ဗြိတိန်၀န်ကြီးချုပ်သစ် ဘယ်သူဖြစ်နိုင်သလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဗြိတိသျှ ၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် ရာထူးက ဆင်းပေးတော့မယ်လို့ ဇူလိုင်လ ၇ရက်မနက်မှာ ကြေညာခဲ့ပါတယ်။
ဒါကြောင့် ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင်သစ် တစ်ယောက်ကို ရွေးချယ်တင်မြှောက်ရမှာဖြစ်ပြီး အဲဒီပုဂ္ဂိုလ်ဟာ ဗြိတိန် ၀န်ကြီးချုပ် ဖြစ်လာတော့မှာပါ။
အာဏာရပါတီ တိုရီ အမတ်တွေ ထောက်ခံမှု ရတဲ့ နောက်ဆုံး ကိုယ်စားလှယ်နှစ်ယောက်ကို ကွန်ဆာဗေးတစ် အဖွဲ့၀င်တွေက မဲပေး ရွေးချယ်ကြမှာ ဖြစ်ပါတယ်။
လက်ရှိ စည်းမျဉ်းအရ ခေါင်းဆောင်ဝင်အရွေးခံဖို့ ကွန်ဆာဗေးတစ်ပါတီ အမတ် ၈ ယောက် ထောက်ခံပေးဖို့ လိုအပ်တာ ဖြစ်ပါတယ်။
၀င်ပြိုင်သူ ၂ယောက်ထက်ပိုရင် တိုရီအမတ်တွေက နောက်ဆုံး ၂ယောက်ကျန်တဲ့ အထိ မဲပေးရွေးချယ်ကြရမှာပါ။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဝင်ပြိုင်မယ့်သူတိုင်းအတွက် အချိန်ဇယားကို ၁၉၂၂ လွှတ်တော်ကော်မတီ အမတ်တွေက အဆုံးအဖြတ် ပေးကြမှာ ဖြစ်ပြီး ပြိုင်ပွဲ မတိုင်ခင် စည်းမျဉ်းတွေကို ပြောင်းဖို့ ကော်မတီက မဲပေးကြဖွယ် ရှိပါတယ်။
အခုတော့ ကွန်ဆာဗေးတစ်ပါတီကို ခေါင်းဆောင်ပြီး ဗြိတိသျှ ဝန်ကြီးချုပ် ဖြစ်ဖို့ အလားအလာရှိသူတွေကို ရွေးချယ် တင်ဆက်ပေးလိုက်ပါတယ်။
ရီရှီဆူးနက်

ဓာတ်ပုံ ရင်းမြစ်, Reuters
ဗြိတိန် ဘဏ္ဍာရေး ၀န်ကြီးဟောင်း ဖြစ်ပြီး ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် အတွက် အလားအလာ ရှိသူအဖြစ် တချိန်က သတ်မှတ်ခံခဲ့ရသူပါ။
ဒါပေမယ့် သူ့ဇနီးသည် သန်းကြွယ် သူဌေးသမီးက အခွန်ရှောင်မှု ပေါ်ပေါက်ခဲ့တာကြောင့် သူ့ဂုဏ်သိက္ခာ ကျဆင်းခဲ့ရပါတယ်။
ဒါ့အပြင် ကိုဗစ် ကာလအတွင်း အသွားအလာ တင်းကျပ်ထားတဲ့ စည်းမျဉ်းတွေ ချိုးဖောက်မှုနဲ့ သူဒဏ်တပ်ခံခဲ့ရသူပါ။
နိုင်ငံရေး အတွေ့အကြုံအရတော့ သူဟာ ၂၀၁၅ ကမှ နော့သ်ရော့ခ်ရှိုင်းယား ဒေသ မှာရှိတဲ့ ရစ်ချ်မန်း လွှတ်တော်နယ်မြေ ကနေ အမတ် အဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရသူဖြစ်ပြီး အစိုးရ အသိုင်းအဝိုင်း ကလွဲလို့ သူ့ကို လူသိနည်းပေမယ့် ၂၀၂၀ ဖေဖော်ဝါရီမှာ ဘဏ္ဍာရေး ၀န်ကြီး ဖြစ်လာခဲ့တာပါ။
သူတာ၀န်ယူခဲ့တဲ့ ကိုဗစ် ကာလအတွင်း ထောက်ပံ့ရေး အစီအစဉ်တွေကြောင့် သူ့အပေါ် လူကြိုက်များခဲ့သူ တယောက် ဖြစ်ပါတယ်။
သူနဲ့ ကျန်းမာရေး ဝန်ကြီးတို့ ဇူလိုင်၅ရက် ညနေက နုတ်ထွက်ခဲ့ပြီးနောက် အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေနဲ့ လွှတ်တော် အမတ် တော်တော်များများ ရာထူးကစွန့်ခွာမှု ဖြစ်ပွားပြီး အဆုံးမှာတော့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ပါတီခေါင်းဆောင်ရာထူးက ဆင်းပေးတော့မယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။
လစ္စ ထရပ်စ်

ဓာတ်ပုံ ရင်းမြစ်, Reuters
ဗြိတိန်မှာ ဘဏ္ဍာရေး ဝန်ကြီးနဲ့ ကျန်းမာရေး ဝန်ကြီးတို့ရဲ့ တပြိုင်တည်း ထူးခြားတဲ့ ရာထူးက နုတ်ထွက်ကြောင်း ကြေညာချက် ထွက်ပေါ်ခဲ့ပြီးနောက် ဘောရစ်ဂျွန်ဆင်ကို ထောက်ခံတယ်လို့ ကြေညာခဲ့သူက လက်ရှိ နိုင်ငံခြားရေးဝန်ကြီး ဖြစ်ပါတယ်။
ဗြိတိန်ရဲ့ ဒုတိယမြောက် အမျိုးသမီး နိုင်ငံခြားရေး ဝန်ကြီးဟာ ရုရှား အစိုးရနဲ့ ပူတင်ကို အထောက်အပံ့ပေးနေတဲ့ ရုရှားသူကြွယ်ကြီးတွေ အပေါ် ပိတ်ဆို့ အရေးယူခဲ့တဲ့အတွက် နာမည်ကောင်းရခဲ့သူလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အီရန် အစိုးရက ၆နှစ်ကြာ ဖမ်းဆီးထားတဲ့ သတင်းထောက် အမျိုးသမီး နာဇက်နင် ဇာဟာရီ ရက်ကလစ် သူ့လက်ထက်မှာ ပြန်လွတ်လာတဲ့ အတွက်လည်း ချီးကျူးခံခဲ့ရသူပါ။
၂၀၁၀ တုန်းက နော့ဖော့ခ် အနောက်တောင်ပိုင်း ရဲ့ အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရတဲ့ မစ္စထရပ်စ်ဟာ သူ့ရဲ့ စီးပွားရေး နဲ့ ကုန်သွယ်ရေးဆိုင်ရာ လွတ်လပ်တဲ့ စျေးကွက်စီးပွားရေး အမြင်တွေကြောင့် သူသိများလာတာ ဖြစ်ပါတယ်။
၂၀၁၅ ကွန်ဆာဗေးတစ်ပါတီ ညီလာခံမှာ ယူကေက ဒိန်ခဲတင်သွင်းမှုနဲ့ ပတ်သက်လို့ အားတက်သရော ပြောကြားခဲ့တဲ့ သူ့ရဲ့မိန့်ခွန်းကြောင့် လှောင်ပြောင်ခံခဲ့ရဖူးပါတယ်။
ဒါပေမယ့် သူဟာ ဘရက်ဇစ် ကာလလွန် နိုင်ငံတကာ ကုန်သွယ်ရေး ဝန်ကြီး ရာထူး အပါအ၀င် အစိုးရ တာ၀န်တော်တော်များများကို ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပြီး ဝန်ကြီးချုပ်နေရာ အတွက် အလားအလာ ရှိသူတယောက် အဖြစ် အများက ရှုမြင်ကြပါတယ်။
ဆာဂျစ်ဂျာဗစ်

ဓာတ်ပုံ ရင်းမြစ်, Reuters
လက်ရှိ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ရာထူးက ဆင်းပေဖို့ အဓိက ကိုင်လှုပ်နိုင်ခဲ့သူ ကတော့ ကျန်းမာရေး ၀န်ကြီးဟောင်း ဖြစ်ပါတယ်။
ဇူလိုင်လ ၅ရက်နေ့မှာ ၀န်ကြီးချုပ်ကို ဆန့်ကျင်ကြောင်း ပြတဲ့ အနေနဲ့ ရာထူးက နုတ်ထွက်ခဲ့သူပါ။
သူနုတ်ထွက်တဲ့ မိန့်ခွန်း ပါလီမန်မှာ ပြောကြားရာမှာ တိုင်းပြည်ကို အုပ်ချုပ်သူဟာ ဂုဏ်သိက္ခာ ရှိဖို့ လိုတယ် ၊ လက်ရှိ ဖြစ်နေတဲ့ ပြသနာတွေဟာ ခေါင်းဆောင်ပိုင်းကနေ စတာသာ ဖြစ်တယ်ဆိုပြီး ဘောရစ်ဂျွန်ဆင်ကို တိုက်ရိုက် ရည်ညွှန်း ပြောဆို ခဲ့တာ ဖြစ်ပါတယ်။
သူဟာ ၂၀၁၉ တုန်းက ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် ရွေးပွဲမှာ ၀င်ပြိုင်ခဲ့ဖူးပြီး နောက်ဆုံးဆန်ကာတင် ၄ ယောက်မှာသူ ပါခဲ့ပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲကနေ ထွက်ပြီး ဘောရစ်ဂျွန်ဆင်ကို သူက ပြန်ထောက်ခံခဲ့ပြီး အဆုံးမှာ ဘောရစ်ဂျွန်ဆင် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့်သူ့ကို ဘဏ္ဍာရေး ဝန်ကြီးရာထူး ပြန်ချီးပေးခဲ့ပေမယ့် သူက ၆လ တာဝန်ယူပြီးနောက် ရာထူးက စွန့်ခွာခဲ့ပါတယ်။ ၂၀၂၁မှာ တခါ ပြန်ပြီး ကျန်းမာရေး ၀န်ကြီး အဖြစ် အစိုးရ အဖွဲ့အတွင်းမှာ ပြန်လည် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
သူတာဝန်ယူခဲ့တဲ့ ကာလအတွင်း တိုင်းပြည်မှာ ငွေကြေးဖောင်းပွနှုန်း မြင့်တက်ကာ အကြွေးတွေ တင်နေတဲ့ ပြသနာကို ထောက်ပြခဲ့သူလည်း ဖြစ်ပါတယ်။
ပါကစ္စတန် ကနေ ဗြိတိန်ကို ရွှေ့ပြောင်း ခိုလှုံလာတဲ့ မိသားစုက ပေါက်ဖွားလာတဲ့ မစ္စတာ ဂျာဗစ်ရဲ့ ဖခင်ဟာ ဘတ်စကား စပယ်ယာ အဖြစ် အသက်မွေးခဲ့သူပါ။
သူဟာ လန်ဒန်က ဘဏ္ဍာရေး လောကမှာ ကျင်လည်ခဲ့ပြီး ၂၀၁၀မှာတော့ တိုရီ ပါတီ အမတ် ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။
မိုက်ကယ်ဂို့ဖ်

ဓာတ်ပုံ ရင်းမြစ်, PA Media
ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင် ၊ ဝန်ကြီးချုပ် ရာထူး တို့အတွက် ၂ ကြိမ်တိုင် ၀င်ပြိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။
ဒါပေမယ့် ၂၀၁၉ မှာတော့ လက်ရှိ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ၊ ကျန်းမာရေး ဝန်ကြီးဟောင်း ဂျရမီဟန့် တို့နောက်က တတိယ နေရာမှာ ကျေနပ်ခဲ့ရသူပါ။
၂၀၁၆ တုန်းက ပါတီ ခေါင်းဆောင် ရွေးပွဲတုန်းကတော့ ၊ အီးယူထဲက ဗြိတိန် ထွက်ရေး လူထုဆန္ဒခံယူပွဲမှာ သူရဲ့ ပြောဆိုချက်တွေကြောင့် သူ့ကို လူသိများစေခဲ့ပါတယ်။
သူ့အပေါ် ထောက်ခံမှုပေးတဲ့ ဘောရစ်ဂျွန်ဆင်ကို ခေါင်းဆောင်မှု ကောင်းကောင်း ပေးနိုင်သူ မဟုတ်ဘူး ၊ အစိုးရအဖွဲ့ ရှေ့လုပ်ရမယ့် တာဝန်တွေကို မချမှတ်နိုင်ဘူးဆိုပြီး ပြောဆိုကာ သူ့ရဲ့ ထောက်ခံမှုကို ရုပ်သိမ်းခဲ့တာကြောင့် ဇူလိုင်လ ၆ ရက်မှာ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က သူ့ကို ရာထူးက ထုတ်ပယ်တာ ခံခဲ့ရပါတယ်။
ဘီဘီစီ သတင်းထောက်ဟောင်းလည်းဖြစ် ၊ တိုင်းမ်စ် သတင်းစာ ဆောင်းပါးရှင်လည်း ဖြစ်တဲ့ မစ္စတာ ဂို့ဖ်ဟာ ၂၀၁၀ တုန်းက ပညာရေး ဝန်ကြီး ၊ အဲဒီနောက် ပါတီ စည်းကမ်း ထိန်းသိမ်းရေး အရာရှိ ၊ သဘာဝ ပတ်၀န်းကျင်ဆိုင်ရာ ဝန်ကြီး စတဲ့ ရာထူး တာဝန်အသီးသီးကို ထမ်းဆောင်ခဲ့တဲ့အစိုးရ အဖွဲ့အတွင်း သက်တမ်း အရှည်ဆုံး ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
နာဒင်း ဇာဟာဝီ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဇူလိုင် ၆ရက် ကမှ ဘဏ္ဍာရေး ၀န်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသူ ဖြစ်ပါတယ်။
ကိုဗစ်ကာလ တလျှောက် ကာကွယ်ဆေး ဆိုင်ရာ ၀န်ကြီး တာ၀န် ထမ်းဆောင်ခဲ့ဖူးပြီး ယူကေက လူထုကာကွယ်ဆေးထိုး အစီအစဉ်ရဲ့ အောင်မြင်မှုကြောင့် သူလည်း နာမည်ကျော်ခဲ့ပါတယ်။
အရေးကြီးတဲ့ တာဝန်မှန်သမျှ ယူခဲ့ရသူ အဖြစ် သူ့ကိုယ်သူ ပြောလေ့ရှိသူ ဖြစ်ပြီး ဇူလိုင် ၅ရက်နေ့က ရစ်ရှီဆူးနက် ရာထူးက ရုတ်တရက် ထွက်သွားတာကြောင့်ကို သူ့ကို အစားထိုး ခံခဲ့ပေမယ့် တာဝန်ယူပြီး ၂၄နာရီ အတွင်းမှာ တခြား ၀န်ကြီးတွေလိုပဲ လက်ရှိ ၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင် နုတ်ထွက်ဖို့ တောင်းဆိုခဲ့သူ ဖြစ်ပါတယ်။
၁၉၆၇ ခုနှစ် အီရတ်နိုင်ငံမှာ မွေးဖွားသူ ဖြစ်ပြီး ဆဒမ်ဟူစိန် သမ္မတ ဖြစ်လာတဲ့အခါ သူနဲ့ သူ့မိသားစုဟာ အီရတ်ကနေ ဗြိတိန်ကို ထွက်ပြေး ခိုလှုံလာတာ ဖြစ်ပါတယ်။
အဲဒီနောက် ဓါတု အင်ဂျင်နီယာ ဘာသာကို လေ့လာပြီး စီးပွားရေး ကုမ္ပဏီတွေ တည်ထောင် အောင်မြင်ခဲ့တဲ့အပြင် YouGov ဆိုတဲ့ အွန်လိုင်းကနေ မဲပေးတဲ့ ကုမ္ပဏီ ထူထောင်ပြီး ကြွယ်၀ ချမ်းသာလာသူ တယောက်လည်း ဖြစ်ပါတယ်။
၂၀၁၀မှာတော့ နိုင်ငံရေး လောကထဲ ၀င်ရောက်ကာ ကွန်ဆာဗေးတစ်ပါတီ အမတ် ဖြစ်လာတာ ဖြစ်ပါတယ်။
ဂျရမီဟန့်ထ်

ဓာတ်ပုံ ရင်းမြစ်, UK Parliment
နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဖြစ်ပြီး အဲဒီရာထူး ရယူထားစဉ် မြန်မာနိုင်ငံကို ၂၀၁၈ စက်တင်ဘာမှာ လာရောက်ခဲ့ဖူးသူ ဖြစ်ပါတယ်။
၂၀၁၉ တုန်းက ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင် ရွေးပွဲမှာ လက်ရှိ ၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ပြီးရင် ဒုတိယ နေရာ ရခဲ့သူပါ။
ကိုဗစ် ကာလတလျှောက်မှာ လွှတ်တော်အတွင်း ကျန်းမာရေး ဆိုင်ရာ ကြားနာရေး ကော်မတီ အကြီးအကဲ တာ၀န်ယူထားရသူ ပီပီ အစိုးရရဲ့ လွဲချော်မှုတွေကို တချိန်လုံး ထောက်ပြခဲ့သူတယောက် ဖြစ်ပါတယ်။
အခု ပါတီခေါင်းဆောင် ရွေးပွဲမှာ သူဝင်ပြိုင်ရင် ပါတီ အဖွဲ့၀င်တွေက သူ့အပေါ် လွန်ခဲ့တဲ့ ၃နှစ်ကနဲ့ မတူတဲ့ အမြင် ရှိလာလိမ့်မယ်လို့ ယူဆရပါတယ်။
ဗြိတိန် အီးယူက ထွက်ရေးကို ဆန့်ကျင်တဲ့ အမြင်ကြောင့် သူ့အပေါ် ထောက်ခံမှု လျော့နည်းခဲ့တဲ့ မစ္စတာ ဟန့်ထ်ဟာ ရေတပ် ဗိုလ်ချုပ်တယောက်ရဲံသားဖြစ်ပြီး ပညာရေး ဆိုင်ရာ Hotcourses Website ထူထောင်ကာ ကျောင်းသားတွေကို ချိတ်ဆက်ပေးရင်း အဲဒီလုပ်ငန်းကနေ ကြွယ်ဝ ချမ်းသာလာခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ ၂၀၀၅မှာ နိုင်ငံရေး လောကထဲကို အနောက်တောင် ဆာရေး အမတ် အဖြစ် ဝင်ရောက်ခဲ့ပြီး ၂၀၁၀မှာ ယဉ်ကျေးမှု ၀န်ကြီး အဲဒီနောက် ကျန်းမာရေး ၀န်ကြီး စတဲ့ ရာထူးတာ၀န် အသီးသီး ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
ဆူအဲလား ဘရာ့ဗာမန်

ဓာတ်ပုံ ရင်းမြစ်, Reuters
ထိပ်တန်း အစိုးရ တရားရေး အရာရှိ လည်းဖြစ် ၊ အစိုးရ ရှေ့နေချုပ် တယောက်လည်း ဖြစ်ပြီး ဘောရစ်ဂျွန်ဆင် ရာထူးကဆင်းမယ်လို့ မကြေညာခင်ကတည်းက ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် ၀င်ပြိုင်ဖို့ ကြေညာခဲ့သူပါ။
သူဟာ ဗြိတိန် အီးယူက ခွဲထွက်ရေး အစဉ်တစိုက် ထောက်ခံခဲ့သူဖြစ်ပြီး မစ္စတာ ဂျွန်ဆင် အတွက် အမြဲတမ်း ရပ်တည်ပေးသူလည်း ဖြစ်ပါတယ်။
အစိုးရဝန်ကြီး အဆင့်မှာ မီးဖွားခွင့်ယူတဲ့ ပထမဆုံး အမျိုးသမီး ဖြစ်ပြီး သူဒီလို ခွင့်ယူနိုင်ဖို့ ဥပဒေ အပြောင်းအလဲ ဖြစ်ခဲ့ရပါတယ်။
ပယ်နီမော်ဒန့်ထ်

ဓာတ်ပုံ ရင်းမြစ်, Reuters
၂၀၁၉ တုန်းက ၀န်ကြီးချုပ်ဟောင်း ဒေးဗစ်ကင်မရွန် လက်ထက်မှာ ကာကွယ်ရေး ဝန်ကြီး အဖြစ် ထမ်းဆောင်ခဲ့တဲ့ ပထမဆုံး အမျိုးသမီး ဖြစ်ပါတယ်။
မျက်လှည့်သမား လက်ထောက် အဖြစ် အသက်မွေးခဲ့ဖူးသူ မစ္စမိုဒန့်ထ် ဟာSplash! ရုပ်မြင်သံကြား အစီအစဉ် တခုကနေ ရံပုံငွေ အများအပြား ရှာဖွေ ပေးနိုင်ခဲ့တာကြောင့် လူသိများခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။
ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်ဟောင်း ဝီလီယံဟိတ်ခ် လက်ထက်မှာ ပြန်ကြားရေး အရာရှိ ၊ ကွန်ဆာဗေးတစ်ပါတီ လူငယ်အဖွဲ့ခေါင်းဆောင်ဟောင်း စတဲ့ တာ၀န်တွေ ယူခဲ့ဖူးတဲ့ မစ္စမိုဒန့်ဟာ ၂၀၁၀မှာ ပို့စမစ်မြောက်ပိုင်း ကနေ အမတ် အဖြစ် ရွေးကောက် တင်မြှောက် ခံခဲ့ရပြီး နိုင်ငံရေး လောကထဲ ရောက်ရှိလာတာ ဖြစ်ပါတယ်။
သူဟာ ကင်စင်တန် နဲ့ ချယ်လ်စီး အရပ်က ကောင်စီ အဖွဲ့တွေရဲ့ သတင်းမီဒီယာ ဆိုင်ရာ အရာရှိ တာ၀န် အပြင် ရေကြောင်းပို့ဆောင်ရေး အဖွဲ့ တာ၀န်တွေ ယူခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
ဘန်ဝေါလေ့စ်

ဓာတ်ပုံ ရင်းမြစ်, PA Media
စစ်သားဟောင်းတယောက်လည်းဖြစ် ၊ ယူကရိန်း စစ်ပွဲ တလျှောက် ကာကွယ်ရေး ၀န်ကြီး တာ၀န်ယူခဲ့သူ ဖြစ်ပြီး စစ်ပွဲအတွင်း ယူကေက ယူကရိန်းကို လက်နက်နဲ့ သင်တန်း ထောက်ပံ့ပေးတဲ့ သူ့ရဲ့ ကနဉီး အစီအစဉ်တွေကြောင့် လူသိများခဲ့သူတယောက်ပါ။
၂၀၁၇ တုန်းက ဘောရစ်ဂျွန်ဆင် ကွန်ဆာဗေးတစ်ခေါင်းဆောင် ဝင်ပြိုင်ရာမှာ ရှုံးနိမ့်ခဲ့တဲ့ ကမ်ပိန်းကို သူက ဉီးဆောင်ခဲ့တာ ဖြစ်ပါတယ်။
သူဟာ ဗြိတိန် အီးယူက ခွဲထွက်ရေးကို ဆန့်ကျင်သူ တယောက် ဖြစ်ပြီး ၂၀၁၉မှာ ကတ်ဘိနက် အဖွဲ့အတွင်း ရာထူးယူခဲ့သူ လည်း ဖြစ်ပါတယ်။
ဂျာမနီ ၊ ဆိုက်ပရပ်စ် ၊ ဘလစ်ဇ် နဲ့ မြောက်ပိုင်း အိုင်ယာလန် တို့မှာ တာ၀န်ထမ်းဆောင်ခဲ့ဖူးပြီး တော်၀င်မင်းသမီး ဒိုင်ယာနာ ပဲရစ်မြို့မှာ ကားတိုက်မှု ဖြစ်ခဲ့စဉ်အတွင်း အလောင်းကို ပြန်သယ်ဖို့ အဓိက တာ၀န်ယူခဲ့တဲ့ တပ်အရာရှိတယောက် ဖြစ်ပါတယ်။
ဇူလိုင် ၆ ရက်နဲ့ ၇ ရက် ပါတီတွင်း လူကြိုက်များမှု စစ်တမ်းမှာ အားလုံးရဲ့ ထိပ်ဆုံးက ရှိနေခဲ့ပေမဲ့ နောက်ဆုံးရသတင်းတွေအရ ပါတီခေါင်းဆောင် ပြိုင်ပွဲကနေ နုတ်ထွက်သွားပြီ ဖြစ်ပါတယ်။ အလေးအနက်ထားစဥ်းစားဆုံးဖြတ်ခဲ့တာဖြစ်ပြီး လက်ရှိ လုပ်ငန်းတာဝန်တွေကို သေသေချာချာ ထမ်းဆောင်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
တွမ်တူးဂန့်ဟတ်ထ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဗြိတိန် အီးယူက ခွဲထွက်ရေး ဆန့်ကျင်သူတယောက် ဖြစ်ပါတယ်။
၂၀၁၅မှာ တွန်ဘရစ် အရပ်က အမတ် အဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရသူ ဖြစ်ပြီး ကွန်ဆာဗေးတစ် ပါတီခေါင်းဆောင် ၀င်ရွေးဖို့ အလားအလာ ရှိသူတယောက် အဖြစ် ပြောဆိုမှုတွေ ရှိနေပါတယ်။
၂၀၂၀ ဇန်နဝါရီ ကတည်းက နိုင်ငံခြားရေးရာ ကော်မတီ အကြီးအကဲ တာ၀န်ယူထားပြီး တရုတ်က ကမ္ဘာမှာ လွှမ်းမိုးလာမှု အရေးကိစ္စအပေါ် သူ့ရဲ့ စစ်ရေးအမြင်တွေကြောင့် လူသိများလာခဲ့သူ ဖြစ်ပါတယ်။
၂၀၁၇ တုန်းကတော့ သူ့ကို ဝန်ကြီးချုပ် ဖြစ်ဖို့ စိတ်ကူးရှိသလားလို့ မေးမြန်းရာမှာ ထီထိုးထားမှတော့ ထီပေါက်ချင်လို့ပေါ့လို့ သူက တုံ့ပြန် ပြောကြားခဲ့ဖူးပါတယ်။
စတိဗ် ဘေကာ

ဓာတ်ပုံ ရင်းမြစ်, UK Parliment
ဗြိတိန် အီးယူက ခွဲထွက်ရေး လှုပ်ရှားမှုခေါင်းဆောင်ခဲ့သူတယောက် ဖြစ်ပြီး သူ့လုပ်ဖော်ကိုင်ဘက်တွေကတော့ သူ့ကို ကွန်ဆာဗေးတစ်ခေါင်းဆောင်ရွေးပွဲ ဝင်ပြိုင်ဖို့ အားပေးခံခဲ့ရသူဖြစ် ပါတယ်။
သူဟာ အရင် ဝန်ကြီးချုပ်ဟောင်း ထရီဇာမေ လက်ထက်မှာ နောက်ကွယ်ကနေ ထိရောက်တဲ့ စည်းရုံးလှုပ်ရှားမှုတွေ လုပ်ဆောင်ပေးခဲ့သူ တယောက်လည်း ဖြစ်ပါတယ်။
တော်၀င် လေတပ်က အင်ဂျင်နီယာ တယောက် ဖြစ်ပြီး ၂၀၁၀မှာ ဟိုင်းဝစ်ကမ်း အရပ်ကနေ အမတ် အဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရကာ နိုင်ငံရေး လောကထဲ ဝင်ရောက်လာသူ ဖြစ်ပါတယ်။








