
ဒီတိုက်ခိုက်သိမ်းပိုက်မှုမှာ ဗာ့ဂနာ ကြေးစားတပ်ဖွဲ့က အခရာ ကျခဲ့သလား ဆိုတဲ့ အမေး ကလည်း ရှိနေပါတယ်။
ဘက်မုကို သိမ်းနိုင်ခြင်းအားဖြင့် အဲဒီအဖွဲ့ခေါင်းဆောင် ယက်ဂေးနီ ပရစ်ဂေါ့ရှင်နဲ့ သူ့ တပ်ဖွဲ့ရဲ့ သိက္ခာတက်သွားပါတယ်။ ရုရှားနိုင်ငံ ပုံမှန် စစ်တပ်ထက် သူ့တပ်ဖွဲ့ဝင်တွေ က စွမ်းဆောင်ရည် ပိုရှိတယ်ဆိုတာကို ပြသနိုင်ဖို့ သူက ရည်မှန်းခဲ့တာပါ။ သူက ထောင်ကျ ရာဇဝတ်သားအများအပြားကို တပ်ဖွဲ့ထဲ ထည့်ခဲ့ပြီး ယူကရိန်း ခံစစ် စည်း နေရာတွေကို ပို့ခဲ့တာပါ၊ အဲဒီလူ အများအပြားလည်း တိုက်ပွဲမှာ သေဆုံးခဲ့ ပါတယ်။
အကယ်၍ အဲဒီမှာ သူအောင်ပွဲ မရရင် မော်စကိုမှာ သူ့ရဲ့ နိုင်ငံရေး သြဇာက ပျက်ယွင်း သွားမှာပါ။ မစ္စတာ ပရစ်ဂေါ့ရှင်က ရုရှား ကာကွယ်ရေး ဝန်ကြီး ဆာဂေ ရွှိုင်ဂု ရဲ့ နည်းဗျူဟာတွေကို ဝေဖန်တာ၊ သူ့တပ်အတွက် ခဲယမ်းတွေ အလုံအလောက် မပေးတာတွေကြောင့် သူတို့ ၂ ယောက်ကြား သိပ်အဆင်မပြေကြပါဘူး။ အစိုးရမှာ သူ့သြဇာ ကိုယ့်သြဇာ လွှမ်းမိုးနိုင်ဖို့ သူတို့ ၂ ယောက်အကြား "ဘက်မုနဲ့ တဝိုက်မှာ အပြိုင်အဆိုင်ကြဲကြတာ" လို့ မစ္စတာ ကုဇန်က ဆိုပါတယ်။
ဒါဆိုရင် သူ့ရဲ့ တပ်ဖွဲ့ဝင်တွေ ထောင်နဲ့ချီ အဆုံးရှုံးခံပြီး ယူကရိန်းက ဘက်မုကို ဘာလို့ အသည်းအသန် ကာကွယ်ခဲ့ပါလဲ။
အဓိက စစ်ရေးရည်မှန်းချက်ကတော့ ဒီတိုက်ပွဲကို သုံးပြီး ရုရှား စစ်တပ် အားပျော့ သွားစေဖို့ပါ။ အနောက်တိုင်းအရာရှိတယောက်က "ဘက်မုက ယူကရိန်းတွေအတွက် ရုရှား အများအပြားကို သတ်နိုင်ဖို့ ဘယ်မှာမှ ရှာမရတဲ့ အခွင့်အလမ်းကို ပေးတယ်" လို့ တဲ့တိုးပြောပါတယ်။
ဘက်မုမှာ ရုရှားက ၅ ယောက် သေရင် ယူကရိန်းဘက်က တယောက် ကျတယ်လို့ နေတိုး အရင်းအမြစ်တွေက ခန့်မှန်းပါတယ်။ ယူကရိန်း အမျိုးသား လုံခြုံရေး အတွင်းရေးမှူး အိုလက်ဆီ ဒန်နီလော့ဗ်က အချိုးက ဒီထက်များနိုင်ပြီး ၇ ချိုး တချိုး တောင် ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဒီ ကိန်းဂဏန်းတွေက အတည်ပြုရခက်ပါတယ်။ ဆာဟီ ကုဇန်က "ဘက်မုမှာ ရန်သူဘက်က ထိခိုက်မှုက ကျွန်တော်တို့ထက် အဆများစွာရှိပြီး ရန်သူ့အင်အားကို ချိနဲ့အောင် လုပ်နိုင်နေသရွေ့ ဘက်မုကို ကျွန်တော်တို့ ဆက်ထိန်းထားမှာပါ" လို့ ဘီဘီစီကို ပြောပါတယ်။ မြို့ကို ကာကွယ်ခြင်းဖြင့် ရုရှားတပ်တွေကို ဒီမှာထိန်းထား နိုင်ပြီး တခြား ရှေ့တန်း နေရာတွေမှာ သွားပြီး နေရာမချနိုင်အောင် ယူကရိန်းက လုပ်တာပါ။
ရုရှားလိုပဲ ယူကရိန်းဘက် ကလည်း ဘက်မုဟာ နိုင်ငံရေးအရ အရေးကြီးပါတယ်။ ယူကရိန်း သမ္မတ ဗိုလော့ဒီမာ ဇယ်လန်းစကီးက ဒီမြို့ကို ခုခံမှုရဲ့ သင်္ကေတလို့ သတ်မှတ်ထားတာပါ။ ဒီဇင်ဘာလအတွင်း အမေရိကန်ကို သူသွားရောက်ခဲ့စဉ်က "ကျွန်တော်တို့ရဲ့ စိတ်ဓာတ် ခံတပ်ကြီး" လို့ ဒီမြို့ကို တင်စားခဲ့ပြီး ဘက်မု အလံ တခုကို အမေရိကန် ကွန်ဂရက်လွှတ်တော်ကို ပေးခဲ့ပါတယ်။ "ဘက်မု တိုက်ပွဲက လွတ်လပ်ရေး အတွက် တိုက်နေတဲ့ ကျွန်တော်တို့ရဲ့ စစ်ပွဲ လမ်းကြောင်းကို ပြောင်းလဲ သွားစေမယ်" လို့ သူက ပြောခဲ့ပါတယ်။
ဘက်မုကျသွားတော့ ဘာဖြစ်လာမလဲ။ ရုရှားက အောင်ပွဲတခုအဖြစ် ကြွေးကြော်နိုင်ပါတယ်၊ စိတ်ဓာတ်တက်စရာ ရှားရှားပါးပါး သတင်းတခုပါ။ ယူကရိန်းက နိုင်ငံရေး အရ တစုံတရာ ထိခိုက်နိုင်ပါတယ်။ ယူကရိန်းတွေအနေနဲ့ "ဘက်မုကို ထိန်းထားတုန်းပဲ" လို့ လူမှုမီဒီယာတွေမှာ မပြောနိုင်တော့ပါဘူး။ ဒါပေမယ့် စစ်ရေးအရ အကြီးအမား ထိခိုက်မှုပဲလို့ ယုံကြည်သူက အနည်းအပါးသာ ရှိမှာပါ။
အမေရိကန် ကာကွယ်ရေး ဝန်ကြီး လွိုက် အော်စတင်က "ဘက်မုမြို့ ကျသွားတယ်ဆိုတာက ရုရှားတွေ ဒီစစ်ပွဲရဲ့ လှိုင်းကို ပြောင်းလိုက်နိုင်ပြီလို့ ဆိုတဲ့ အဓိပ္ပာယ်မသက်ရောက် ပါဘူး" လို့ ပြောပါတယ်။
သြစတြီးယား ဗိုလ်ချုပ်ဟောင်းလည်းဖြစ် သေနင်္ဂဗျူဟာဆိုင်ရာ ကျွမ်းကျင်သူလည်း ဖြစ်တဲ့ မစ်ခ် ရိုင်ယန်က ရုရှားတွေ မြန်မြန်ရှေ့ကို တက်လာစရာ မရှိပါဘူးလို့ ယုံကြည်ရင်း "ယူကရိန်းတွေက သူတို့ ၈ နှစ်လောက်ကြာအောင် ပြင်ဆင်ထားတဲ့ ကရာမာတော့စ် ခံစစ်ဇုန်တွေဆီကို ဆုတ်လိမ့်မယ်။ အဲဒီမြို့က ဘက်မုထက် ပို အမြင့်ပိုင်း ကျပြီး ခံစစ်အရ ပိုကောင်းတယ်။ ကရာမာတော့စ်ဘက်ကို ထိုးစစ်ဆင်ရင် ဘက်မု လိုပဲ ပွဲတိုင်းမှာ ရုရှားတွေ သွေးမြေကျရမှာပါ" လို့ ပြောပါတယ်။
ဘက်မုအတွက် တိုက်ပွဲမှာ အရေးကြီးတာတွေက တဖက်ဖက်ကနေ အကျအဆုံး ဘယ်လောက် ရှိသွားခဲ့တယ် ဆိုတာနဲ့ စစ်ပွဲ အတွက် နောက်အဆင့်မှာ ဒီတိုက်ပွဲက ဘယ်လောက် အရေးပါခဲ့သလဲ ဆိုတာပါ။ ရုရှားအနေနဲ့ နောက်ထပ် ထိုးစစ်တွေ ဆင်နိုင် မယ့်အရေး ဒီတိုက်ပွဲကြောင့် ထိခိုက်ခဲ့လေသလား။ ဒါမှမဟုတ် ဒီ တိုက်ပွဲကြောင့် ယူကရိန်းတို့ ဘက်က နွေဦးမှာလုပ်မယ့် တန်ပြန်ထိုးစစ် အတွက် အားနည်း သွားလေမလား။