ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လွတ်မြောက်ပြီးသားမြို့ကနေ ထွက်ခွာပြေးကြဖို့ ယူကရိန်း အမိန့်ထုတ်
- ရေးသားသူ, အိုလီဗာ စလိုး
- ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန
- ရေးသားခဲ့သည်။
ရုရှားတွေက မနှစ်က ထွက်ခွာသွားခဲ့ပြီး အခုပြန်သိမ်းဖို့လုပ်နေတဲ့ ကုယန့်စ်မြို့ကနေ တချို့ဒေသခံတွေ ထွက်ခွာကြဖို့ ယူကရိန်း အစိုးရက အမိန့်ထုတ်လိုက်ပါတယ်။
ရုရှားတွေက "အဆက်မပြတ်" အမြောက်နဲ့ ပစ်နေတာကြောင့် ကလေးငယ်တွေရှိတဲ့ မိသားစုတွေ၊ "လမ်းလျှောက်ဖို့ အခက်အခဲ" ရှိတဲ့သူတွေ မြို့ကနေ အမြန်ထွက်ခွာ ကြဖို့ ခါကစ်ဗ် ဒေသဆိုင်ရာအာဏာပိုင်တွေက ညွှန်ကြားနေတာပါ။
နိုင်ငံ အရှေ့မြောက်ပိုင်းက ဒီမြို့ကို ရုရှားတွေက အင်အားသုံးပြီး သိမ်းယူခဲ့ပြီးတဲ့ နောက် မနှစ် စက်တင်ဘာလမှာ ယူကရိန်းက ပြန်သိမ်းနိုင်ခဲ့ပါတယ်။
ဒီကာလအတွင်းမှာပဲ ရုရှား ကြေးစားတပ်တွေက သူတို့ ယူကရိန်းအရှေ့ပိုင်းက အဓိကကျတဲ့ ဘက်ခ်မုမြို့ကို "လက်တွေ့ ဝိုင်းထားပြီ" လို့ ဆိုပါတယ်။
အရပ်သားလက်နက်ကိုင်အဖွဲ့ တခုဖြစ်တဲ့ ဗာ့ဂနာအဖွဲ့ကို ဦးဆောင်နေတဲ့ ယက်ဂေးနီ ပရစ်ဂေါ့ရှင်က အခုလို ပြောလိုက်တာပါ။
ယူကရိန်းစစ်တပ်က ထုတ်ပြန်တဲ့နောက်ဆုံး သတင်းလွှာထဲမှာတော့ ရုရှား စစ်တပ်ဟာ ဘက်ခ်မုမြို့ကို ဆက်ထိုးစစ်ဆင်နေတယ်၊ ဒါပေမဲ့ တိုက်ခိုက်မှု တွေကို "တုံ့ပြန်ရိုက်ချိုး" လိုက်တယ်လို့ ဆိုထားပါတယ်။
ဒီသီတင်းပတ် အစောပိုင်းကတော့ ကုယန့်စ်မြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၈၀ လောက်မှာရှိတဲ့ ဘက်ခ်မုမြို့ရဲ့ အခြေအနေက "ပိုပိုပြီး ခက်ခဲလာနေတယ်" လို့ ယူကရိန်း သမ္မတ ဗိုလော့ဒီမာ ဇယ်လန်းစကီးက ဝန်ခံပြောကြားခဲ့ပါတယ်။
ကုယန့်စ်မှာတော့ ရုရှားရဲ့ အမြောက်ဒဏ်ကြောင့် "လုံခြုံရေးအခြေအနေ မတည်ငြိမ် တဲ့အတွက်" မြို့ခံတွေ ထွက်ခွာကြဖို့ အမိန့်ထုတ်ထားကြောင်း ခါကစ်ဗ် ဒေသ စစ်ရေး ဆိုင်ရာ အာဏာပိုင်တွေက ကြာသပတေးနေ့က ပြောခဲ့ပါတယ်။
ထွက်ခွာရသူတွေကို ခိုလှုံစရာနေရာ၊ အစားအစာ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အပါအဝင် အထောက်အပံ့တွေ ပေးပါ့မယ်လို့လည်း သူတို့က ပြောပါတယ်။
ဒီဒေသမှာရှိနေတဲ့ တခြားနိုင်ငံသားတွေကိုလည်း ထွက်ခွာခွင့်ပြုမယ်လို့ သူတို့က ဆိုပါတယ်။ စစ်မဖြစ်ခင်အချိန်က ဒီမြို့ရဲ့ လူဦးရေဟာ ၂၅,၀၀၀ ခန့်ရှိပါတယ်။
ကုယန့်စ်နဲ့ အနီးအနားဒေသတွေမှာ ကလေးငယ် ၈၁၂ ယောက်နဲ့ မသန်စွမ်းသူ ၇၂၄ ယောက်ကို သူတို့ စာရင်းသွင်းထားပြီးဖြစ်ကြောင်း စစ်တပ်က ပြောပါ တယ်။
စစ်ပွဲလေ့လာရေး အင်စတီကျု (Institute for the Study of War) က ရုရှားတပ်ဖွဲ့တွေဟာ ကုယန့်စ်ရဲ့ အရှေ့မြောက် ဘက်မှာ "မြေပြင်ထိုးစစ်တွေကို အကန့်အသတ်နဲ့ လုပ်ဆောင်နေပြီး" အရှေ့တောင်ဘက် ကီလိုမီတာ ၈၀ အကွာလောက်က ကရင် မင်နာ အရပ်တဝိုက်မှာလည်း ထိုးစစ် စစ်ဆင်ရေးတွေ လုပ်နေတယ်လို့ ဒီသီတင်းပတ် အတွင်းမှာ ပြောပါတယ်။
အရေးကြီးတဲ့ ရထားလမ်းဆုံတွေရှိရာ ကုယန့်စ်မြို့ဟာ စစ်ပွဲစကတည်းက တိုက်ပွဲကြီးတွေကို ကြုံနေခဲ့ရတာဖြစ်ပြီး စစ်ပွဲအစပိုင်း ရက်ပိုင်းအတွင်းမှာပဲ ရုရှားတွေ လက်ထဲကျသွားခဲ့ကာ လပေါင်းများစွာ သူတို့သိမ်းပိုက်ထားခဲ့တာပါ။
ဒါပေမယ့် စက်တင်ဘာလအတွင်းမှာတော့ ယူကရိန်းတပ်တွေက ရုတ်တရက် တုံ့ပြန်တိုက်ခိုက်မှုနဲ့အတူ ဒီမြို့ကို ပြန်သိမ်းယူခဲ့ကာ ခါကစ်ဗ်ဒေသ တခုလုံးနီးပါးဟာလည်း ကိယက်ဗ်ရဲ့ ထိန်းချုပ်မှုအောက်ကို ပြန်ရောက်ခဲ့ပါတယ်။
ဧပြီလမှာ ကိယက်ဗ်တဝိုက်ကနေ ရုရှားတွေဆုတ်ခွာခဲ့ပြီးနောက်ပိုင်း ဒီတိုးတက်မှုတွေနဲ့ တောင်ပိုင်းက ခါဆွန်မြို့ လွတ်မြောက်လာမှုက အရေးအပါဆုံး ရှေ့တန်းက အောင်ပွဲတွေ ဖြစ်ခဲ့တာပါ။
ရုရှားတွေ ယူကရိန်းရဲ့ အရှေ့ဘက်ကြောကနေ တပ်ဖွဲ့ဝင်တွေ ထောင်ပေါင်းများစွာ နဲ့လာနေပြီလို့ ဆိုပြီး ရုရှားဟာ ထိုးစစ်ကြီး အသစ်တခုလုပ် တော့မယ် ဆိုတာကို အရင်လအတွင်း ယူကရိန်းက သတိပေးခဲ့ပါတယ်။
ရုရှားတွေဟာ ကျူးကျော်တဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကို အထိမ်းအမှတ်ပြုတဲ့အနေနဲ့ ဒီကာလတဝိုက်မှာ "တခုခုကို ကြိုးစားလိမ့်မယ်" လို့ ကာကွယ်ရေး ဝန်ကြီး အိုလက်ခ် ဆီ ရက်ဇ်နီကော့ဗ်ကလည်း လွန်ခဲ့တဲ့ တလတုန်းက သတိပေးခဲ့ပါတယ်။
ဒါပေမယ့် ကုယန့်စ်နဲ့ ဘက်ခ်မု တဝိုက် သိသာတဲ့ ရှေ့တိုးလာမှုတွေရှိလာတာက တိုက်ပွဲတွေမှာ အောင်ပွဲ အကြီးအမား ရနေတယ်လို့ မဆိုနိုင်ပါဘူး။
တယ်လီဂရမ်မှာ တင်ထားတဲ့ ဗီဒီယိုတခုထဲမှာ ဗာ့ဂနာအဖွဲ့ ခေါင်းဆောင် ယက်ဂေးနီ ပရစ်ဂေါ့ရှင်က လမ်းတပေါက်ပဲ ဖွင့်ထားပေးပြီး ကုယန့်စ်မြို့ကို "လက်တွေ့ ဝိုင်းထားပြီ"လို့ ပြောထားပါတယ်။ သူက မြို့ကို စွန့်ခွာကြဖို့ကိုလည်း ယူကရိန်းသမ္မတကို ပြောပါ တယ်။
သောကြာနေ့က နောက်ထပ် အဖြစ်တခုကတော့ ဗလာဒီမီယာ ပူတင်ဟာ ရုရှားနိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာ ထိပ်တန်းအရာရှိတွေနဲ့ အစည်းအဝေးတခု ထိုင်ခဲ့တာပါ။
ယူကရိန်းအဖွဲ့တခုက ရုရှားနယ်စပ်ကို ဖြတ်လာပြီး အဖျက်အမှောင့်တွေ လုပ်သွား သလို အရပ်သားတွေကိုလည်း ပစ်ခတ်ခဲ့တယ်လို့ ရုရှား သမ္မတက စွပ်စွဲ အပြီး နောက်တရက်အကြာမှာ အခုအစည်းအဝေး ဖြစ်လာတာပါ။
နယ်စပ်ဘက်က လူဘက်ချနီရွာမှာ အရပ်သားကား တစင်းကို "ယူကရိန်း အဖျက် သမားတွေက" သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ လူ ၂ ယောက်သေဆုံးသွားပြီး ၁၀နှစ် အရွယ် ယောက်ျားလေးတယောက် ဒဏ်ရာရသွားတယ်လို့ ဘရိုင်ယန့်စ် ဒေသက အုပ်ချုပ် ရေးမှူးက ပြောပါတယ်။
ကိယက်ဗ်ဘက်ကတော့ ရုရှားဘက်က ပြောတဲ့အချက်ကို ငြင်းဆိုထားပြီး မော်စကိုဟာ ရန်စနေတာလို့ ပြောပါတယ်။