ဂျပန် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ စျာပနခရီးကို ပြည်သူ သောင်းပေါင်းများစွာ လိုက်ပါ ပို့ဆောင်

ဓာတ်ပုံ ရင်းမြစ်, Reuters
- ရေးသားသူ, ဇူဘိုင်ဒါ အဗ္ဗဒူလ် ဂျလေလ် နှင့်ရူပါ့တ် ဝင်းဖီးလ်ဒ် ဟေးစ်
- ရာထူးတာဝန်, ဘီဘီစီသတင်းဌာန၊ စင်္ကာပူနှင့် တိုကျို
- ရေးသားခဲ့သည်။
ပြီးခဲ့တဲ့ သီတင်းပတ်က လုပ်ကြံခံခဲ့ရတဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေးရဲ့ စျာပနအခမ်းအနားအတွက် သူ့ရုပ်အလောင်း သယ်ဆောင်လာရာ လမ်းတစ်လျှောက်မှာ ဂျပန်ပြည်သူတွေ စီတန်းရောက်ရှိလာခဲ့ပြီး နောက်ဆုံးအကြိမ် အရိုအသေ ပေးခဲ့ကြပါတယ်။
အသက် ၆၇ နှစ်အရွယ် မစ္စတာ အာဘေးဟာ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက နိုင်ငံတောင်ပိုင်း နာရာမြို့က မဲဆွယ်ပွဲတစ်ခုမှာ မိန့်ခွန်းပြောနေစဉ် သေနတ်နဲ့ ပစ်ခတ် လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီကနေ့ အင်္ဂါနေ့မှာ မစ္စတာ အာဘေးရဲ့ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်မယ့် အသုဘခန်းမဆီကို အသုဘယာဉ်နဲ့ တင်ဆောင်လာရာမှာ တိုကျိုမြို့တော်တဝိုက်က လမ်းတွေမှာ စီတန်း စောင့်ဆိုင်းနေကြတဲ့ လူအုပ်ကြီးတွေနဲ့ ပြည့်နှက်နေပါတယ်။
အစောပိုင်းကတော့ ဇိုဂျိုဂျီ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းမှာ မိသားစုဆွေမျိုးတွေနဲ့ သီးသန့် စျာပန အခမ်းအနား ကျင်းပခဲ့ပါတယ်။
ဝမ်းနည်းတဲ့ အထိမ်းအမှတ်အနေနဲ့ တိုကျိုမြို့တစ်ဝိုက်မှာ နိုင်ငံတော် အလံတွေကို တစ်ဝက် လွှင့်ထူထားပြီး စျာပန အခမ်းအနား ကျင်းပရာ ဘုန်းကြီးကျောင်းအပြင်ဘက်မှာ လူတန်းရှည်ကြီးက ရပ်ကွက်နှစ်ခုစာ ရှည်လျားပြီး အတော်များများက လွမ်းသူ့ပန်းခွေတွေ ကိုင်ထားကြတာ တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အသုဘယာဉ်ဟာ မစ္စတာ အာဘေးရဲ့ လစ်ဘရယ် ဒီမိုကရက်တစ် (LDP) ပါတီရုံးချုပ်ရှေ့ကနေ ဖြတ်လာခဲ့အပြီး ဝန်ကြီးချုပ်ရဲ့ အိမ်တော်ဆီကို သွားခဲ့ပါတယ်။ အဲဒီမှာ စောင့်နေကြတဲ့ လက်ရှိဝန်ကြီးချုပ် ဖူမီယို ကီရှီဒါနဲ့ တခြား လွှတ်တော်အမတ်တွေက မော်တော်ယာဉ်ကားတန်းကြီးနဲ့အတူ အသုဘယာဉ်နောက်ကနေ လိုက်ပါ လာခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ ၁၉၉၃ ခုနှစ်မှာ မစ္စတာ အာဘေး ပထမဆုံးအကြိမ် အမတ်အဖြစ် တာဝန်စထမ်းဆောင်ခဲ့တဲ့ ပါလီမန် အဆောက်အဦး ရှေ့ကနေ အသုဘယာဉ် ဖြတ်မောင်းလာခဲ့ပြီး ကီရီဂါယာ အသုဘခန်းမဆီ ရောက်ရှိလာခဲ့ပါတယ်။


မစ္စတာ အာဘေးရဲ့ စျာပန အခမ်းအနားကို မိသားစု ဆွေမျိုးတွေ၊ နီးစပ်တဲ့မိတ်ဆွေတွေနဲ့ပဲ သီးသန့် ကျင်းပဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ မနက်မိုးလင်းကတည်းက ဂျပန်လူထုက တိုကျိုမြို့လယ်မှာ ရှိတဲ့ ဇိုဂျိုဂျီ ဘုန်းကြီးကျောင်း ခန်းမ တစ်ဖက်ခြမ်းက စားပွဲငယ်လေးပေါ်မှာ လွမ်းသူ့ပန်းခွေ၊ ပန်းခြင်းတွေ ချဖို့ ဘုန်းကြီးကျောင်း အပြင်ဘက်မှာ စတန်းစီ စောင့်ဆိုင်းနေကြပါတယ်။
မိုးချုန်း မိုးသည်းထန်ဖို့ ရှိတယ်လို့ မိုးလေဝသ ခန့်မှန်းထားပေမဲ့ စျာပန အခမ်းအနား စတဲ့အချိန်မှာ ဘုန်းကြီးကျောင်း အပြင်ဘက်မှာ လူအုပ်ကြီးက များသထက် များလာခဲ့ပါတယ်။
နေ့လည် ၂ နာရီခွံ အချိန်လောက် ရောက်တဲ့အခါ ဇိုဂျိုဂျီ ဘုန်းကြီးကျောင်းကနေ နာဂါတာချို ရပ်ကွက်မှာ ရှိတဲ့ ပါလီမန် အဆောက်အဦး အထိ လမ်းတစ်လျှောက်မှာ စောင့်ဆိုင်းနေတဲ့ လူတွေ သောင်းနဲ့ချီ ရှိလာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဝန်ကြီးချုပ်ရုံး အပြင်ဘက်နားဆီ အသုဘယာဉ်တန်း ချဉ်းကပ်လာချိန်မှာ လူအုပ်ကြီးအတွင်း အပ်ကျသံတောင် ကြားရလောက်အောင် တိတ်ဆိတ်သွားပြီး ဝေဟင်ပေါ်မှာ ဝဲပျံ သတင်းယူနေတဲ့ ရဟတ်ယာဉ်ရဲ့ အသံ တစ်ခုကိုပဲ ကြားခဲ့ရတယ်လို့ လူအုပ်ကြီးနဲ့အတူ ရှိနေခဲ့တဲ့ ဘီဘီစီသတင်းထောက် ရူပါ့တ် ဝင်းဖီးလ်ဒ်ဟေးစ်က ပြောပြပါတယ်။
အသုဘယာဉ် ရှေ့ခန်းမှာ ခင်ပွန်းသည်ရဲ့ အမည်ကျောက်ပြားကို ကိုင်ဆောင်ရင်း လိုက်ပါလာတဲ့ မစ္စစ် အာဘေးကို လူအုပ်ကြီးက ဦးညွှတ် အရိုအသေပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ သူ့အနောက်က လူတွေက စိတ်မထိန်းနိုင်ပဲ အော်ငိုခဲ့ကြပြီး အဲဒီနောက်မှာတော့ လူတချို့က " အာဘေးဆန် (ချစ်ရတဲ့ အာဘေး)ရေ၊ ကျေးဇူးအများကြီး တင်ပါတယ်" ဆိုပြီး အော်ပြောခဲ့ကြတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပြပါတယ်။ စက္ကန့်အနည်းငယ်အကြာ အသုဘယာဉ် ပျောက်ကွယ်သွားအပြီးမှာ သက်လတ်ပိုင်းအရွယ် အမျိုးသမီး တစ်ဦးက စီးကျလာတဲ့ မျက်ရည်တွေကို လက်ကိုင်ပုဝါနဲ့ သုတ်ရင်း "မစ္စတာ အာဘေးလို့ နိုင်ငံရေးသမားမျိုး နောက်တစ်ယောက် ဘယ်တော့မှ တွေ့ရတော့မှာ မဟုတ်ဘူး" လို့ ပြောပါတယ်။
ရှင်ဇို အာဘေးဟာ ချစ်ခင်သူတွေရှိသလို မနှစ်သက်သူတွေလည်း ရှိခဲ့ပြီး အချေအတင် အငြင်းပွားစရာ ပုဂ္ဂိုလ် ဖြစ်တယ်ဆိုတာကတော့ ငြင်းစရာ မရှိပါဘူး။ ဒုတိယကမ္ဘာစစ် သမိုင်းကြောင်းနဲ့ ပတ်သက်လို့ သူ့ရဲ့ အမြင်သဘောထားတွေကြောင့် မကြာခဏဆိုသလို ပြဿနာ ပေါ်လေ့ ရှိခဲ့ပါတယ်။
ဒါပေမဲ့ ဒီကနေ့ သူ့ကို နောက်ဆုံးအကြိမ် နှုတ်ဆက်စကားဆိုဖို့ ရောက်လာကြတဲ့ ဂျပန်ပြည်သူ လူအုပ်ကြီးအတွက်ကတော့ ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေးကို သူတို့ ချစ်ခင်လေးစားရတဲ့ မစ္စတာ အာဘေး အဖြစ်ပဲ မှတ်ယူထားကြပါတယ်။

မစ္စတာ အာဘေးဟာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက ဂျပန်နိုင်ငံရဲ့သက်တမ်းကာလအကြာဆုံး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သြဇာအညောင်းဆုံး နိုင်ငံရေးသမား တစ်ဦး ဖြစ်ခဲ့ပါတယ်။ သေနတ်နဲ့ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်တာမျိုး မရှိသလောက် ရှားပါးတဲ့ ဂျပန်နိုင်ငံမှာ မစ္စတာ အာဘေး အခုလို ပစ်ခတ်လုပ်ကြံခံရပြီး သေဆုံးခဲ့ရတာအပေါ် အကြီးအကျယ် အံ့သြ တုန်လှုပ်သွားခဲ့ကြပါတယ်။
သူ့ကို လုပ်ကြံခဲ့သူ သေနတ်သမားက မစ္စတာ အာဘေး ပါဝင် ပတ်သက်နေတယ်လို့ သူယူဆထားတဲ့ ဘာသာရေး အဖွဲ့တစ်ဖွဲ့အပေါ် မကျေနပ်တဲ့အတွက် မစ္စတာ အာဘေးကို ပစ်မှတ်ထား လုပ်ကြံ ခဲ့တာလို့ ရဲတွေက ပြောပါတယ်။ ဒါပေမဲ့ သေနတ်သမားရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ နောက်ကွယ်ကနေ ကြိုးကိုင်သူတွေ ရှိခဲ့သလား ဆိုတာကို ဆက်လက် စုံစမ်းဖော်ထုတ်သွားမယ်လို့ ရဲတွေက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ပုဂ္ဂိုလ် ရာပေါင်းများစွာ တက်ရောက်ခဲ့ကြသလို သာမန်ဂျပန်ပြည်သူ ထောင်သောင်းပေါင်း များစွာကလည်း လွမ်းသူ့ပန်းတွေ လာချခဲ့ကြပါတယ်။
မစ္စတာ အာဘေး ရုတ်တရက် ကွယ်လွန်သွားခဲ့တာနဲ့ ပတ်သက်လို့ အကြီးအကျယ် ထိတ်လန့်သွားခဲ့ရတယ် ဆိုတဲ့ အကြောင်း ကမ္ဘာတစ်ဝန်းက နိုင်ငံ့ခေါင်းဆောင်တွေက ထုတ်ဖော်ပြောခဲ့ကြပါတယ်။
ယူကေဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ဒီပစ်ခတ်လုပ်ကြံမှုဟာ စက်ဆုပ်စရာ ကောင်းတဲ့ တိုက်ခိုက်မှု ဖြစ်တယ် ဆိုပြီး ရှုတ်ချ ပြောဆိုခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်ကလည်း ဝန်ကြီးချုပ် ကီရှီဒါကို ဖုန်းနဲ့ ဆက်သွယ်ပြီး သူ့အနေနဲ့ ဝမ်းနည်းကြေကွဲ စိတ်မကောင်းဖြစ်ရသလို အကြီးအကျယ် ဒေါသထွက်မိတယ်လို့ ပြောခဲ့ပြီး ဒီလုပ်ကြံသတ်ဖြတ်မှုဟာ ဂျပန်နိုင်ငံအတွက် ကြေကွဲစရာ ဖြစ်ရပ်ကြီး ဖြစ်တယ်လို့ ဆိုပါတယ်။








